၂၀၂၃ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဘုံရန်သူကိုသာ အမြစ်ပြတ်တိုက်ထုတ်နိုင်ရင် အားလုံးလိုလားတောင့်တနေတဲ့ ပြည်ထောင်စုအစစ်အမှန်ကို တည်ထောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ NUG အစိုးရက လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၅၀၇.၁၅) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့
📌 ၃။ မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတချို့ဟာ စစ်အုပ်စုရဲ့ ရေနံစီမံကိန်းတွေမှာ ဆက်လက်လုပ်ကိုင်နေတယ်လို့ ထုတ်ပြန်
📌 ၄။ NUG ပညာရေးဝန်ကြီးဌာနက ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုမယ်
📌 ၅။ ထိုင်းနိုင်ငံထဲမှာ ထောက်ပို့ တပ်ဖွဲ့ဝင်ကတ်အတုတွေ ထွက်ပေါ်နေတယ်လို့ သတိပေး
📌 ၆။ မုံရွာမြို့နယ် လ.ဝ.က ရုံးကို ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့
📌 ၇။ Click2donate ကို ပြန်တွန်းပေးကြဖို့ တိုက်တွန်း
📌 ၈။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးနေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်း မတ်လအတွက် ကြိုတင်အမှာများကောက်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဘုံရန်သူကိုသာ အမြစ်ပြတ်တိုက်ထုတ်နိုင်ရင် အားလုံးလိုလားတောင့်တနေတဲ့ ပြည်ထောင်စုအစစ်အမှန်ကို တည်ထောင်နိုင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဖေဖော်ဝါရီလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုဆိုလိုက်ပါတယ်။
''တိုင်းပြည်ရဲ့ ဘုံရန်သူအစစ်အမှန်က ဘယ်သူဖြစ်တယ်ဆိုတာ ကောင်းကောင်း သိရှိနားလည်နေကြပြီဖြစ်ပြီး ဒီဘုံရန်သူကိုသာ အမြစ်ပြတ်တိုက်ထုတ်နိုင်ရင် အားလုံး လိုလားတောင့်တနေတဲ့ ပြည်ထောင်စုအစစ်အမှန်ကို တည်ထောင်နိုင်မယ်လို့ အကြွင်းမဲ့ယုံကြည်ပါတယ်'' လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်ကောင်စီကို တော်လှန်ရာမှာ KNU နဲ့ KIA အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ NUG အစိုးရက လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၅၀၇.၁၅) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့
လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၅၀၇.၁၅) သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် လူသားချင်း စာနာမှု အကူအညီများအတွက် ငွေကျပ် (၅၀၇.၁၅) သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့တယ်" လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့် လေဒဏ်၊ နှင်းဒဏ် ခံစားနေရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် မိုးကာများ၊ အနွေးထည်နှင့် စောင်များအား ပံ့ပိုးပေးခဲ့ပြီး၊ အကြမ်းဖက်စစ်တပ်ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများတွင် နေအိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရန် ဝန်ကြီးဌာနဘက်မှ စီမံဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။
"CDM များရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီစဉ်မှ ရရှိလာသော ရန်ပုံငွေဖြင့် ဇန်နဝါရီလအထိ မြေပြင်ကျောင်းပေါင်း (၇၀၀) ကျော်အတွက် ဗုံးခိုကျင်းများ တူးဖော်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတချို့ဟာ စစ်အုပ်စုရဲ့ ရေနံစီမံကိန်းတွေမှာ ဆက်လက်လုပ်ကိုင်နေတယ်လို့ ထုတ်ပြန်
မလေးရှားနိုင်ငံအခြေစိုက် ကုမ္ပဏီတွေဖြစ်တဲ့ Destini Berhad, ENRA Group Berhad, Muhibbah Engineering တွေဟာ စစ်အုပ်စုရဲ့ ရေနံစီမံကိန်းတွေမှာ ဆက်လက်လုပ်ကိုင်နေတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းက ဖေဖော်ဝါရီလအတွင်းမှာ ဖော်ပြပါတယ်။
"အာဏာသိမ်းစစ်အုပ်စုရဲ့ ပင်မငွေကြေးစီးဆင်းမှုတစ်ခုဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အာဆီယံနိုင်ငံအခြေစိုက် ကုမ္ပဏီတွေက နည်းမျိုးစုံနဲ့ ထောက်ပံ့မှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံတွေထဲမှာ အတက်ကြွဆုံး ထောက်ခံအားပေးနေတဲ့ နိုင်ငံကတော့ မလေးရှားနိုင်ငံဖြစ်ပါတယ်။ မလေးရှားနိုင်ငံအခြေစိုက်ကုမ္ပဏီတွေ ဖြစ်တဲ့ Destini Berhad, ENRA Group Berhad, Muhibbah Engineering တွေဟာဆိုရင် စစ်အုပ်စုရဲ့ ငွေကြေးအရင်းမြစ်ဖြစ်တဲ့ ရေနံစီမံကိန်းတွေမှာ ဝန်ဆောင်မှု၊ ထိန်းသိမ်းမှုဆိုင်ရာ အထောက်အပံ့တွေအနေနဲ့ ဆက်လက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
Justice for Myanmar ရဲ့ထုတ်ပြန်ချက်အရ မလေးရှား ကုမ္ပဏီ Destini Berhad, ENRA Group Berhad, Muhibbah Engineering /စင်ကာပူ ကုမ္ပဏီ Energy Drilling, Federal International, Ben Lines Agencies/ အင်ဒိုနီးရှား ကုမ္ပဏီ PT Gunanusa Utama Fabricators, /ဗီယက်နမ် ကုမ္ပဏီ PetroVietnam က ရေနံလုပ်ကွက် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေကို စစ်အုပ်စုထိန်းချုပ်ထားတဲ့ MOGE နှင့်အတူ ဆက်လက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
ရေနံလုပ်ငန်းဆိုင်ရာဝန်ဆောင်မှု ကုမ္ပဏီတွေကလည်း စစ်အုပ်စုရဲ့မြန်မာပြည်သူလူထုအပေါ်မှာ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အလိုတူ အလိုပါအနေနဲ့ ဆက်လက်ပါဝင်နေတာ ဖြစ်ပါတယ်။
ထိုကုမ္ပဏီများသည် MOGE နှင့်အတူ ယခုကဲ့သို့ လက်တွဲလုပ်ဆောင်နေခြင်းသည် တရားမဝင်အာဏာသိမ်းစစ်အုပ်စုအတွက် ရာဇဝတ်မှုမြောက်များစွာ ဆက်လက်ကျူးလွန်နိုင်ရန် အဖက်ဖက်မှ ပံ့ပိုးပေးနေကြတာလည်းဖြစ်ပါတယ်။ ၎င်းကုမ္ပဏီများသည် ကုမ္ပဏီများလိုက်နာရမည့် စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်များနှင့် အခြေခံလမ်းညွှန်ချက်တွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေကြခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
========================
📌📌 ၄။ NUG ပညာရေးဝန်ကြီးဌာနက ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုမယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုမယ်လို့ အမှတ်၃ စစ်ဒေသခွဲက ဖေဖော်ဝါရီ ၁၈ ရက်မှာ အသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုရန်အတွက် ပြင်ဆင်လျက်ရှိပါတယ်။တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ် များမှလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုမည့် ဒေသခံပြည်သူများနှင့် ရဲဘော်၊ ရဲမေများကို အောင်မြင်စွာဖြင့် ဖြေဆိုနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကာ ပံ့ပိုးကူညီနေပါတယ်" လို့ ဖော်ပြပါတယ်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင် ခဲ့သော ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများမှလည်း စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသော ဒေသခံပြည်သူများနှင့် ရဲဘော်၊ ရဲမေများကို တစ်ပတ် ၇ ရက်ဖြင့် တစ်နေ့ ၂ နာရီအချိန်ခန့် စာသင်ကြားပေးလျက် ရှိပါတယ်။
========================
📌📌 ၅။ ထိုင်းနိုင်ငံထဲမှာ ထောက်ပို့ တပ်ဖွဲ့ဝင်ကတ်အတုတွေ ထွက်ပေါ်နေတယ်လို့ သတိပေး
ထိုင်းနိုင်ငံထဲမှာ ထောက်ပို့ တပ်ဖွဲ့ဝင်ကတ်တွေအတုထွက်ပေါ်နေတယ်လို့ ကိုရဲမင်း AAC က ဖေဖော်ဝါရီ ၁၈ ရက်မှာ သတိပေးဆိုလိုက်ပါတယ်။
"ထိုင်းနိုင်ငံထဲမှာ အတုတွေ ထွက်နေတဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကဒ်တွေ သေချာစီစစ်ပြီး ထည့်ဝင်ကြပါ။ လက်ခံကြပါ။ တချို့က ဒီကဒ်ပြ တရားဝင်ခွင့်ပြုထားသယောင်ယောင်နဲ့ အလှူခံနေကြတယ်။ အလွယ်တကူ အတုလုပ်လို့ရနေတော့ လိမ်တဲ့သူတွေ အကြိုက်ဖြစ်နေတာပါ" လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း ထိုင်းနိူင်ငံ မဲဆောက်မှာ တော်လှန်ရေးငွေသိန်းရာနဲ့ချီကို အမျိုးသမီးတစ်ဦးက လိမ်လည်ယူဆောင်ထားပြီး တိမ်းရှောင်ခဲ့ပါတယ်။
========================
📌📌 ၆။ မုံရွာမြို့နယ် လ.ဝ.က ရုံးကို ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့
မုံရွာမြို့နယ် လ.ဝ.က ရုံးကို ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးခဲ့တယ်လို့ မုံရွာတပ်ရင်း ၇ _ lightning people defence force က ဖေဖော်ဝါရီ ၁၈ ရက်မှာ ဆိုပါတယ်။
"ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၃ နာရီတွင် ပြည်သူကို အနိုင်ကျင့်ငွေညှစ်နေသည့် မုံရွာမြို့နယ် လ.ဝ.က ရုံးကို ကျွန်တော်တို့ မုံရွာခရိုင်တပ်ရင်း (၇) - Lightning People Defence Force မှ Pading လောင်ချာ ဖြင့် ၃ ချက်ပစ်ခတ်ခဲ့တယ်" လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် စကစတပ်က ၃ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြသော်လည်း ရဲဘော်ရဲဘက်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
========================
📌📌 ၇။ Click2donate ကို ပြန်တွန်းပေးကြဖို့ တိုက်တွန်း
Click2donate ရဲ့ဆိုရှယ် မီဒီယာကို ပြန်တွန်းပေးကြဖို့ ဖေဖော်ဝါရီ ၁၈ ရက်မှာ Click2donate က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
"ကိုယ့်လူတို့ရေ သိပ်တော့မကောင်းဘူးဗျာ။ C2D က ပို့စ်တခုဟာ အရင်ကဆို လူသိန်းနဲ့ချီပြီး မြင်ရပါတယ်။ အခုကျ လူနှစ်သောင်းတောင်မမြင်ဘူး ဖြစ်နေပါတယ်ခင်ဗျာ။ Influencer များ၊ တော်လှန်ရေးအသိုင်းအဝိုင်းက လူသိများသူများ၊ NUG အပါအဝင် ခေါင်းဆောင်များ၊ သတင်းဌာနများခင်ဗျာ၊ ကျေးဇူးပြုပြီး Click2donate ကို ပြန်တွန်းပေးကြလို့ရမလားခင်ဗျာ" လို့ ဆိုပါတယ်။
ကလစ်ကာတို့ကလည်း ပို့စ်တခုမြင်တိုင်း Like comment share လေးများ ကူလုပ်ပေးကြဖို့ ဆိုထားပါတယ်။
"ဘာမှမန့်စရာမရှိရင်တောင် " ကောင်းတယ်လုပ်မယ်" ဆိုတာလောက်လေးတော့ လူတိုင်းမန့်ပေးကြပါဦးခင်ဗျာ။ ဒါမှ ပျံ့နှံ့မှုအားကောင်းမှာမို့ပါခင်ဗျာ" လို့ Click2donate က ဆိုထားပါတယ်။
========================
📌📌 ၈။ နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးနေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်း မတ်လအတွက် ကြိုတင်အမှာများကောက်ယူ
နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပေးနေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်း မတ်လအတွက် ကြိုတင်အမှာများကောက်ယူနေပြီလို့ ဖေဖော်ဝါရီလအတွင်းမှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုထံက သိရပါတယ်။
"March လအတွက် နွေဦးလက်ဖက်ရည်ဝိုင်းရဲ့ Preorder menu လေး ရပါပြီ။ မြန်မာပြည်က တိုင်းရင်းသားညီအကိုမောင်နှမတွေကို ကူညီဖို့ အားလုံးဝိုင်းကြီုးစားထားတာမို့ ဝယ်ယူအားပေးခြင်းဖြင့် တော်လှန်ကြပါ" လို့ ဆိုထားပါတယ်။
အစားအစာပေါင်း ၅၄ မျိုး ပါဝင်တဲ့ နွေဦးလက်ဖက်ရည်ဝိုင်းရဲ့ ကြိုတင်အမှာစာများကို မတ်လ ၂ ရက်နေ့မတိုင်မီ မှာယူပေးကြဖို့ နှိုးဆော်ပေးထားတယ်လို့ သိရှိရပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို Radion NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment