၂၀၂၃ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ချင်းပြည်နဲ့ချင်းလူမျိုးဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ဘက်ပြည်ထောင်တစ်ခု၊ လူမျိုးတစ်မျိုးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးရည်မှန်းချက် ၊ နိုင်ငံရေး အခြေခံ သဘောတရားတွေကောင်းကောင်းရှိတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို
📌 ၃။ ကျေးရွာအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက လျှပ်စစ်မီးများပေးနိူင်ခဲ့
📌 ၄။ အလယ်ပိုင်းတိုင်းအတွက် မမများနဲ့ပွဲကမယ် ပရော့ဂျက်မှ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀ ရှာဖွေရရှိခဲ့
📌 ၅။ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စုအနီး စစ်အုပ်စု၏တပ်က ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့်အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့သေဆုံး
📌 ၆။ မင်းကင်းမြို့နယ် ပုထိုးလုံးရွာထဲတွင် မတရားကျူးကျော်တပ်စွဲနေသော စကစနှင့်ပျူများတိုက်ခိုက်ခံရ
📌 ၇။ မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းအတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စခန်းမှူးနဲ့ ဒုရဲအုပ်အပါအဝင် သုံးဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ချင်းပြည်နဲ့ချင်းလူမျိုးဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ဘက်ပြည်ထောင်တစ်ခု၊ လူမျိုးတစ်မျိုးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
ချင်းပြည်နဲ့ချင်းလူမျိုးဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ဘက် ပြည် ထောင်တစ်ခု၊ လူမျိုးတစ်မျိုးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် စိန်ရတု ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဝန်ကြီးချုပ်ကဆိုပါတယ်။
"ချင်းလူမျိုးခေါင်းဆောင်တွေဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လွတ်လပ်ရေးကို ဗမာပြည်မ (Ministerial Burma) နှင့်အတူတကွ ပူးပေါင်းရယူမယ်၊ မိမိတို့ချင်းတောင်ကိုတော့ မိမိတို့ဖာသာအုပ်ချုပ်မယ် စသည်ဖြင့် သဘောထား တွေပေးခဲ့ကြပါတယ်။ ဒါတွေကြောင့်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ချင်းဝိသေသ တိုင်းဆိုပြီး ပြည်ထောင်စုအဖွဲ့ဝင်ပြည်ထောင်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့်ချင်းပြည်နဲ့ချင်းလူမျိုးဟာ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ဘက် ပြည် ထောင်တစ်ခု၊ လူမျိုးတစ်မျိုးဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများလွတ်မြောက်ရေး အတွက် ခုခံတွန်းလှန်စစ်ကိုဆင်နွဲနေကြတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အသီးသီးရဲ့ ထူးချွန်ပြောင် မြောက် စွာ စွန့်လွတ်စွန့်စားတိုက်ပွဲဝင်နေမှုများကို အထူးလေးစားဂုဏ်ပြုပါကြောင်းဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးရည်မှန်းချက် ၊ နိုင်ငံရေး အခြေခံ သဘောတရားတွေကောင်းကောင်းရှိတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို
နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးရည်မှန်းချက် ၊ နိုင်ငံရေး အခြေခံ သဘောတရားတွေကောင်းကောင်းရှိတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
"ကျမတို့အစိုးရသည် တော်လှန်ရေးကာလ ဖြစ်သည့်တိုင်အောင် စည်းလွတ်၊ ဝါးလွတ်နဲ့ သူကသတ်လို့ ကိုယ်ကပြန်သတ်တယ်ဆိုတဲ့အနေအထားမျိုးကို ကျော်လွန်ပါတယ်။ကျမတို့ ဒီတော်လှန်ရေးဟာ နိူင်ငံရေးရည်မှန်းချက် ၊ နိူင်ငံရေး အခြေခံ သဘောတရားတွေကောင်းကောင်းရှိပါတယ်။ဒါကိုလည်း ကျမတို့ပြည်သူလူထုကြီးက နားလည်လိုက်ပါပြီးတော့ ကိုယ့်ရဲ့ထောက်ပံ့လိုက်တဲ့ ငွေတစ်ကျပ်တစ်ပြားတိုင်းက ဒီတော်လှန်ရေးသွားနေတဲ့ပန်းတိုင်ကို အထောက်အကူဖြစ်နေတယ်ဆိုတာကို လေးလေးနက်နက် တန်ဖိုး ထားစေချင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်အတိုင်း စစ်ကောင်စီကို စစ်ရေး၊နိူင်ငံရေး၊ သံတမာန်ရေး နည်းလမ်းပေါင်းစုံမှ စစ်မျက်နှာဖွင့် တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ကျေးရွာအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက လျှပ်စစ်မီးများပေးနိူင်ခဲ့
ကျေးရွာအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက လျှပ်စစ်မီးများပေးနိူင်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ တတိယနေ့အခမ်းအနားမှာ ဝန်ကြီးကဆိုပါတယ်။
"ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေအတွက် လျှပ်စစ် လိုအပ်တဲ့အပိုင်းတွေကို ထောက်ပံ့ပေးရတာရှိပါတယ်။ အဲဒီလို ထောက်ပံ့တဲ့အခါ စီမံဘဏ္ဍာဝန်ကြီးဌာနက နေ ဘတ်ဂျက်ရယူတာတွေလည်းရှိပါတယ်။ ပြည်သူတွေ လျှပ်စစ်မီးလိုအပ်လို့ရှိရင်လည်း တချို့ရွာတွေမှာဆိုရင် လျှပ်စစ်မီးကို အမျိုးသားညီညွတ်ရေးအစိုးရ အောက်ကနေ ပေးနိူင်ခဲ့တာတွေရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
တော်လှန်ရေးအဖွဲ့များကို ဆိုလာနဲ့မီးစက်များထောက်ပံ့ကူညီခဲ့သည့်အပြင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနမှ ကောက်ခံရရှိသော အခွန်ငွေများမှာ ကျပ်သိန်းသောင်းနဲ့ချီရှိခဲ့ပြီး မြေပြင်မှာ ထိရောက်စွာ ခွဲဝေ သုံးစွဲခဲ့တယ်လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ အလယ်ပိုင်းတိုင်းအတွက် မမများနဲ့ပွဲကမယ် ပရော့ဂျက်မှ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀ ရှာဖွေရရှိခဲ့
အလယ်ပိုင်းတိုင်းအတွက် မမများနဲ့ပွဲကမယ် ပရော့ဂျက်မှ အမေရိကန်ဒေါ်လာ ၁၆၀၀၀၀ ရှာဖွေရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ မမများနဲ့ပွဲကမယ် ပရော့ဂျက် အစီအစဥ်ကနေ အသိပေးဆိုပါတယ်။
"စတုတ္ထမမကို Target မသတ်မှတ်ထားခဲ့တာစုစုပေါင်း USD 160,000 Fund Raised လုပ်နိုင်ခဲ့ပါတယ်။ Post reach တွေချခံရ၊ တော်လှန်ရေးလိုအပ်ချက်ကြောင့် ကမ်ပိန်းတွေ၊ ပရောဂျက်တွေထပ်နေချိန်မှာတော့ မမပရောဂျက်စနေတဲ့သတင်းကြားတာနဲ့ မပျက်မကွက် ထည့်ဝင်ပေးကြတာ ကျေးဇူးတင်ပါတယ်"လို့ဆိုထားပါတယ်။
အလယ်ပိုင်းဒေသ ပရောဂျက်အောင်မြင်ရေးအတွက် အဖက်ဖက်က ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်၊ အတတ်ပညာရှင်၊ Social Influencer, Media အားလုံး အားလုံးကိုလဲ ကျေးဇူးတင်ရှိတယ်လို့ဆိုထားပြီး ပဉ္စမ မမပရော့ဂျက်မစခင် ကြားဖြတ်ကမ်ပိန်းလေးတွေ စီစဉ်ထားမယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၅။ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စုအနီး စစ်အုပ်စု၏တပ်က ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့်အသက်၃နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့သေဆုံး
ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စုအနီး စစ်အုပ်စု၏တပ်က ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူတို့သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPP ကဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စုအနီးတွင် ရေတာရှည် PDF နှင့် အကြမ်းဖက်စစ်အုပ်စု၏ တပ်ရင်း ခမရ ၈၄ တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု၏တပ်က ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် ဒိုးတန်းကျေးရွာမှ ဦးကြည်လွင်နှင့် အေးသာယာကုန်းကျေးရွာမှ အသက် ၃ နှစ်အရွယ် မအိအိဖြိုးတို့မှာ လက်နက်ကြီးကျည် ထိမှန်ပြီး နေရာတွင်ပင် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ထို့ပြင် မအိအိဖြိုး၏ မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့စိုးသည်လည်း ဒဏ်ရာရရှိခဲ့သောကြောင့် ရေတာရှည်ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးကုသ မှုခံယူနေစဉ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သေဆုံးခဲ့ပါတယ်။
========================
📌📌 ၆။ မင်းကင်းမြို့နယ် ပုထိုးလုံးရွာထဲတွင် မတရားကျူးကျော်တပ်စွဲနေသော စကစနှင့်ပျူများတိုက်ခိုက်ခံရ
မင်းကင်းမြို့နယ် ပုထိုးလုံးရွာထဲတွင် မတရားကျူးကျော်တပ်စွဲနေသော စကစနှင့်ပျူများတိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ စစ်ရေးသတင်းကို အမှတ် ၁၁ တပ်ရင်း၊ မင်းကင်းကအသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီလ ၂၀ရက် နံနက် ၅း၃၀ အချိန်တွင် ပုထိုးလုံးရွာထဲတွင် မတရားကျူးကျော်တပ်စွဲနေသော စကစနှင့်ပျူ အင်အား ၇၀ခန့် နေရာအား ၆၀ မမ လက်နက်ကြီး ၅လုံး ၊ Sniper ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခဲ့ပါတယ်။မနက် ၁၁း၀၀ အချိန်တွင် စကစနှင့်ပျူ များသည် ပုထိုးလုံး ရွာမှ မင်းကင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာနေစဥ် ထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
မင်းကင်း အမှတ် ၁၁ တပ်ရင်း၏ လက်နက်ကြီး ၁လုံး ထိမှန်ပြီး စကစ ၃ ယောက် လဲကျသွားသည်ကိုမြင်လိုက်ရကာ အသေပျောက် မသိရသေးဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်တွင် ပုထိုးလုံးရွာထဲမှ မတရားခိုးယူသွားသည့်ပစ္စည်းများကို မင်းကင်းမြို့ပေါ်သို့သယ်ဆောင်နေပြီးထပ်မံ စစ်ကြောင်းတက်လာမည့် အနေထားရှိပါသဖြင့် ချင်းတွင်းမြစ်အတွင်း ပုထိုးလုံးရွာနှင့် အနီးတဝိုက်အား သွားလာမှုမပြုလုပ်ကြပါရန် သတိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းအတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စခန်းမှူးနဲ့ ဒုရဲအုပ်အပါအဝင် သုံးဦးသေဆုံး
မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းအတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၍ စခန်းမှူးနဲ့ဒုရဲအုပ်အပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ စစ်ရေးသတင်းကို သရက်ခရိုင် PDF တပ်ရင်း ၄ (Eagle Force)ကအတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၆ နာရီခန့်က သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်းအတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် သုံးချက်ပစ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းသို့ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါ ဗုံးသီးကျရောက်ပေါက်ကွဲ၍ စခန်းမှူး တစ်ယောက်၊ ဒုရဲအုပ်တစ်ယောက်၊ ဒုတပ်ကြပ် တစ်ယောက် စုစုပေါင်းသုံးယောက် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကူလာသော ကပစ၁၂မှ စကစတပ်များလိုက်ပါတဲ့ကားကိုပါ လမ်းခုလတ်မှာမိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးထပ်မံသေဆုံးတယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment