၂၀၂၃ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကျောချင်းကပ်၊ရင်ချင်းအပ်ပြီးသွားနိူင်မှသာ အာဏာရှင်ကို အပြီးတိုင်မောင်းထုတ်နိူင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
📌 ၂။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ရေဦးမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
📌 ၃။ တနင်္သာရီတိုင်းဟာဖွံ ဖြိုးတိုးတက်နေရမယ့်အစား အကြမ်းဖက် စစ်ခေါင်းဆောင်တွေရဲ့ လူမဆန်စွာလုပ်ရပ်တွေကြောင့် ဒေသမတည်မငြိမ်ဖြစ်နေရတယ်လို့ဆို
📌 ၄။ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ CRPH ပညာရေးကော်မတီကမန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့က Sajiwa ထောင်မှာ ထိန်းသိမ်းခံထားရသူ မြန်မာ စစ်ရှောင်၈၀ဦးထဲမှ အမျိုးသားတစ်ဦးနှလုံးရောဂါနဲ့ကွယ်လွန်
📌 ၆။ မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန် မြန်မာ့အရေး တောင်းဆိုသူများအမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ချီတက်ဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကျောချင်းကပ်၊ရင်ချင်းအပ်ပြီးသွားနိူင်မှသာ အာဏာရှင်ကို အပြီးတိုင်မောင်းထုတ်နိူင်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်
ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီ ၂၆ ရက်တွင်ကျင်းပပြုလုပ်တဲ့ "ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ" စတုတ္ထအကြိမ် fundraising ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက အခုလိုပြောကြားလိုက်ပါတယ်။
"ကျနော်တို့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နာခံမှုရှိရှိ ကျောချင်းကပ်၊ရင်ချင်းအပ်ပြီးသွားနိူင်မှသာ ကျနော်တို့လိုချင်တဲ့ပန်းတိုင် ဖြစ်တဲ့ ဒီအာဏာရှင်ကို အပြီးတိုင်မောင်းထုတ်နိူင်မှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့် သည်းခံကြဖို့၊ ပိုပြီးစည်းလုံးညီညွတ်ကြဖို့ ၊စည်းကမ်းဥပဒေများကိုလိုကိနာကြဖို့ဒီနေရာကနေ ထပ်ပြီးမှာကြားချင်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအောင်မြင်ဖို့ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်လျက်ရှိပြီူ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ စစ်ရေး၊နိူင်ငံရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
"မပြည့်မစုံနဲ့တူးမီးကစခဲ့တဲ့ကျနော်တို့ရဲ့တော်လှန်ရေးဟာ အခုဆိုရင် အတိုင်းအတာတစ်ခုအထိ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေနဲ့အတူ PDFများရဲ့ ပိုမိုရင့်ကျက်လာတဲ့အတွေ့အကြုံများဟာ တော်လှန်ရေး အတွက်ပိုမိုအားဖြစ်လာပြီ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ရေဦးမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီ ၂၆ ရက်မှာ အမိန့်ကြေညာစာမှတ် (၄/၂၀၂၃)ကို ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ရေဦးမြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်နှင့် ဆက်စပ်အဖွဲ့များက နိုင်ငံတစ်ဝှမ်းရှိ အရပ်သားအိမ်ခြေ ၅၅၄၈၄ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထိုသို့မီးရှို့ဖျက်ဆီးရာမှာစစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄၃၂၉၂ လုံး၊ မကွေးတိုင်း ဒေသကြီးတွင် ၈၈၆၃ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၈၄ လုံးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အိမ်ခြေ ၁၈၄၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data for Myanmarကသိရပါတယ်။
========================
📌📌 ၃။ တနင်္သာရီတိုင်းဟာဖွံ ဖြိုးတိုးတက်နေရမယ့်အစား အကြမ်းဖက် စစ်ခေါင်းဆောင်တွေရဲ့ လူမဆန်စွာလုပ်ရပ်တွေကြောင့် ဒေသမတည်မငြိမ်ဖြစ်နေရတယ်လို့ဆို
ဖေဖော်ဝါရီ ၂၆
ဖေဖော်ဝါရီ ၂၆ ရက်"ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ" စတုတ္ထအကြိမ် fundraising ပွဲအခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက တနင်္သာရီတိုင်းနှင့်ပတ်သက်ပြီး အခုလိုပြောဆိုထားပါတယ်။
"တနင်္သာရီတိုင်းဟာ အမေရိကန်မှာဆို ကယ်လဖိုးနီးယားလိုဖြစ်ပါတယ်။ဖန်တီးပြီးသား အရာအားလုံးရှိနေပါတယ်။ အဲဒီလို ဖြစ်မယ့်အစား မြန်မာနိူင်ငံရဲ့အကြမ်းဖက် စစ်ခေါင်းဆောင်တွေရဲ့ လူမဆန်စွာလုပ်ခြင်းကြောင့် တနင်္သာရီတိုင်းဟာ သူ့မှာပေးနိူင်တဲ့ အခွင့်အရေးကို မပေးနိူင်ဘဲ ဒီနေ့ဆို ဒီလိုအခြေအနေမျိုးကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှလည်းအခုလိုပြောကြားထားပါသေးတယ်။
"ဒီဒေသသည် လွတ်မြောက်ဖို့အတွက် လိုအပ်နေပြီ။ အဲဒီလို လွတ်မြောက်ဖို့အတွက်ကို ကျနော်တို့NUGဘက်ကလည်း တတ်နိူင်သမျှပံ့ပိုးနေသလို၊ လူထုဘက်ကလည်း အင်နဲ့အားနဒ့အခုလိုမျိုး ရန်ပုံငွေ ရှာဖွေပွဲတွေလုပ်ပြီးတော့ ပံ့ပိုးပေးနေတာလေးတွေရှိခဲ့ပါတယ်။အခုနောက်ထပ် ရန်ပုံငွေရှာတဲ့တစ်ပွဲ ထပ်လုပ်နေတော့ ဒီဒေသကို ပိုပြီးတော့ မြှင့်တင်ရမယ်။ ပံ့ပိုးရမယ်။ထောက်ပံပေးနိူင်ရမယ်။ဒီလိုမျိုးလုပ်နိူင်ပြီဆိုလို့ရှိရင်တော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် နဲ့တော်လှန်ရေးအင်အားစုတွေက လက်နက်သူအင်ပါးစုဆောင်းနိူင်ဖို့ပိုပြီးအခြေအနေပေးလာမယ်"လို့ဝန်ကြီးကဆိုပါတယ်။
တနင်္သာရီတိုင်းဒေသကြီးဟာ ရေလမ်းကြောင်း ပင်လယ်ထွက်ပေါက်ရှိ၍ ကုန်စည်များသယ်ယူပို့ဆောင်၍ အခွန်အခများစွာရရှိနိူင်တဲ့ အရေးပါတဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ CRPH ပညာရေးကော်မတီကမန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များ တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ ၂၆
ပညာရေးကဏ္ဍနှင့်စပ်လျဥ်းတဲ့ တွေ့ဆုံဆွေးနွေးပွဲကိုဖေဖော်ဝါရီ၂၅ရက်မှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့များက CDM Policy နှင့်စပ်လျဥ်း၍ ဥပဒေ၊ နည်းဥပဒေများ လျင်မြန်စွာ ပေါ်ထွက်လာစေရေး၊ မြေပြင်လှုပ်ရှားမှုအခြေအနေများ၊ တော်လှန်ရေးအစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ ပညာရေးဆိုင်ရာသင်တန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ပညာရေးမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ပညာရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများနှင့် CDM အင်အားစုများ၏ကိုယ်စား တိုက်တွန်းချက်များ၊ ဖက်ဒရယ်ပညာရေးစနစ် ထူထောင်နိုင်ရေးအတွက် တောင်းဆိုချက်များအား တင်ပြဆွေးနွေးခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက် လာကြသည့် ပညာရေးကော်မတီမှ ဥက္ကဋ္ဌနှင့်တကွ အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့က Sajiwa ထောင်မှာ ထိန်းသိမ်းခံထားရသူ မြန်မာ စစ်ရှောင်၈၀ဦးထဲမှ အမျိုးသားတစ်ဦးနှလုံးရောဂါနဲ့ကွယ်လွန်
ဖေဖော်ဝါရီ ၂၆ ရက်
ဖေဖော်ဝါရီ၂၆ရက်မှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်၏ပြောကြားချက်အရ "မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့က Sajiwa ထောင်မှာ ထိန်းသိမ်းခံထားရသူ (၈၀) ဦးမှာအပါအဝင်ဖြစ်တဲ့ ကိုလမ်းခိုကျွန်း [Lamkhochon Guite (32 နှစ်)] နှလုံးရောဂါဖြင့် ယမန်နေ့ညက ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာ သိရပါတယ်။ မလိုအပ်တဲ့ထိန်းသိမ်းချုပ်နှောင်မှုတွေကြောင့် မဖြစ်သင့် မဖြစ်ထိုက်တဲ့ အသက်ဆုံးရှုံးမှုဖြစ်ပေါ်ရတာလို့ မြင်ပါတယ်"လို့ဆိုထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားအရေအတွက် စုစုပေါင်း ၉၄ ဦးရှိပြီးတရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်း သိမ်းထားတာဖြစ်ပါတယ်။
========================
📌📌 ၆။ မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန် မြန်မာ့အရေး တောင်းဆိုသူများအမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ချီတက်ဆန္ဒပြ
ဖေဖော်ဝါရီ ၂၆
လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ် ပေးရေးနှင့်ပတ်သက်၍ ဖေဖော်ဝါရီ၂၆ရက်မှာ NYCBCက ဆန္ဒပြ ချီတက် ပွဲကို အသိပေးဖော်ပြခဲ့ပါတယ်။
"အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့တွင် မြန်မာ့အရေး ဆန္ဒပြချီတက်ပွဲ ပြုလုပ်ခဲ့ပြီး နှင်းများ ကျနေသည့် ရာသီဥတုအတွင်းတွင်ပင် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေးလှုပ်ရှားသူများ ချီတက်ဆန္ဒပြခဲ့ကြတယ်"လို့ဆိုပါတယ်။
ဆန္ဒပြတောင်းဆိုသူများကအမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့သို့ မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန်၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့ကြပါတယ်။
အဆိုပါချီတက်ပွဲကိုဝါရှင်တန်ဒီစီ ဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်အတူ နယူးယောက် အင်ဒီယားနား မေရီလန်း ဗာဂျီးနီးယား မြောက်ကယ်ရိုလိုင်းနား တင်နက်စီ ကင်တက်ကီ အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ပြည်နယ်အများအပြားမှ မြန်မာတိုင်းရင်းသားများတက်ရောက်ခဲ့ကြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment