၂၀၂၃ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ E Police Station ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ဖွဲ့စည်း
📌 ၂။ CDM ဝန်ထမ်းများကို လူနေအိမ်၊တိုက်ခန်း၊မြေယာနှင့် အခြားပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ခြင်းနှင့်တူ ပိုင်ဆိုင်မှုမရှိသူများအားမျှဝေပေးခြင်းတို့ CDM မူဝါဒ စာတမ်းတွင်ပါဝင်
📌 ၃။ NUG အစိုးရက လူသားချင်း စာနာမှု အကူအညီများအတွက် ငွေကျပ် (၆၁၆.၇၇) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့
📌 ၄။ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ဘက်ပေါင်းစုံမှ စစ်ကောင်စီကိုအနိုင်တိုက်ထုတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏဆို
📌 ၅။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) တွင်ဖြစ်ပွားသော (၁၅) ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် (၄၇) ဦးခန့် သေဆုံး ခဲ့
📌 ၆။ ကန့်ဘလူမြို့နယ် နက်အင်းကျေးရွာကပျူများကို လက်နက်ကြီးများနဲ့ ကန့်ဘလူစွန်ရဲအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်
📌 ၇။ စစ်ကိုင်းတိုင်း၊ ကသာမြို့၊ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သော လင်မယားနှစ်ဦးကိုPDFများနဲ့ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက ညပိုင်းနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီး
📌 ၈။ ဆိုင်ကယ်ဖြင့်ထွက်လာသော အမှတ် ၃၁၇ အမြောက်တပ်မှစကစတပ်ဖွဲ့ဝင်များကို ရေးYGF ပျောက်ကျားတပ်က လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်၍စကစတပ်က၅ဦးသေဆုံးကာ သေနတ်၃လက် သိမ်းဆည်းရရှိ
📌 ၉။ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ရုံးခွဲအား ဖောက်ခွဲတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ E Police Station ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ဖွဲ့စည်း
E Police Station ကို ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်အမိန့်နဲ့ဖွဲ့စည်းလိုက်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ E Police Station ဖွဲ့စည်းခြင်းကိုအမိန့်ကြေညာစာအမှတ်(၂ /၂၀၂၃)နဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုက်နယ်မြေများတွင် သာမကဘဲ နိုင်ငံတဝှမ်းလုံးရှိ စစ်ကောင်စီက ကျူးလွန်သောရာဇဝတ်မှုများနဲ့ ပြည်သူအချင်းချင်းကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်းတင်ထိန်းသိမ်းခြင်းနှင့်ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရန် ရည်ရွယ်ချက်များနဲ့ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်တွင် E Police Station ကိုဖွဲ့စည်းလိုက်တယ်လို့ဆိုထားပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ်မြေများတွင် ပြည်သူ့တရားရုံးများဖွင့်လှစ်ထားရှိပြီးလည်းဖြစ်ပါတယ်။
========================
📌📌 ၂။ CDM ဝန်ထမ်းများကို လူနေအိမ်၊တိုက်ခန်း၊မြေယာနှင့် အခြားပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ခြင်းနှင့်တူ ပိုင်ဆိုင်မှုမရှိသူများအားမျှဝေပေးခြင်းတို့ CDM မူဝါဒ စာတမ်းတွင်ပါဝင်
CDM ဝန်ထမ်းများကို လူနေအိမ်၊တိုက်ခန်း၊မြေယာနှင့် အခြားပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ခြင်းနှင့်တူ ပိုင်ဆိုင်မှုမရှိသူများအားမျှဝေပေးခြင်းတို့ CDM မူဝါဒ စာတမ်းတွင်ပါဝင်တယ်လို့သတင်းရရှိပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းကို JCC-CDM က ရေးသားပြုစုခဲ့ရာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကဇန်နဝါရီ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းမှာ အပိုင်း ၃ ပိုင်းနဲ့ အခန်း ၅ ခန်းပါဝင်ပြီးအပိုင်း ၁ မှာ မူဝါဒရဲ့ အကျိုးသက်ရောက်မှု၊ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ရည်ရွယ်ချက်နဲ့ CDM နိုင်ငံ့သားကောင်းများကို အခန်း ၁ နဲ့ ၂ ခွဲပြီး ဖော်ပြထားပါတယ်။ အပိုင်း ၂ အတွက် CDM နိုင်ငံ့ဝန်ထမ်းများနဲ့ စပ်လျဉ်းတဲ့ မူဝါဒများကို အခန်း ၃ နဲ့ ၄ အဖြစ် ဖော်ပြထားသလို အပိုင်း ၃ မှာ အထွေထွေဖော်ပြထားပါတယ်။
မူဝါဒအတည်ပြုသည့်နေ့မှစ၍ CDMနိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်းဖက် စစ်အုပ်စုကချမှတ်ထားသော ပြစ်ဒဏ်များအားလုံး အလိုအလျောက် ပျက်ပြယ်စေရမယ်လို့လည်း ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ NUG အစိုးရက လူသားချင်း စာနာမှု အကူအညီများအတွက် ငွေကျပ် (၆၁၆.၇၇) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့
NUG အစိုးရက လူသားချင်း စာနာမှု အကူအညီများ အတွက် ငွေကျပ် (၆၁၆.၇၇) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။
"အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် လူသားချင်း စာနာမှု အကူအညီများ အတွက် ငွေကျပ် (၆၁၆.၇၇) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ဒီဇင်ဘာလအတွင်း အပူချိန်ကျဆင်းလာပြီး အေးလာသဖြင့် စစ်ဘေးရှောင် ပြည်သူများအတွက် အနွေးထည်နှင့် စောင် ထောက်ပံ့မှုများကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် လမ်းဖောက်ရန်အတွက် ထောက်ပံ့မှု၊ စစ်ကောင်စီတပ်များကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် ယာယီခိုလှုံနေထိုင်နိုင်သည့် နေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း စီမံချက်နှင့် ကျောင်းများတွင် ယာယီဗုံးခိုကျင်း တည်ဆောက်ရေး စီမံချက်တို့ကိုလည်း ဆက်လက် အကောင်အထည်ဖော်ဆောင်လျက်ရှိတယ်လို့လည်းသတင်းရရှိပါတယ်။
========================
📌📌 ၄။ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ဘက်ပေါင်းစုံမှ စစ်ကောင်စီကိုအနိုင်တိုက်ထုတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏဆို
နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ဘက်ပေါင်းစုံမှ စစ်ကောင်စီကိုအနိုင်တိုက်ထုတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏကဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့ရေးအဖွဲ့များတွေ့ဆုံပွဲမှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနိုင်သုဝဏ္ဏကပြောပါတယ်။
"ယခုနှစ်သည် အင်မတန်အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မြေပြင်အုပ်ချုပ်ရေးဖော်ဆောင်မှုသည် အရေးကြီးပြီး အချင်းချင်းချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဖော်ဆောင်မှုအပြင် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ဘက်ပေါင်းစုံမှ စစ်ကောင်စီကိုအနိုင်တိုက်ထုတ်ရမည်ဖြစ်ကြောင်း"လို့ ဆိုပါတယ်။ ထို့နောက် တမူးခရိုင်နှင့် ဂန့်ဂေါခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ လူသားစာနာ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) တွင်ဖြစ်ပွားသော (၁၅) ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် (၄၇) ဦးခန့် သေဆုံး ခဲ့
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) တွင်ဖြစ်ပွားသော (၁၅) ရက်တာတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီဘက်က ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် (၄၇) ဦးခန့် သေဆုံး ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ရေးသတင်းကို ကေအဲန်ယူကထုတ်ပြန်ပါတယ်။
"ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃) နယ်မြေများအတွင်းတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေမှ (၁၅) ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များအကြား မြေပြင်တိုက်ပွဲပေါင်း (၅၅) ကြိမ်ဖြစ်ပွားခဲ့သည့်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း (၁၄) ကြိမ်ခန့်ပြုလုပ်ခဲ့တယ်"လို့ဖော်ပြပါတယ်။
ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ဒု−တပ်ရင်းမှူး (၁) ဦး အပါအဝင် (၄၇) ဦးခန့် သေဆုံး ခဲ့ပြီး (၁၉) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အတည်မပြုနိုင်သော ထိခိုက်သေဆုံးမှုများလည်း ရှိနေသေးတယ်လို့ဆိုပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၂) ဦး အသက်ပေးလှူခဲ့ရပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထို (၁၅) ရက်တာတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၈)၊ တပ်ရင်း (၉)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့ များမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအသုံးပြုသော စစ်ကား (၂၁) စီးအားလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ ကန့်ဘလူမြို့နယ် နက်အင်းကျေးရွာကပျူများကို လက်နက်ကြီးများနဲ့ ကန့်ဘလူစွန်ရဲအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် နက်အင်းကျေးရွာကပျူများကို လက်နက်ကြီးများနဲ့ ကန့်ဘလူစွန်ရဲအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ စစ်ရေးသတင်းကို ကန့်ဘလူစွန်ရဲအဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ ၁၉ ရက် ည၉နာရီမှ ၁၁ နာရီ အချိန်ထိ ကန့်ဘလူမြို့နယ် နက်အင်းပျူကျေးရွာကို ငှက်ပြောဖူးများ လက်ဆောင်ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။ ပျူများအလှူလုပ်ရန်ပြင်ဆင်နေချိန် ပစ်ခတ်တိုက်ခ်ုက်ခဲ့တာလို့ဆိုထားပါတယ်။ လတ်တလောမှာထိခိုက်ပျက်စီးမှုများအား အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း၊ ကသာမြို့၊ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သော လင်မယားနှစ်ဦးကိုPDFများနဲ့ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက ညပိုင်းနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ကသာမြို့၊ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သော လင်မယားနှစ်ဦးကိုPDFများနဲ့ဆက်သွယ်သည်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုက ညပိုင်းနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPP ကဖော်ပြအသိပေးပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့၊ အမှတ် ၅ ရပ်ကွက်တွင် နေထိုင်သော ဦးဇော်မင်းထွန်း (ခ) ဘူးသီးနှင့် ဇနီးဖြစ်သူ ဒေါ်ဇင်ဇင်ခိုင်တို့နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် ဆက်သွယ် သည်ဟုစွပ်စွဲပြီး အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းအချိန်၌ ၎င်းတို့၏နေအိမ်အတွင်းကို ဝင်ရောက်၍ ဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၆၁၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၁၅၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၈။ ဆိုင်ကယ်ဖြင့်ထွက်လာသော အမှတ် ၃၁၇ အမြောက်တပ်မှစကစတပ်ဖွဲ့ဝင်များကို ရေးYGF ပျောက်ကျားတပ်က လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်၍စကစတပ်က၅ဦးသေဆုံးကာ သေနတ်၃လက် သိမ်းဆည်းရရှိ
မွန်ပြည်နယ် ရေးမြို့ မှဆိုင်ကယ်ဖြင့်ထွက်လာသော အမှတ် ၃၁၇ အမြောက်တပ်မှစကစတပ်ဖွဲ့ဝင်များကို ရေးYGF ပျောက်ကျားတပ်က လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေး YGF ပျောက်ကျားတပ်က ဗိုလ်ကျန်ရစ်ကဆိုထားပါတယ်။
"နှစ်သစ်လက်ဆောင် (အမတ ၃၁၇ )ကြိုက်လား ကြိုက်လား။ (အမတ ၃၁၇ ) ၅ ကောင်သေ လက်စားချေလိုက်ပြီ"လို့ဆိုပါတယ်။ ရေးမြို့နယ်မှာ စကစတပ်နဲ့ရဲများ မကြာခဏအထိနာ ကျဆုံးလျက်ရှိပြီးလက်နက်များပါ သိမ်းဆည်းခံရမှုတို့ရှိပါတယ်။
========================
📌📌 ၉။ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ရုံးခွဲအား ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ရုံးခွဲအား အဝေးထိန်းမိုင်း၊လက်ပစ်ဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၂၀ ရက်မွန်းလွဲပိုင်း (၁:၄၁) အချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Dark Shadow(UG) အဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဇန်နဝါရီလ (၂၀) ရက်နေ့၊ ၁နာရီ၄၁အချိန်တွင် Dark Shadow(UG) အဖွဲ့မှ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ကို လက်ပစ်ဗုံး၊ မြန်မာနိူင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်ဆဲရေးရုံး၊ငြိမ်းချမ်းရေး စင်တာ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ရုံးခွဲအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဋ္ဌာန (NRPC) ကို လက်ပစ်ဗုံး (၂) လုံးဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အား အဝေးထိန်းမိုင်းဖြင့် ဆက်လက်ဖောက်ခွဲရန် ပြုလုပ်ချိန်တွင် စကစတပ်များက ပြန်လည် ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိခိုက်မှုတစ်စုံတစ်ရာ မသိရသေးဘူးလို့ဖော်ပြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment