၂၀၂၃ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတာရက်ဆီကိုပေးပို့
📌 ၃။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊နတ်မဟုတ်ကြီးကျေးရွာအတွင်း ဒေသခံ (၈) ဦး အစုလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
📌 ၄။ အကြမ်းဖက် စစ်တပ် ထုတ်ကုန်တွေ ကိုဝယ်မသုံးဖို့နဲ့ ဝင်ငွေများအဖြစ် မစီးဆင်းဖို့ လူထုကို တိုက်တွန်း
📌 ၅။ ဘယ်အဖွဲ့၊ ဘယ်ကျောင်းကို မှ favor မပေးဘဲလုပ်ဆောင်နေတာဖြစ်လို့ မကျေနပ်မှုနဲ့ တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ပညာရေးဒုဝန်ကြီးအသိပေး
📌 ၆။ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်စာရင်းကို NUG ထုတ်ပြန်
📌 ၇။ Radio NUG ကိုအာဆီယံနိူင်ငံများနဲ့ ပြည်ပနိုင်ငံများကပါ နားဆင်နိုင်ပြီး နားထောင်တဲ့ နိုင်ငံခြားသားများအား ကျေးဇူးတင်ရှိကြောင်း အီးမေးလ်ပေးပို့
📌 ၈။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်ကား ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာနိုင်ငံတစ်ချို့မှစပြဖို့ပြင်ဆင်နေ
📌 ၉။ အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်းသို့ M ၇၉ ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်
📌 ၁၀။ အင်းတော်မြို့နယ် ပညာရေးမှူးရုံးနားရှိ စစ်ဆေးရေးဂိတ်သို့လာသော ရဲကားတစ်စီးအား ပျောက်ကြားအဖွဲ့စည်းတစ်ခုမှမိုင်းဆွဲရာ ရဲ ၄ ဦးထိခိုက်၍ ၁ ဦးမှာ သေဆုံးနိုင်
📌 ၁၁။ တောင်စွန်းတိုက်ပွဲမှာ S.O.F တပ်ဖွဲ့ဝင် ရဲဘော် (၆) ဦးကျဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁/၂၀၂၃) ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှပြောကြားရာတွင်-
" တော်လှန်ရေးသည် အရှိန်အဟုန်မြင့်ရန် ပြင်ဆင်လျက် ရှိကြောင်း၊ ယခုဆွေးနွေးပွဲများ၌ မြေပြင်က ဆွေးနွေးချက်များသည် အဓိကကျကြောင်း၊ မြေပြင်အခြေအနေမှန်များကို သိရှိမှသာ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြေပြင်၌လည်းစီမံခန့်ခွဲမှုများသည်အရေးကြီးလာသကဲ့သို့ NUGအစိုးရအနေနဲ့ ရှေ့လျှောက်လုပ် ဆောင်မှုများပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားမှသာ တော်လှန်ရေးကို ခိုင်ခိုင်မာမာဖြင့်ရှေ့ဆက်လျှောက်လှမ်းနိုင်မည်ဖြစ်၍ အားလုံးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်"တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဌာန၏ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတာရက်ဆီကိုပေးပို့
အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေကို သံအမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တိုနီယို ဂူတာရက်ဆီကိုပေးပို့ခဲ့ပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ပေးပို့လိုက်တာဖြစ်ပြီးတော့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥက္ကဌ မစ္စတာချာဘာကုရရှီ ဆီကိုလည်းအလားတူပေးပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ ပြစ်မှုအချက်အလက်တွေကို အကျယ်တဝင့်ဖော်ပြကာ ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရာဇဝတ် မှုကျူးလွန်တဲ့ စစ်တပ်ရဲ့အကြောင်းအရာတွေကို မှတ်တမ်းပေးပို့ရာမှာ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် အကျဥ်းထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတွေပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေလည်းပါဝင်ပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊နတ်မဟုတ်ကြီးကျေးရွာအတွင်း ဒေသခံ (၈) ဦး အစုလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊နတ်မဟုတ်ကြီးကျေးရွာအတွင်း ဒေသခံ (၈) ဦး အစုလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"နိုဝင်ဘာလ(၂၇) ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် တပ်မ (၈၈)လက်အောက်ခံ ၊ခမရ (၃၀၁)မှ စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုကြောင့် အသက် (၆၈)နှစ်အရွယ် အဘိုးအို တစ်ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၈)ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ သတ်ဖြတ်ခံခဲ့ရသည့် အလောင်း အားလုံးက်ို ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ရပြီး အလောင်း (၂) လောင်းအား ဦးခေါင်းဖြတ် သတ်ဖြတ်ခံရသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရတယ်"လို့ထုတ်ပြန်ပါတယ်။
ကျန် အလောင်းများအားလုံးတွင်လည်းဦးခေါင်းပိုင်း ဒဏ်ရာ ရနေမှုအခြေအနေ၊ ဦးနှောက်ထွက်နေမှုအခြေအနေများဖြင့် ပြန်လည်တွေ့ရှိခဲ့သဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ပြည်သူအား ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရတယ်လို့ဖော်ပြပါတယ်။ ဖြစ်စဥ်တွင် ကျူးလွန်သူမှာ အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ၈၈လက်အောက်ခံ ခမရ၃၀၁ ဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်တပ် ထုတ်ကုန်တွေ ကိုဝယ်မသုံးဖို့နဲ့ ဝင်ငွေများအဖြစ် မစီးဆင်းဖို့ လူထုကို တိုက်တွန်း
အကြမ်းဖက် စစ်တပ် ထုတ်ကုန်တွေ ကိုဝယ်မသုံးဖို့နဲ့ ဝင်ငွေများအဖြစ် မစီးဆင်းဖို့ လူထုကို ဒုဝန်ကြီး မော်ထွန်းအောင်ကတိုက်တွန်းလိုက်ပါတယ်။ ဇန်နဝါရီလအတွင်း လူမှုကွန်ရက်မှာ ဒုဝန်ကြီး မော်ထွန်းအောင်ကတိုက်တွန်းဆိုလိုက်ပါတယ်။
"ကိုယ့်ဝင်ငွေ တစ်ပြားမှ စစ်တပ်ဆီ မရောက်ရ"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ကော်ပိုရေးရှင်းတို့မှ အရက်၊ ဘီယာ၊ စိးကရက် စတဲ့လူသုံးကုန်များကို စီးဆင်းရောင်းဝယ်ဖောက်ကားကာ အကျိုးအမြတ်များ ခွဲဝေနေခြင်းဖြစ်ပါတယ်။လက်ရှိမှာ မြန်မာဘီယာ၊ မိုင်တဲ ဖုန်းလ်ဘေလ်နဲ့ ဆင်းကတ် စတဲ့ ထုတ်ကုန်များကို သပိတ်မှောက်ဖို့လူထုကိုနှိုးဆော်ထားပါတယ်။
========================
📌📌 ၅။ ဘယ်အဖွဲ့၊ ဘယ်ကျောင်းကို မှ favor မပေးဘဲလုပ်ဆောင်နေတာဖြစ်လို့ မကျေနပ်မှုနဲ့ တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ပညာရေးဒုဝန်ကြီးအသိပေး
ဘယ်အဖွဲ့၊ ဘယ်ကျောင်းကို မှ favor မပေးဘဲလုပ်ဆောင်နေတာဖြစ်လို့ မကျေနပ်မှုနဲ့ တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေးဆိုပါတယ်။ ဇန်နဝါရီလအတွင်းမှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်ကဆိုပါတယ်။
"ဘယ်အဖွဲ့၊ ဘယ်ကျောင်းကို မှ favor မပေးဘဲလုပ်ဆောင်နေတာဖြစ်လို့ ဒီအပေါ်မှာ မကျေနပ်လို့ တိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်စေ မိမိတို့အနေနဲ့တော့ ဒိုင်လူကြီးနေရာကနေပဲနေရမှာဖြစ်ပြီး၊ ပြည်သူလူထု နဲ့ တရားဥပဒေ မျက်နှာကိုပဲကြည့်ပြီးဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ အွန်လိုင်းစာသင်ကျောင်းအချို့ရဲ့ ငွေရေးကြေးရေး အရှုပ်အရှင်းများအပါအဝင် လူမှုရေး ပြသာနာများဖြေရှင်းရာတွင် NUG ပညာရေးဝန်ကြီးဌာနကို စွပ်စွဲရေးသားမှုတချို့တို့ရှိခဲ့ပါတယ်။
========================
📌📌 ၆။ တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်စာရင်းကို NUG ထုတ်ပြန်
တော်လှန်ရေး ကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်စာရင်းကို NUG ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ NUG အမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အချက်အလက်များကိုဖော်ပြပါတယ်။
ဒီဇင်ဘာ ၃၁ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်းသေဆုံးသူ ၃၁၆၁ ဦးတွင် အမျိုးသမီး ၄၁၄ ဦးပါဝင်ကာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ အများဆုံးသေဆုံးခဲ့ကြရပါတယ်။ အလားတူ သေဆုံးသူလူငယ် ၁၀၅၉ ဦးရှိပြီးတော့၄င်းတို့ထဲမှ ၁၀၂၆ ဦးမှာ အမျိုးသားလူငယ်များဖြစ်ကြပါတယ်။ ကလေးငယ်သေဆုံးမှုတွင်၂၆၅ ဦးရှိပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာအများဆုံးပါဝင်ပါတယ်။
========================
📌📌 ၇။ Radio NUG ကိုအာဆီယံနိူင်ငံများနဲ့ ပြည်ပနိုင်ငံများကပါ နားဆင်နိုင်ပြီး နားထောင်တဲ့ နိုင်ငံခြားသားများအား ကျေးဇူးတင်ရှိကြောင်း အီးမေးလ်ပေးပို့
Radio NUG ကိုအာဆီယံနိူင်ငံများနဲ့ ပြည်ပနိုင်ငံများကပါ နားဆင်နိုင်ပြီး နားထောင်တဲ့ နိုင်ငံခြားသားများအား ကျေးဇူးတင်ရှိကြောင်း အီးမေးလ်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ Radio NUG တာဝန်ခံက အသံဖမ်းယူရရှိတဲ့နေရာများကိုအတည်ပြုဆိုခဲ့ပါတယ်။
"ကိုရီးယား၊ဂျပန်၊ အိန္ဒိယနဲ့ ရုရှားထိပါ ဖမ်းယူရရှိပါတယ်။ နားဆင်တဲ့သူတွေက Englishလို Radio NUG ကို မေးလ်ပို့တယ်။ သူတို့နားဆင်တယ်ပေါ့။ဒါကို ကျေးဇူးတင်ရှိကြောင်းမေးလ် ပြန်ခဲ့ပါတယ်"လို့ဆိုပါတယ်။
Radio NUG ရဲ့လေလှိုင်းထုတ်လွှင့်မှုများကို နေ့စဥ် မနက်ပိုင်းမှာတစ်ကြိမ်၊ ညပိုင်းမှာတစ်ကြိမ် နားသောတ ဆင်နိုင်ပြီး NUG အစိုးရ လှုပ်ရှားမှုသတင်းများနဲ့တော်လှန်ရေးသတင်များ၊ CDM များစကားသံ စသည်တို့ကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ Radio NUG ရဲ့ လတ်တလော အသံထုတ်လွှင့်ချက်နဲ့သတင်းများကို အကြမ်းဖက် စစ်အုပ်စုကပါ ၄င်းတို့ တာဝန်ပေးသူများအား နားဆင်စေပြီး အစီရင်ခံခိုင်းမှုတို့ရှိကြောင်းလည်း သိရှိရပါတယ်။
========================
📌📌 ၈။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်ကား ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာနိုင်ငံတစ်ချို့မှစပြဖို့ပြင်ဆင်နေ
ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်ကား ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာနိုင်ငံတစ်ချို့မှစပြဖို့ပြင်ဆင်နေတယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ မိုးခါးရေရုပ်ရှင်ပြသရေးကော်မတီက အသိပေးဖော်ပြထားပါတယ်။
"မေးတဲ့သူတွေကလည်းတစ်မေးတည်း မေးနေကြပြီ။ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာနိုင်ငံတစ်ချို့မှ စပြဖို့ပြင်ဆင်နေပြီဆိုတာရယ်ပြသချိန် ၁နာရီ ၄၅ မိနစ်ကြာတယ်ဆိုတာလောက်ဘဲသိပါသေးတယ်။ဒီPageကို"ရောင်နီလာရာလမ်း" Pageအဖြစ်အမည်ပြောင်းပြီးအသေးစိတ်
အချက်အလက်တွေထပ်တင်ပေးပါမယ်"လို့ဆိုပါတယ်။ ယခင် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကိုCDMဗိုလ်ကြီးတစ်ဦးအား အခြေ ခံ၍ တော်လှန်ရေးနယ်မြေမှ ရဲဘော်များနဲ့ရိုက်ကူးပြသခဲ့ပြီး နိုင်ငံတကာမှာ ရုံတင်ပြသရာပရိသတ်ကြိုက်နှစ်သက်မှုအထူးရရှိခဲ့ပါတယ်။
========================
📌📌 ၉။ အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်းသို့ M ၇၉ ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်
အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်းသို့ M ၇၉ ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၇ ရက် မနက် ၅ နာရီ ၅ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ် နှင့် အင်းစိန်မြို့နယ်ကြား ဂျပန်လမ်း (သီရိမင်္ဂလာလမ်း) ပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းကိုတိုက်ခိုက်ခဲ့တာလို့ FEAR NO EVIL အဖွဲ့ကအတည်ပြုဆိုပါတယ်။
"ကျွန်ုပ်တို့ FEAR NO EVIL အဖွဲ့သည် အဆပလ (ACPLF) အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၅ နာရီ ၅ မိနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ် နှင့် အင်းစိန်မြို့နယ်ကြား ဂျပန်လမ်း (သီရိမင်္ဂလာလမ်း) ပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်းသို့ M ၇၉ ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကို လတ်တလောစုံစမ်းနေဆဲ ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ အင်းတော်မြို့နယ် ပညာရေးမှူးရုံးနားရှိ စစ်ဆေးရေးဂိတ်သို့လာသော ရဲကားတစ်စီးအား ပျောက်ကြားအဖွဲ့စည်းတစ်ခုမှမိုင်းဆွဲရာ ရဲ ၄ ဦးထိခိုက်၍ ၁ ဦးမှာ သေဆုံးနိုင်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပညာရေးမှူးရုံးနားရှိ စစ်ဆေးရေးဂိတ်သို့လာသော ရဲကားတစ်စီးအား ပျောက်ကြားအဖွဲ့စည်းတစ်ခုမှမိုင်းဆွဲရာ ရဲ ၄ ဦးထိခိုက်၍ ၁ ဦးမှာ သေဆုံးနိုင်တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၇ ရက် မနက် ၇ နာရီအချိန်ခန့်တွင် ပညာရေးမှူးရုံးနားရှိစစ်ဆေးရေးဂိတ်သို့လာသောရဲကားတစ်စီးမိုင်းထိခဲ့တယ်လို့ အင်းတော် IR Team ကအသိပေးဆိုပါတယ်။
"ယနေ့မနက် ၇ နာရီအချိန်ခန့်တွင် ပညာရေးမှူးရုံးနားရှိ ရဲစစ်ဆေးရေးဂိတ်သို့လာသော ရဲကားတစ်စီးအား ပျောက်ကြားအဖွဲ့စည်းတစ်ခုမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် ရဲဦး၄ ထိခိုက်ခဲ့ပြီး ၁ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး စစ်တပ်များ ရိက္ခာကုန်းအဖြစ်နေရာယူထားသည့် ဂျပန်မြေအောက်ဆေးရုံဟောင်း(World War II Cave)တွင် ဆေးကုသမှုခံယူနေပါတယ်"လို့ဖော်ပြပါတယ်။
ပျက်စီးသွားတဲ့ကားကိုတော့ သစ်တောရုံးဝန်းထဲတွင် ရပ်ထားကြောင်း သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စကစတပ်နဲ့ရဲများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လာသမျှကား၊ဆိုင်ကယ်တွေကိုလည်း တားဆီးကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၁၁။ တောင်စွန်းတိုက်ပွဲမှာ S.O.F တပ်ဖွဲ့ဝင် ရဲဘော် (၆) ဦးကျဆုံးခဲ့
ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့နယ် ၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီမှကျူးကျော်တပ်စွဲထားသော ရန်သူ့စခန်းကုန်းအားတိုက်ခိုက်ရာမှာS.O.F တပ်ဖွဲ့ဝင် ရဲဘော် (၆) ဦးကျဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ကအသိပေးဆိုပါတယ်။
KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့နယ် ၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီမှကျူးကျော်တပ်စွဲထားသော ရန်သူ့စခန်းကုန်းအား KNLA တပ်ရင်း ၁၆ မှတပ်ဖွဲ့ဝင်များ၊ တပ်မှုး ဗိုလ်အောင်စံရှားကိုယ်တိုင်ဦးဆောင်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နှင့် ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion battalion စစ်ကြောင်းတို့ပူးပေါင်း၍ ဇန်နဝါရီ ၁ ရက်နေ့၊ နံနက် (၄း၄၅) နာရီမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ငါးရက်ဆက်တိုက်ကြာမြင့်ခဲ့ပြီး နေ့ရောညပါ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူဘက်မှ လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ နှင့် ခြေလျင်စစ်ကူများဖြင့် အလုံးအရင်း တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများမှ ငါးရက်ကြာသည်အထိ ရန်သူစကစများအား ပိတ်ဆို့တားဆီးကာ ပြင်းပြင်းထန်ထန် ချေမှူန်းထားနိုင်ခဲ့ပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများ၊ ဒရုန်းဗုံးသီးများ၊ စနိုက်ပါမျ နှင့် ချေမှူန်းရေးအဖွဲ့များ၏ တိုက်ခိုက်မှူကြောင့် ရန်သူဘက်မှ ၈၀ ဦးခန့်အထိ အတုံးအရုန်း ကျဆုံးခဲ့ပြီး တစ်ရာကျော် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုများမှ S.O.F တပ်ဖွဲ့ဝင် ရဲဘော် (၆) ဦး၊ ပူးပေါင်းအဖွဲ့များမှ ရဲဘော် ၃ ဦး စုစုပေါင်း ၉ ဦး နိုင်ငံနှင့်ပြည်သူအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ဖော်ပြပါတယ်။ ကျဆုံးရဲဘော်များ၏ ရုပ်အလောင်းများအား ပြန်လည်သယ်ယူခဲ့ပြီး အမိန့်ပြန်၍ ကောင်းမွန်စွာသဂြိုလ်ပေးခဲ့ကြောင်း ရဲဘော်မိသားစုဝင်များနှင့် ပြည်သူများအား လေးစားစွာ အသိပေးအပ်ပါတယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment