၂၀၂၃ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာတွေ့ရတယ်လို့ဆို
📌 ၂။ NUG အစိုးရအနေနဲ့ လူထုရဲ့ ချွေးနဲစာနဲ့ ထောက်ပံ့ကူညီထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စနစ်တကျ စီစစ်အသုံးပြုနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး
📌 ၃။ ချင်းတိုင်းရင်းသားညီအကိုမောင်နှမများ မျှော်လင့်တောင့်တသည့် ပန်းတိုင်သို့တိုင်အဆုံးထိ အတူတကွ လျှောက်လှမ်းသွားပြီး ငြိမ်းချမ်းသာယာသည့်နေ့သစ်များ ပိုင်ဆိုင်နိုင်ပါစေလို့ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဆုမွန်ကောင်းတောင်း
📌 ၄။ ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲ လူဦးရေ ၄၀၀ ခန့်တက်ရောက်
📌 ၅။ အခြေခံပညာပြီးမြောက်ကြောင်း ဆန်းစစ်ခြင်းစာမေးပွဲကမ္ဘာက အသိအမှတ်ပြုဖြစ်လာမှာ သေချာတယ်လို့ ပညာရေးဝန်ကြီးဆို
📌 ၆။ အိမ်နီးချင်းနိူင်ငံတွေနဲ့လည်းထိတွေ့ဆက်ဆံမှုရှိနေတယ်လို့ NUG နိူင်ငံခြားရေးဒုဝန်ကြီးဆို
📌 ၇။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အကြမ်းဖက်စစ်ကောင်စီက လုံးဝလိုက်နာခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေသာပိုမိုပြင်းထန်လာခဲ့တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာတွေ့ရတယ်လို့ဆို
ဖေဖော်ဝါရီ ၂၀ ရက်
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင်ကျင်းပသော (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ယာယီသမ္မတ ဒူဝါလရှီးလမှ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့များနှင့်ပတ်သက်၍ အခုလို ပြောကြားခဲ့ပါတယ်။
"ယခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ ဆက်လက်ပြီး နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တပြိုင်တည်းမှာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရာမှာလည်း ချင်းလူမျိုး တွေ ဆက်လက်ပါဝင်နိုင်ကြဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများလွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် ချင်းပြည်ကို ခိုင်မာ စွာတည်ဆောက်ကြရမှာဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီထုတ်ပြန်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို ထပ်မံလုယူလိုက်ချိန်မှ စ၍ ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများသည် ဒုက္ခဆင်းရဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေတယ်။ အာဏာသိမ်းစစ်အုပ်စုသည် ချင်းလူမျိုးများအပါအဝင် နိုင်ငံသူနိုင်ငံသားများအား ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်ဖိနှိပ်လျက်ရှိရာ၊ ပြည်သူများကလည်း အာဏာသိမ်းစစ်အုပ်စုကို နည်းလမ်း ပေါင်းစုံဖြင့် ဆန့်ကျင်ခုခံတော်လှန်ကြလျက်ရှိပါတယ်လို့ဖော်ပြပါရှိပါတယ်။
ထိုသို့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများလွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးအရတန်းတူညီမျှမှုအပြည့်အဝရှိသည့် ချင်းပြည်ကို ခိုင်မာ စွာတည်ဆောက်ကြရမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် ချင်းပြည်အတွင်းရှိ တော်လှန် ရေးအင်အားစုများ အားလုံး စိတ်ဝမ်းမကွဲပြားဘဲ အတူတကွ ဘုံရည်မှန်းချက်ကို စုစည်း၍ ကြိုးပမ်းကြရမှာဖြစ်တယ်။ ထို့အတူ အာဏာ သိမ်းစစ်အုပ်စု၏သွေးထိုးလှုံ့ဆော်မှုနှင့် ခြိမ်းခြောက်မှုများကိုလည်း သတိပြုရမှာဖြစ်တယ်လို့ဆိုထားပါတယ်။
ယခုကဲ့သို့ ချင်းတစ်မျိုးသားလုံးအတွက် ကြီးမားသည့်စိန်ခေါ်မှုများကြုံတွေ့ရင်ဆိုင်ကျော်ဖြတ်နေရသည့် အချိန်တွင် စုံလင်ကြွယ်ဝသောမျိုးနွယ်စုများဖြင့် ပေါင်းစည်းထားသော မိမိတို့ချင်းလူမျိုးများအနေဖြင့် မိမိတို့ အချင်းချင်းအပြန်အလှန်လေးစားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုနှင့် အပြန်အလှန် လိုအပ်မှုတို့ကို ဗဟိုပြုကာ ချင်းတို့၏စည်းလုံးညီညွတ်မှုကိုတည်ဆောက်ကြရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပေတယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ NUG အစိုးရအနေနဲ့ လူထုရဲ့ ချွေးနဲစာနဲ့ ထောက်ပံ့ကူညီထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စနစ်တကျ စီစစ်အသုံးပြုနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး
ဖေဖော်ဝါရီ ၂၀ ရက်
ဖေဖော်ဝါရီလ (၁၉) ရက်မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်၊ ထောက်ပို့တပ် တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလကအခုလိုပြောကြားခဲ့ပါတယ်။
"ကျနော်တို့ NUG အစိုးရအနေနဲ့ လူထုရဲ့ ချွေးနဲစာနဲ့ ထောက်ပံ့ကူညီထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စနစ်တကျ စီစစ်အသုံးပြုနေကြောင်း အထူးအလေးထားပြောကြားချင်ပါတယ်။ကျနော်တို့ဟာ အလေအလွင့်မရှိတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ချမှတ်အသုံးပြုနေပြီးဖြစ်ပါတယ်။ဒါ့အပြင် လူထုကမြုပ်နှံတဲ့ တော်လှန်ရေး ရန်ပုံငွေတွေကို အလဟသတ် အလေအလွင့်မဖြစ်အောင် ထိထိရောက်ရောက်အသုံးပြုနေကြောင်းလည်း တင်ပြချင်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ အထူးငွေတိုက်စာချုပ်ရောင်းရငွေများအပါအဝင် EODရှယ်ယာများရောင်းချရငွေမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိ သုံးစွဲ နေပြီ ဖြစ်ပါတယ်။
========================
📌📌 ၃။ ချင်းတိုင်းရင်းသားညီအကိုမောင်နှမများ မျှော်လင့်တောင့်တသည့် ပန်းတိုင်သို့တိုင်အဆုံးထိ အတူတကွ လျှောက်လှမ်းသွားပြီး ငြိမ်းချမ်းသာယာသည့်နေ့သစ်များ ပိုင်ဆိုင်နိုင်ပါစေလို့ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဆုမွန်ကောင်းတောင်း
ဖေဖော်ဝါရီ ၂၀ ရက်
ချင်းတိုင်းရင်းသားညီအကို မောင်နှမများအတွက်ဖေဖော်ဝါရီ ၂၀ ရက်မှာ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်းဆိုခဲ့ပါတယ်။
"နွေဦးတော်လှန်ရေးကာလထိတိုင် ခေတ်အဆက်ဆက် ချင်းတိုင်းရင်းသားညီအကိုမောင်နှမများ၏ စွန့်လွှတ်အနစ်နာခံပေးဆပ်ခဲ့မှုများသည် သမိုင်းမှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ မှသည် ချင်းတိုင်းရင်းသားညီအကိုများ မျှော်လင့်တောင့်တသည့် ပန်းတိုင်သို့တိုင်အဆုံးထိ အတူတကွ လျှောက်လှမ်းသွားပြီး ငြိမ်းချမ်းသာယာသည့်နေ့သစ်များ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုထားပါတယ်။
၇၅ နှစ်မြောက်ကျရောက်တဲ့ ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စုရှိနေရာအသီးသီးမှာ အခမ်းအနားများဖြင့်ကျင်းပခဲ့ကြပါတယ်။
========================
📌📌 ၄။ ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲ လူဦးရေ ၄၀၀ ခန့်တက်ရောက်
ဖေဖော်ဝါရီ ၂၀
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများတွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ကျင်းပတဲ့လူထုတွေ့ဆုံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုဝင် ၄၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့၏ လူထုနဲ့အမေးအဖြေကဏ္ဍာကို လူအများကစိတ်ဝင်စားခဲ့ကြပါတယ်။ သံတမာန်ရေးနှင့်ပတ်သက်၍ နိူင်ငံခြားရေးဝန်ကြီးများကဖြေကြားရာတွင် "နိုင်ငံခြားရေးမှာ နိုင်ငံတိုင်းကို တစ်နိုင်ငံတစ်မျိူး ဆက်ဆံတာမဟုတ်ပဲ အားလုံးပေါ် မိမိတို့ ရပ်တည်ချက်ကို တစိုက်မတ်မတ် ရိုးရှင်းစွာ ဆက်ဆံရေး ထူထောင်ထားကြောင်း အသိပေးဆိုခဲ့ပါတယ်။
ဒါ့အပြင် အိုအိုင်စီ ဖြစ်စေ၊ တရုတ်ဖြစ်စေ အိန္ဒိယဖြစ်စေ အနောက်နိုင်ငံတွေနဲ့ပဲဖြစ်စေ NUG အစိုးရ၏ မိမိတို့ရပ်တည်ချက်ကို တစ်သတ်မတ်တည်းသာ ပြောဆိုနေတာက အထိရောက်ဆုံးဖြစ်တယ်လို့ မေးခွန်းတစ်ခုမှာ NUGနိူင်ငံခြားရေးဝန်ကြီးများကဆိုခဲ့ပါတယ်။
========================
📌📌 ၅။ အခြေခံပညာပြီးမြောက်ကြောင်း ဆန်းစစ်ခြင်းစာမေးပွဲကမ္ဘာက အသိအမှတ်ပြုဖြစ်လာမှာ သေချာတယ်လို့ ပညာရေးဝန်ကြီးဆို
ဖေဖော်ဝါရီ ၂၀ ရက်
ဖေဖော်ဝါရီ ၁၉ ရက်အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ တတိယနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုဆိုပါတယ်။
"အခုဆိုရင် အခြေခံပညာပြီးမြောက်ကြောင်း ဆန်းစစ်ခြင်းစာမေးပွဲတွေလုပ်နေပါတယ်။ဒီစာမေးပွဲမှာ အောင်၊ရှုံးမရှိပါဘူး။အမှတ်ပဲရမှာဖြစ်ပါတယ်။အရင်တုန်းကလို ဆယ်တန်းမအောင်လို့ တက္ကသိုလ်မတက်ရဘူး။ပညာဆက်မသင်ရဘူးဆိုတာမရှိပါဘူး။ထွက်လာတဲ့အမှတ်တွေကို ကြည့်ပြီး ကိုယ်ကြိုက်ရင် ယူသွားပြီး မကြိုက်ရင် နောက်သုံးလနေရင် ပြန်ဖြေလို့ရပါတယ်။အခု ကျနော်တို့စစ်နေတဲ့ စာမေးပွဲဟာကမ္ဘာက အသိအမှတ်ပြုဖြစ်လာမှာသေချာပါတယ်။လုပ်နေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အခြေခံပညာပြီးမြောက်ကြောင်း ဆန်းစစ်ခြင်းစာမေးပွဲရလဒ်များကို ကျေနပ်သော ကျောင်းသား၊ ကျောင်းသူများဟာ တက္ကသိုလ်ကျောင်းများနဲ့ သက်မွေးပညာရပ်များကို မိမိတို့ဝါသနာပါရာပလိုက် ဆက်လက်သင်ယူနိူင်မှာလည်းဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၆။ အိမ်နီးချင်းနိူင်ငံတွေနဲ့လည်းထိတွေ့ဆက်ဆံမှုရှိနေတယ်လို့ NUG နိူင်ငံခြားရေးဒုဝန်ကြီးဆို
ဖေဖော်ဝါရီ ၂၀
အိမ်နီးချင်းနိူင်ငံတွေနဲ့လည်းထိတွေ့ဆက်ဆံမှုရှိနေတယ်လို့NUG နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက ဖေဖော်ဝါရီ ၁၉ ရက်မှာကျင်းပတဲ့ Washington,D.C Area လူထုတွေ့ဆုံပွဲတွင်ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့က အခု နိူင်ငံခြားရေးလုပ်တဲ့အခါမှာ တချို့လည်းထင်တယ်။အနောက်နိူင်ငံတွေကို အရမ်းဦးစားပေးတယ်ပေါ့။ကျနော်တို့ တွေ့ဆုံမှု ထုတ်ပြန်တဲ့အခါမှာ အနောက်က နိူင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံမှုကို တင်တာပဲတွေ့ရတယ်ပေါ့။အမှန်ကတော့ တကယ်အရေးကြီးတာ ဒေသတွင်း နိူင်ငံတွေလည်းအရေးကြီးပါတယ်။ကျနော်တို့က ဒေသတွင်းနိူင်ငံတွေကို အလေးအနက်ထားထိတွေ့ပါတယ်။သူတို့နဲ့ပြောတယ်။ဆိုတယ်။ထိတွေ့တယ်။ဒါပေမယ့် ဓာတ်ပုံမပါဘူး။ သူတို့ဘက်က နိူင်ငံခြားရေးဝန်ကြီးအထိကို တွေ့ပါတယ်။အခုဆို အိမ်နီးချင်းနိူင်ငံတွေနဲ့လည်းထိတွေ့ဆက်ဆံမှုရှိနေပါတယ်"လို့ဆိုပါတယ်။
အာဆီယံဒေသတွင်း နိူင်ငံများက အစိုးရတာဝန်ရှိသူများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရသည် ယခင်က တွေ့ဆုံခွင့်ပင် လိုက်လံတောင်းဆိုရသော်လည်း ယခုအခါ NUG အစိုးရကို ကမ်းလှမ်းတွေ့ဆုံမှုများအထူးတလည်ရှိလာတယ်လို့ နိူင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၇။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အကြမ်းဖက်စစ်ကောင်စီက လုံးဝလိုက်နာခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေသာပိုမိုပြင်းထန်လာခဲ့တယ်လို့ဆို
ဖေဖော်ဝါရီ ၂၀
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် အကြမ်းဖက်စစ်ကောင်စီက လုံးဝလိုက်နာခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေသာပိုမိုပြင်းထန်လာ ကြောင်းကိုသမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ Radio NUG ကို ဖြေကြားခဲ့ပါတယ်။
((((ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))
၂၀၂၂ ခု နှစ် ဒီဇင်ဘာလအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ကန့်ကွက်သူမရှိ မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်ကောင်စီလိုက်နာရန် ဆုံးဖြတ်ချက်များကိုချမှတ်ခဲ့ပါတယ်။ ယခု၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအပေါ် စစ်ကောင်စီကလိုက်နာခြင်းရှိ၊မရှိကြားနာမှာ ဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment