၂၀၂၃ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့သူရဲကောင်းတွေကို ထိုက်သင့်တဲ့ လက်နက်တပ်ဆင်ပေးပြီး ပွဲဝင်ဖို့အသင့်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသည့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အမေရိကန်လွှတ်တော်အမတ်လည်း တက်ရောက်ခဲ့
📌 ၃။ မြန်မာပြည်သူ (၃)ယောက်တွင် (၁)ယောက်မှာ ငတ်မွတ်ခေါင်းပါးနေသည့်အခြေအနေသို့ ကျရောက်နေ
📌 ၄။ စစ်ကောင်စီလို အကြမ်းဖက်သတ်ဖြတ်မှုတွေ PDF ရဲဘော်တွေလုပ်ဖူးသလားလို့ ဝန်ကြီး ဒေါက်တာတူးခေါင် မေးခွန်းထုတ်
📌 ၅။ CDM ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်အတွက် သိန်းပေါင်း ၇၀၀ ကျော် ထောက်ပံကူညီနိူင်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဆို
📌 ၆။ တောင်ကိုရီးယားနိုင်ငံမှာလည်း စိန်ရတု ချင်းအမျိုးသားနေ့ကျင်းပခဲ့
📌 ၇။ ပြည်သူ့လွတ်လပ်ရေးတပ်တော်အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ပြင်းပြခိုင်မြဲသော စိတ်ဆန္ဒရှိသူများအား ခေါ်ယူနေ
📌 ၈။ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စကစတပ်များကို ဒရုန်းနဲ့ ဗုံးသီးပစ်ချခဲ့
📌 ၉။ ကရင်နီဒေသသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်လာသော စစ်ကောင်စီတပ် ခလရ (၅၄) ကို ကရင်နီတပ်မတော်နဲ့ မဟာမိတ်များတိုက်ခိုက်ခဲ့
📌 ၁၀။ ရေးမြို့တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်
📌 ၁၁။ မိုးကုတ်စျေးကြီးအနီးတွင် အသွင်ယူထားသော ဒုရဲအုပ်ဆိုသူအား မိုးကုတ်ပကဖမှ သေနတ်နဲ့ပစ်ခတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့သူရဲကောင်းတွေကို ထိုက်သင့်တဲ့ လက်နက်တပ်ဆင်ပေးပြီး ပွဲဝင်ဖို့အသင့်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ တတိယနေ့ အခမ်းအနား မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ဆိုပါတယ်။
"အထူးအလေးပေးပြောကြားလိုတာကတော့ ကျနော်တို့ တော်လှန်ရေးဟာ သုညကစခဲ့တယ်ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ လက်နက်ဆိုလို့ တူးမီးနဲ့ စခဲ့ရတာဖြစ်ပြီး လူငယ်တစ်စုကနေပြီး သောင်းချီဖြစ်ပေါ်ခဲ့တဲ့ ပြည်သူ့သူရဲကောင်းတွေဟာ အခုဆိုလို့ရှိရင် ထိုက်သင့်တဲ့ လက်နက်တပ်ဆင်ပေးပြီး PDF သူရဲကောင်းတွေ အဖြစ် ပွဲဝင်ဖို့ အသင့်ရှိနေပြီ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ထုတ်ရေးကြိုးပမ်းနေသလို CDM များကို ပံ့ပိုးပေးနိူင်ရေးနဲ့ သပိတ်အင်အားစုများနဲ့ ချိတ်ဆက်ဆောင်ရွက်နိူင်ရေး၊ မဟာမိတ်များနဲ့ လက်တွဲနိူင်ရေးတို့ကို ဆောင်ရွက်နေတယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ပေါင်း ၃၀၃ ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၆၀ ခန့် ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသည့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ NUG နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အမေရိကန်လွှတ်တော်အမတ်လည်း တက်ရောက်ခဲ့
(၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု အင်ဒီယန်းနားပိုလစ်မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပြီး အမေရိကန်လွှတ်တော်အမတ် Todd Young လည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ မြန်မာပြည်သူ (၃)ယောက်တွင် (၁)ယောက်မှာ ငတ်မွတ်ခေါင်းပါးနေသည့်အခြေအနေသို့ ကျရောက်နေ
ဖေဖော်ဝါရီ ၁၉ ရက်က USA Indiana ပြည်နယ်၏ မြို့တော် Indianapolis တွင် ကျင်းပသော (၇၅) ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက မိန့်ခွန်းပြောကြားရာမှာ မြန်မာပြည်သူ (၃)ယောက်တွင် (၁)ယောက်မှာ ငတ်မွတ်ခေါင်းပါးနေသည့်အခြေအနေသို့ ကျရောက်နေပြီး တစ်တိုင်းပြည်လုံး အလွန်ဆိုးရွားသောဒုက္ခကို ခံစားနေရတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်အာဏာရှင်များသည် မြန်မာပြည်သူလူထုအပေါ် စစ်ကြေငြာပြီး ရက်စက်ယုတ်မာစွာ လူမဆန်အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု (၁.၆)သန်းထက်မနည်း ဒုက္ခသည်ဘ၀မှာ ဆင်းရဲနွမ်းပါးမှူပေါင်းများစွာ ခံစားနေရပါတယ်။ ၂၀၂၀ခုနှစ်မှာ လူဦးရေ (၁)သန်းအောက် လူသားချင်းစာနာထောက်ထားရေးအကူအညီ လိုအပ်သည်မှ ယနေ့ ၂၀၂၃ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ (၁၇)သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး လူသားချင်းဆိုင်ရာ စာနာထောက်ထားရေးအကူအညီများ မြောက်များစွာလိုအပ်နေသည့် အခြေအနေကို ဆိုးရွားစွာရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံလူဦးရေတဝက်ခန့်သည် အလွန်ဆင်းရဲနွမ်းပါးမှုအောက်အခြေအနေကို ရောက်ရှိနေပြီး မြန်မာပြည်သူ (၃)ယောက်တွင် (၁)ယောက်မှာ ငတ်မွတ်ခေါင်းပါးနေသည့်အခြေအနေသို့ ကျရောက်နေပြီး တစ်တိုင်းပြည်လုံး အလွန်ဆိုးရွားသောဒုက္ခကို ခံစားနေရပြီဖြစ်ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်များသည် စစ်လက်နက်သာမက ငတ်မွတ်ခြင်း၊ ခေါင်းပါးခြင်း၊ ရောဂါနှင့် ဆင်းရဲဒုက္ခပေါင်းများစွာကို လက်နက်သဖွယ်အသုံးပြုပြီး မြန်မာပြည်သူထူထုကို အကြမ်းဖက် တိုက်ခိုက်လျက်ရှိတယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီလို အကြမ်းဖက်သတ်ဖြတ်မှုတွေ PDF ရဲဘော်တွေလုပ်ဖူးသလားလို့ ဝန်ကြီး ဒေါက်တာတူးခေါင် မေးခွန်းထုတ်
စစ်ကောင်စီလို အကြမ်းဖက်သတ်ဖြတ်မှုတွေ PDF ရဲဘော်တွေလုပ်ဖူးသလားလို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က မေးခွန်းထုတ်လိုက်ပါတယ်။
"PDF တွေ လည်း စကစ နဲ့ အတူတူပဲလို့ အတင်းကို တန်းညှိ ပြောပြောနေတဲ့ (ဟန်ဆောင်) ရိုးသားတဲ့ သာမန်ပြည်သူဆိုသူများကို မေးချင်တာပါ။ ရွာလုံးကျွတ်မီးရှို့တာတို့၊ တရွာလုံးကို ဖမ်းထားတာတို့၊ တိုက်ပွဲမရှိတဲ့ရွာတွေ ဗုံးကျဲတာတို့ ဆင်ခြေမရှိပဲ လမ်းမှာ ကောက်ဖမ်းသတ်တာတို့ကျ စကစ ကို အထူးအခွင့်အရေး လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်မှတ်ထားတာလား။ PDF တွေ ဒါမျိုးလုပ်ဖူးလား" လို့ ဆိုလိုက်တာပါ။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်း သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၅။ CDM ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်အတွက် သိန်းပေါင်း ၇၀၀ ကျော် ထောက်ပံကူညီနိူင်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဆို
ဖေဖော်ဝါရီ ၁၉ ရက်ကျင်းပတဲ့ NUG နှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ တတိယနေ့အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုမှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက CDM ဝန်ထမ်းပေါင်း ၈၅၅၂ဦး အတွက် ကျပ်သိန်းပေါင်း ၇၀၀ ကျော် ထောက်ပံကူညီနိူင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ ဝန်ကြီးဌာနမှာ CDM ဝန်ထမ်း ၈၅၅၂ ဦး ရှိပါတယ်။ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပေါ့။ ကျနော်တို့ကူညီခဲ့တာကတော့ ၂၀၂၁ ဇွန်လကနေပြီးတော့ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ထောက်ပံနိူင်မှုကတော့ ၇၁၇ သိန်းကျော် ထောက်ပံ့နိူင်ခဲ့ပါတယ်။ အဲဒီမှာ စားဝတ်နေရေးခက်ခဲတဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ နောက်တစ်ခါ ကိုဗစ်ရောဂါဖြစ်ပွားတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေကို ထောက်ပံတာတွေ၊ ကွယ်လွန်တဲ့ဝန်ထမ်းအတွက် ထောက်ပံ့တာတွေ၊၅၀၅ ထုတ်လို့တိမ်းရှောင်နေရတာတွေ အားလုံးထောက်ပံ့ခဲ့ပါတယ်" လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာလုယူပြီးနောက်ပိုင်း ဌာနဆိုင်ရာ ဝန်ထမ်းသိန်းနဲ့ချီဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။
========================
📌📌 ၆။ တောင်ကိုရီးယားနိုင်ငံမှာလည်း စိန်ရတု ချင်းအမျိုးသားနေ့ကျင်းပခဲ့
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာလည်း (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။။ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
ထိုအခမ်းနားသို့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတိုင်းရင်းသား အဖွဲ့စည်းများမှ တာ၀န်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပြီး အခမ်းနား ပထမပိုင်းကိုဆုတောင်း၀တ်ပြုခြင်း၊ ချင်းပြည်နယ်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် အထူးဖိတ်ကြားခံရသည့် ဧည့်သည်တော်များမှ အမှတ်တရစကားပြောကြားခြင်းတို့ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၇။ ပြည်သူ့လွတ်လပ်ရေးတပ်တော်အနေဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ပြင်းပြခိုင်မြဲသော စိတ်ဆန္ဒရှိသူများအား ခေါ်ယူနေ
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ပြင်းပြခိုင်မြဲသောစိတ်ဆန္ဒရှိသူများအားခေါ်ယူနေတယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) က သတင်းထုတ်ပြန်ပါတယ်။
"ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) အနေဖြင့် အပတ်စဉ် (၄) အတွက်သင်တန်းသားများကိုလည်း ရွေးချယ်ခေါ်ယူရာတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ပြင်းပြခိုင်မြဲသောစိတ်ဆန္ဒရှိသူများအား ရွေးချယ်ခေါ်ယူနေပါပြီ" လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) အပတ်စဉ် (၃) လေ့ကျင့်ရေး ပုံရိပ်များကိုလည်း ဖော်ထုတ်ပြသထားပြီး စစ်ရေးလေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရပါတယ်။
========================
📌📌 ၈။ ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စကစတပ်များကို ဒရုန်းနဲ့ ဗုံးသီးပစ်ချခဲ့
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မန်ကြီးသုံးပင်ကျေးရွာအရှေ့ဘက် တောင်လှတောင်ပေါ်တွင် စစ်ကြောင်းထိုးလာသော စကစတပ်များကို ဒရုန်းနဲ့ ဗုံးသီးပစ်ချရာသုံးဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ရွှေဘိုခရိုင် အမှတ်၂၃ တပ်ရင်း က အသိပေးထုတ်ပြန်ပါတယ်။
"ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီ၊ ရွှေဘိုမြို့နယ်၊ မန်ကြီးသုံးပင်ကျေးရွာအရှေ့ဘက် တောင်လှတောင်ပေါ်တွင် စစ်ကြောင်းထိုးလာသော စကစတပ်များကို ဒရုန်းနဲ့ ဗုံးသီးပစ်ချရာ သုံးဦး သေဆုံးခဲ့ပါတယ်" လို့ ဆိုထားပါတယ်။
စကစတပ်က အင်အားငါးဆယ်ခန့် ပါဝင် စစ်ကြောင်း ထိုးခဲ့တာဖြစ်ပြီး အဆိုပါဒရုန်းစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ်၂၃ တပ်ရင်းနှင့် စဥ့်ကူး ပကဖ၊ နတ်တောင်နဂါး၊ Brother ပျောက်ကြားတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ PRF (ဝက်လက်မြို့နယ်တော်လှန်ရေးတပ်ဦး)၊ မတ္တရာ ပကဖတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၉။ ကရင်နီဒေသသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်လာသော စစ်ကောင်စီတပ် ခလရ (၅၄) ကို ကရင်နီတပ်မတော်နဲ့ မဟာမိတ်များတိုက်ခိုက်ခဲ့
ကရင်နီဒေသသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်လာသော စစ်ကောင်စီတပ် ခလရ (၅၄) ကို ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကြားတွင် ကရင်နီတပ်မတော်နဲ့ မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦး သေ၊ ၅ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်မှာ karenni people page က အသိပေး ဖော်ပြပါတယ်။
"ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၀း၃၀) နာရီခန့်မှ (၁၁း၀၀) နာရီခန့်အထိ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ် (၁) တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDF တို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် နယ်စပ် BP.12 ဖက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်လာသော စစ်ကောင်စီတပ် ခလရ (၅၄) အင်အား (၃၀)ခန့်ကို ဟွေ့မာကော်နှင့် ဟွေခွန်းမောင်း ဆိုသည့် နေရာကြားတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဖက်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် အခြားစစ်သည် စုစုပေါင်း (၅) ဦးကို ၎င်းတို့ကိုင်ဆောင်သော MA လက်နက်မျိုးစုံ(၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများနှင့်အတူ လက်ရဖမ်းဆီးရမိပြီး ဖြစ်စဉ်နေရာအတွင်း လိုက်လံရှင်းလင်းရာ စစ်ကောင်စီ အလောင်း (၆) လောင်း တွေ့ရှိခဲ့ကြောင်းဖော်ပြထားပါတယ်။
========================
📌📌 ၁၀။ ရေးမြို့တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်
မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးတံတားကြီး စစ်ကောင်စီရဲ့ စစ်ဆေးဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၉ရက် မနက်ပိုင်းက ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စကစတပ်က အများအပြားသေဆုံးခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က အတည်ပြု ပြောဆိုပါတယ်။
"စကစဘက်ကတော့ အမြောက်အများကျပါတယ်။ လက်နက်တော့ မရလိုက်ဘူး။ စခန်းတော့ သိမ်းနိူင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ရေးမြို့အထွက် ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က မနက် ၇ နာရီ ဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ရေးမြို့ဟာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ရာမှာပါဝင်တဲ့ မြို့လည်းဖြစ်ပြီးတော့ စကစတပ်များထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့မြို့လည်း ဖြစ်ပါတယ်။
========================
📌📌 ၁၁။ မိုးကုတ်စျေးကြီးအနီးတွင် အသွင်ယူထားသော ဒုရဲအုပ်ဆိုသူအား မိုးကုတ်ပကဖမှ သေနတ်နဲ့ပစ်ခတ်
မိုးကုတ်မြို့နယ် စျေးကြီးအနီးတွင် အသွင်ယူထားသော ဒုရဲအုပ်ဆိုသူအား သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ မိုးကုတ်မြို့နယ် ပကဖမှ အသိပေးဆိုပါတယ်။
"မိုးကုတ်မြို့နယ် စျေးကြီးအနီးတွင် အသွင်ယူထားသော ဒုရဲအုပ်ဆိုသူအား မိုးကုတ်မြို့နယ်ပကဖမှ ၁၁ နာရီ ၅ မိနစ်အချိန်တွင် ပစ်ခတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
အဆိုပါ ရဲအား ဆိုင်ကယ်ပေါ်မှ သေနတ်နဲ့သုံးချက် ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိ/မရှိ အတည်ပြုနေဆဲ ဖြစ်ပါတယ်။
"ပစ်တာတော့ သုံးချက်ပါ။ ဆိုင်ကယ်ပေါ်က ပစ်ရတာဆိုတော့ ထိခိုက်မှုကိုတော့ မသိရဘူး။ ရဲဆိုတာတော့ သေချာတယ်။ ဘာလို့ဆို သူ့ကို စစ်ဆေးရေးဂိတ်တွေမှာ တွေ့ဖူးတယ်။ ပြည်သူတွေကို လူလို မဆက်ဆံဘဲ အမြဲရိုက်နေတဲ့ကောင်ပါ" လို့ မြို့နယ်ပကဖက ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment