၂၀၂၃ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အားလုံးလိုလား တောင်းတနေကြသည့် ဖယ်ဒရယ်နိုင်ငံသစ်ဆီသို့ သေချာပေါက် လှမ်းနိုင်တော့မယ်လို့အခိုင်အမာ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ ရရှိထားတဲ့အမေရိကန်ဒေါ်လာသန်းတစ်ရာကျော်ကို ပြည်သူ့ခုခံတွန်းလှန်စစ်အတွက် အသုံးစရိတ်အပြင် ပညာရေး၊ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့တွေမှာပါ ခွဲဝေသုံးစွဲတယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၃။ ကရင်နီပူပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးနဲ့ကျည်ဆန်များသိမ်းဆည်းရရှိ
📌 ၄။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပထမအကြိမ်ညီလာခံမှ ကြားကာလတွင် စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအထိအစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ကတိကဝတ်ပြုခဲ့
📌 ၅။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်းထုတ်ပြန်
📌 ၆။ CDF-Tonzang တပ်ဖွဲ့အနေနဲ့ မြို့သိမ်းတိုက်ပွဲအတွက်ပြင်ဆင်နေပြီလို့အသိပေး
📌 ၇။ စစ်ကောင်စီက မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၃) ဦးထိရှိလာ
📌 ၈။ အခန်းပေါင်း ၇၀၀ ကျော်ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်အရောင်းစတင်ဖွင့်လှစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အားလုံးလိုလား တောင်းတနေကြသည့် ဖယ်ဒရယ်နိုင်ငံသစ်ဆီသို့ သေချာပေါက် လှမ်းနိုင်တော့မယ်လို့အခိုင်အမာ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား
အားလုံးလိုလား တောင်းတနေကြသည့် ဖယ်ဒရယ်နိုင်ငံသစ်ဆီသို့ သေချာပေါက် လှမ်းနိုင်တော့မယ်လို့အခိုင်အမာ ယုံကြည်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဇန်နဝါရီလအတွင်းကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"မိမိတို့ အနေဖြင့်စစ်အာဏာရှင်စနစ်ဖြစ်သည့် တော်လှန်ရေးကိုလွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တွန်းလှန်ခဲ့သော်လည်း ယခုနွေဦး တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ဆိုးကိုသော်လည်းကောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများကြား သံသယများနှင့် မယုံကြည်မှုများ အမြင်ကွဲပြားမှုဖြစ်နေခြင်းကိုသော်လည်းကောင်းတစ်ခါတည်း ဖယ်ရှားပြီး အားလုံးလိုလား တောင်းတနေကြသည့် ဖယ်ဒရယ်နိုင်ငံသစ်ဆီသို့ သေချာပေါက် လှမ်းနိုင်တော့မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် မျက်နှာစာမျိုးစုံတွေမှာ အချိန်တွေပေးခဲ့ရ၊ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရကြောင်း၊ ယခုအချိန်တွင် အောင်ပွဲတွေသိသိသာသာရရှိနေပြီဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်မှာ စစ်ရေးအရ အထိနာဆုံးရှုံးလျက်ရှိပြီးတော့ လေကြောင်းပစ်ကူများ အဆမတန်အသုံးပြုလျက်ရှိနေပါတယ်။
========================
📌📌 ၂။ ရရှိထားတဲ့အမေရိကန်ဒေါ်လာသန်းတစ်ရာကျော်ကို ပြည်သူ့ခုခံတွန်းလှန်စစ်အတွက် အသုံးစရိတ်အပြင် ပညာရေး၊ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့တွေမှာပါ ခွဲဝေသုံးစွဲတယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
ဇန်နဝါရီလအတွင်း သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်း ဘဏ္ဍာရေးနဲ့ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အခုလိုပြောဆိုခဲ့ပါတယ်။
"ကျနော်တို့အနေနဲ့ ပြည်သူလူထုက တော်လှန်ရေးအတွက် ထည့်ဝင်ငွေသန်း၁၀၀ရါကျော် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီသန်း၁၀၀ကိုလည်း တော်လှန်ရေးအတွက် အရေးအကြီးဆုံးဆိုတဲ့ လိုအပ်တဲ့ နေရာတွေမှာမဖြစ်မနေသုံးစွဲရတဲ့ကဏ္ဍာကိုသုံးစွဲလျက်ရှိပါတယ်။ပြည်သူ့ခုခံတွန်းလှန်စစ်အတွက်ဘဏ္ဍာရန်ပုံငွေအပြင် ဒါနဲ့ဆက်စပ်တဲ့ NUGရဲ့ ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေတဲ့ပညာသင်ကြားမှုဆိုင်ရာနဲ့ပညာရေးဆိုင်ရာတွေ၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုအကူအညီတွေဒါတွေအားလုံးကိုလည်း ခွဲဝေသုံးစွဲနေပါတယ်"လို့ဆိုပါတယ်။ NUG အစိုးရဟာ အထူးငွေတိုက်စာချုပ်များရောင်းချခြင်းအပါအဝင် EOD ရှယ်ယာများရောင်းချခြင်းနဲ့လည်း တော်လှန်ရေး ဘဏ္ဍာရန်ပုံငွေလည်ပတ်လျက်ရှိပါတယ်။
========================
📌📌 ၃။ ကရင်နီပူပေါင်းတပ်ဖွဲ့များမှာ စစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးနဲ့ကျည်ဆန်များသိမ်းဆည်းရရှိ
ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအနီးရှိမယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအားချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးနဲ့ကျည်ဆန်များသိမ်းဆည်းရရှိခဲ့တယ်လို့ ဇန်နဝါရီ၂၁ရက်မှာ ကရင်နီKNDFက စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။
"ကရင်နီပြည်နယ် ၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) အချိန်မှစ၍ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
နံနက်(၉)နာရီခွဲအချိန်ထိ အပြန်အလှန်ပစ်ခက်မှုများအပြီး ကရင်နီပူပေါင်းတပ်ဖွဲ့များမှစစ်ကောင်စီ၏ မယ်စလောင်းတောင် စခန်းကုန်းအား ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ သေဆုံးနေသော (၅)ဦး၏ ရုပ်အလောင်းများကို ရှင်းလင်းခဲ့ရသလို ကျန်တပ်ဖွဲ့ဝင်များမှာ စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ဖော်ပြပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့သလို ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ၎င်းတို့၏ အဆိုပါစခန်းကုန်းအား မိမိတို့ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များ အသုံးပြုခဲ့သော (၆၀)မမ စိန်ပြောင်း (၂) လက် ၊ RPG (၁) လက် ၊ MA-1 (၁) လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့ပါတယ်။ မယ်စလောင်းတောင်စခန်းကုန်းအား သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် (၁)ဦး မြင့်မြက်စွာ ကျဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပထမအကြိမ်ညီလာခံမှ ကြားကာလတွင် စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအထိအစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ကတိကဝတ်ပြုခဲ့
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ ပထမအကြိမ်ညီလာခံထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပထမအကြိမ်ညီလာခံမှ ကြားကာလတွင် စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေး တိုက်ပွဲများမှာ အစွမ်းကုန်တိုက်ပွဲဝင်သွားမယ်လို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီဝင်၁၁ဦးရဲ့အမည်စာရင်းကိုလည်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ပထမအကြိမ်ညီလာခံကို ဇန်နဝါရီ၁၇ရက်မှ၂၀ရက်အထိ ကျင်းပခဲ့ကြပါတယ်။ KSCC လို့ခေါ်တဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာချက်မှာ ဥက္ကဌများအဖြစ် KNPP တိုင်းရင်းသားနိုင်ငံရးပါတီနဲ့ KNDF တိုင်းရင်းသားကာကွယ်ရးတပ် တို့က ခေါင်းဆာင်များ ပါဝင်ပီး ကိုယ်စားလှယ်များအဖြစ် ကြားကာလဥပဒပြုရေးအဖွဲ့၊ အမျိုးသမီးအစု၊ လူငယ်အစု၊ အရပ်ဖွဲ့အဖွဲ့အစည်း အင်အားစုတွ အားလုံး ပါဝင်ကြတာကို တွေ့ရှိရပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်းထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ဇန်နဝါရီ၂၁ရက်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးကြေညာချက်(၂/၂၀၂၃)ကိုထုတ်ပြန်ခဲ့ပါတယ်။
"ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၃ခုနှစ်အတွင်း တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့များ သန်းခေါင်စာရင်းနှင့် မဲစာရင်းများ ကောက်ခံရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ တရားမ၀င်ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်းနှင့် ဂန့်ဂေါမြို့နယ်တွင်း ပြည်သူများသိရှိနိုင်ရန် အချက်များအား ထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ သန်းခေါင်စာရင်းနှင့်စာရင်း ကောက်ခံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန်၊ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့များ၊ဝန်ထမ်းများက တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုများ ရှိပါက သတင်းပေးတိုင်ကြားရန်တို့ဆိုထားပါတယ်။
========================
📌📌 ၆။ CDF-Tonzang တပ်ဖွဲ့အနေနဲ့ မြို့သိမ်းတိုက်ပွဲအတွက်ပြင်ဆင်နေပြီလို့အသိပေး
ဇန်နဝါရီ ၂၁ ရက်မှာ CDF-Tonzang တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန်က အခုလိုအသိပေးပြောဆိုထားပါတယ်။
"များမကြာမှီတွင် မြန်မာပြည်တစ်ပြည်လုံး၌ မြို့သိမ်းတိုက်ပွဲဆင်နွဲရတော့မှာဖြစ်ပါတယ်။ထိုနည်းတူ CDF-Tonzang တပ်ဖွဲ့အနေနဲ့ လည်း မြို့သိမ်းတိုက်ပွဲအတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။ထိုနည်းတူစွာတွန်းဇံမြို့နယ်၌ မြို့သိမ်းတိုက်ပွဲတွင် မပါဝင်သော နယ်မြေဒေသများအား ချင်းလင့်ဒ်အစိုးရသစ်က နယ်မြေခွဲဝေအုပ်ချုပ်ခွင့်ပေးတော့မည်မဟုတ်ပေ"လို့ဆိုထားပါတယ်။
CDF-Tonzang တပ်ဖွဲ့သည် မဟာမိတ် PDF များနှင့်ပူးပေါင်းကာ မင်းအောင်လှိုင်စစ်တပ်များကို (၃) ကြိမ်တိုင်တိုင်တော်လှန်တိုက်ပွဲဝင်ပြီးဖြစ်ကာမိုင်းဆရာ ကုလားလေး၊ရဲဘော် ထန်နဲအို (ThangNeu) ရဲဘော် ထန်ဒိုးကပ် တို့သည် အမိမြေချင်းလင့်ဒ်နှင့်နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကြပါတယ်။
သို့ဖြစ်ပါ၍ တွန်းဇံမြို့နယ်၊ပြည်နယ်မဲဆန္ဒနယ် (၂) မဏိပူရ်မြစ်အနောက်ဘက်ခြမ်း ဂွီးတဲ/မာလ်း ဒေသတွင် နေထိုင်ကြကုန်သော မိဘပြည်သူများနှင့်လက်နက်ကိုင်အဖွဲ့အစည်းများအနေ နဲ့ ကိုယ်ပိုင်ဒေသ (Region) ကို ရယူလိုပါက CJDC၊ CDF-Tonzang၊CNF များနှင့် လက်တွဲပြီး မင်းအောင်လှိုင်စစ်တပ်ကို ပူးပေါင်း တိုက်ထုတ်ကြပါစို့လို့ဆိုထားပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီက မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၃) ဦးထိရှိလာ
ဇန်နဝါရီ ၂၀ ရက်မှာစစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်စစ်ကောင်စီက မျက်ကွယ်သေဒဏ်ချမှတ်ခြင်းနှင့်ပတ်သက်၍ AAPPကအခုလိုအသိပေးဖော်ပြပါတယ်။ ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၁) ဦးရှိပြီဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင်မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၃) ဦးရှိပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ အခန်းပေါင်း ၇၀၀ ကျော်ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်အရောင်းစတင်ဖွင့်လှစ်
အခန်းပေါင်း ၇၀၀ ကျော်ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်အရောင်းစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင််းဇန်နဝါရီလ၂၁ရက်နေ့မှာ EODကအသိပေးဖော်ပြပါတယ်။
"ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်ရဲ့ အခန်းအမျိုးအစားအလိုက် အရေအတွက်တွေကို ကြေညာအပ်ပါတယ်။Studio ၇၀ ခန်း၊Bedroom ၁၀၀ ခန်း၊Bedroom ၂၄၀ ခန်း၊Bedroom ၃၆၀ ခန်း
ကိုယနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ တွင် အရောင်း စတင် ဖွင့်လှစ်မည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။
တော်လှန်ရေးအတွက် လိုအပ်နေသော ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဝယ်ယူပေးကြပါရန် လေးစားစွာတိုက်တွန်းအပ်ပါတယ်လို့ဖော်ပြထားပါတယ်။ အခန်းများကိုEOD ရဲ့တရားဝင်ဖော်ပြထားသောကိုယ်စားလှယ်များထံမှာဝယ်ယူနိုင်ပြီးတော့ လတ်တလော Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) အခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များထံ စာရင်းပေးသွင်းထားသော အခန်းအရေအတွက် ၃၀၀ ကျော်ရှိထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment