21st FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးမှာ အဓိကနှင့်သာမညတွေ ကွဲကြပြီလို့ အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ဆို

📌 ၃။ မိခင်ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသော တိုင်းရင်းသား ပညာရေးဌာနများအပါအဝင် စာပေယဉ်ကျေးမှုအဖွဲ့အစည်းများအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NUCC နဲ့ NUG တို့ပူးတွဲ ကြေညာ

📌 ၄။ ဟားခါးမြို့၊ Battalion 269 မှ ရဲဘော်နှစ်ဦး လက်နက်အပြည့်အစုံဖြင့် CDF_Hakha ထံ အလင်းဝင်ခိုလှုံလာ၍ ဆုကြေးငွေများ ချီးမြှင့်

📌 ၅။ ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ် () ဦးနှင့် အဖွဲ့အစည်း () ခုအပေါ် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရာ စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


ဖေဖော်ဝါရီ ၂၁ ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုအသိ‌ပေးမှာကြားလိုက်ပါတယ်။


"အကြမ်းဖက်အုပ်စုဟာ သူတို့ သုံးနေကျ နည်းဗျူဟာအတိုင်း မိမိတို့တော်လှန်ရေးအင်အားစု များနှင့် ပြည်သူများအကြား သွေးခွဲခြင်း/ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ ယနေ့အထိ တစိုက်မတ်မတ်လုပ်ဆောင်နေပါတယ်။ စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံးပြေလည်အောင် ဆက်ဆံဖို့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံရေးကတိကဝတ် များကို အမြန်ဆုံး သဘောတူညီချက်ရယူမယ်လို့လည်း ယာယီသမ္မတကဆိုပါတယ်။


တစ်ဆက်တည်းမှာပဲ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အောင်ပွဲ အဆင့်ကို ရောက်ရှိနေပြီလို့ ဖေဖော်ဝါရီလအတွင်း ထောက်ပို့တပ် တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားမှာ ယာယီသမ္မတဒူဝါလရှီးလကပြောကြားထားပါ‌သေးတယ်။ ကျနော်တို့ဟာ စစ်အာဏာရှင် ယန္တရားရဲ့ အဓိကခက်မတွေကို ခုတ်ဖြတ်နိူင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စစ်အာဏာရှင် အုပ်စုရဲ့ပင်စည်အရင်းအမြစ်တွေကို မတူးနိူင်၊ မဖြိုနိူင်သေးဘူးလို့ ပြောချင်ပါတယ်။ဒါကြောင့် အဆုံးဖြတ်တိုက်ပွဲအထိ ခရီးဆုံးအောင်လျှောက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ အဓိကနှင့်သာမညတွေ ကွဲကြပြီလို့ အခိုင်အမာယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ဆို


ဖေဖော်ဝါရီ ၂၁


နွေဦးတော်လှန်ရေးမှာ အဓိကနှင့်သာမညတွေကွဲကြပြီလို့ အခိုင်အမာယုံကြည်ကြောင်းစီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကဖေဖော်ဝါရီ၂၀ရက်မှာ ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဆိုလိုက်ပါတယ်။


"အဓိကနှင့်သာမညတွေကွဲကြပြီလို့ အခိုင်အမာယုံကြည်တယ်။ဒီတော်လှန်ရေးမှာတခွင်တပြင်လုံးလိုက်ပါအားထည့်မှုနဲ့ဒီအထိရောက်လာခဲ့ကြပြီ။အဲဒီထဲကမှ တူမီးနဲ့အောက်ချင်းငှက်တို့ရဲ့သစ္စာတရားကို ကျူးရင့်ခဲ့တဲ့သွေးချင်းတို့ရဲ့ ဟစ်ကြွေးသံကအဓိပတိ တပ်ခဲ့တယ်..။မကြာခင်..လွတ်လပ်မှုနဲ့အတူခေါင်းခွေ့ချစ်ကြည်ကြမယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို အတုအယောင် ငြိမ်းချမ်းရေးစကား ကမ်းလှမ်းခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဟာ NUG အစိုးရနဲ့သာ စစ်ရေး ၊နိူင်ငံရေးများကို အတူတကွ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ မိခင်ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသော တိုင်းရင်းသား ပညာရေးဌာနများအပါအဝင် စာပေယဉ်ကျေးမှုအဖွဲ့အစည်းများအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NUCC နဲ့ NUG တို့ပူးတွဲ ကြေညာ


ဖေဖော်ဝါရီ ၂၁ ရက်


ဖေဖော်ဝါရီ ၂၁ ရက်မှာ အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ကပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရရာ၊ တိုင်းရင်းသား ဘာသာစကားများ ဆိုင်ရာ အခွင့်အရေးများနှင့် ဖွံ့ဖြိုးခွင့်ကို လျစ်လျူရှုခံခဲ့ရပါသည်။ မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှု ကို ကိုယ်စားပြုသော စာပေများ၊ သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့် မရရှိခဲ့ဘူးလို့ဆိုပါတယ်။


ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒ (မူကြမ်း) (Federal Democracy Education Policy - Draft) အရ ဖက်ဒရယ်ယူနစ်များသည် အဓိကပညာရေး ဝန်ဆောင်မှု ဖော်ဆောင်သော အစိုးရများ ဖြစ်လာမည်ဖြစ်ရာ တိုင်းရင်းသားများအားလုံး ကိုယ်စားပြု ပါဝင်သော မိခင်ဘာသာ စကား အခြေပြု၊ ဘာသာစကားစုံ ပညာရေးစနစ်တို့ကိုလည်း ဒေသအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ကြမှာဖြစ်ပါတယ်။ ဤမူကြမ်းတွင် ဘာသာစကားဆိုင်ရာ လူ့အခွင့်အရေး (Linguistic Human Rights) နှင့်အတူ မသန်စွမ်းများတွက် လက်သင်္ကေတပြ ဘာသာစကား (Sign Language) ကိုလည်း အသိအမှတ်ပြု အားပေး မြှင့်တင်ခွင့်များ ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြားကာလတွင် အနာဂတ် အတွက် ကြိုတင်ပြင်ဆင်ရန် မိခင်ဘာသာစကားအခြေပြု ပညာသင်ကြားရေးစနစ်များကို လေ့လာ ဖော်ထုတ်ခြင်း၊ သုတေသနပြုစုခြင်း၊  လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဒေသ အလိုက်မူဝါဒဖွံ့ဖြိုးမှု လုပ်ငန်းများကို အားပေးထောက်ခံကာ အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၄။ ဟားခါးမြို့၊ Battalion 269 မှ ရဲဘော်နှစ်ဦး လက်နက်အပြည့်အစုံဖြင့် CDF_Hakha ထံ အလင်းဝင်ခိုလှုံလာ၍ ဆုကြေးငွေများ ချီးမြှင့်


ဖေဖော်ဝါရီ ၂၁


ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ Battalion 269 မှ ရဲဘော်နှစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့၍ အလင်းဝင်ခိုလှုံခဲ့ကြောင်း CDF_Hakhaက ဖော်ပြပါတယ်။


၄င်းတို့နှင့်အတူ MA3 - တစ်ခု၊ MA1 - တစ်ခု, ကျည်ထောင့် ၆၇၄ ခု Magazine - ၉ခု , bomb - ၄ခု၊ 60MM - ၃ခုနှင့်အတူ CDF_Hakha ထံအပ်နှံခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ ခိုလှုံလာသူနှစ်ဦးကို CDF_Hakhaမှ နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၅။ ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ် () ဦးနှင့် အဖွဲ့အစည်း () ခုအပေါ် ဆဋ္ဌမအကြိမ်မြောက် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရာ စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင်


ဖေဖော်ဝါရီ ၂၀


ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မြန်မာနိူင်ငံရှိ ဥရောပသမဂ္ဂရုံးမှ သတင်းထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်   ဖေဖော်ဝါရီလ () ရက်နေ့  စစ်အာဏာသိမ်းပြီး နှစ်နှစ် အကြာတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်း၊ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့ကြောင့်  ယနေ့တွင် ကောင်စီသည် လူပုဂ္ဂိုလ် ( ) ဦးနှင့် အဖွဲ့အစည်း () ခုအပေါ်  ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများတွင် စွမ်းအင်ဝန်ကြီးနှင့်  စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို လက်နက် ကိရိယာများ နှင့်  စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods)  ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ   စစ်အစိုးရနှင့် အနီးကပ် ဆက်စပ်နေသည့် မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ ပါဝင်ပါတယ်။


 ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးအား သေဒဏ်ပေး ကွပ်မျက်သည့် ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီးမှ နိုင်ငံရေးသမားများနှင့် အုပ်ချုပ်ရေးမှူးများ နှင့် ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့မှုနှင့် စစ်တပ်မှ ကျူးလွန်သည့် လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူများ ပါဝင်တယ်လို့ဖော်ပြပါတယ်။


ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသည့် အဖွဲ့အစည်းများစာရင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဌာနများနှင့် ယင်း၏ တရားစီရင်ပိုင်ခွင့် အောက်တွင် ရှိသည့်  နိုင်ငံပိုင် လုပ်ငန်းတစ်ခု အပြင်  စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင်ပြီးပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ်  စုစုပေါင်း (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုအ‌ပေါ် အကျုံးဝင်သက်ရောက်မှာဖြစ်ပါတယ်။ 


စာရင်းသွင်းခံရသူများသည် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ခံရပြီး ယင်းတို့အား ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားကာ ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန်  စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေ ရရှိစေခြင်းအား တားမြစ်ထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment