၂၀၂၃ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သမ္မတ ဦးဝင်းမြင့် တောင်ငူ ဆေးရုံမှာ ခွဲစိတ်မှုတစ်ခု ခံယူရတယ်လို့သတင်းထွက်ပေါ်
📌 ၂။ NUG နိူင်ငံခြားရေးဝန်ကြီးများနဲ့ တောင်ပိုင်းကယ်လီဖိုးနီယားမိသားစုများ တွေ့ဆုံပွဲ ပြည်ထောင်စုဖွားအများအပြားတက်ရောက်
📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့
📌 ၄။ နွေဦးတော်လှန်ရေးမှာ ငွေကြေးစနစ်၊ လက်နက်ထုတ်လုပ်ရေးက အစကိုယ့်ခြေကိုယ် ရပ်တည်လာနိုင်တဲ့ အစိုးရတရပ် ဖြစ်လာပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၅။ တနင်္သာရီဒေသဟာ လွတ်မြောက်ဖို့ရာ အကောင်းဆုံးဒေသထဲမှာ ပါနေတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင်ပြောကြားလိုက်
📌 ၆။ လက်ရှိအချိန်ဟာ စိတ်ဓာတ်ရေးရာအရပါ အမြင့်ဆုံးတိုက်ချိန်ရောက်နေပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်ဆို
📌 ၇။ ကချင်ပြည်နယ်ပညာရပ်စုံ Kachin State Comprehensive University (KSCU) တက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို KIO ဌာနချုပ်မှာ ကျင်းပ
📌 ၈။ Federal Wings ရဲ့ ဒရုန်း မစ်ရှင်တွေ မှာ လစဥ်ပါဝင်လှူဒါန်းဖို့ နွေဦးအောင်လံတိုက်တွန်း
📌 ၉။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါပိုက်ဆံ ၁၀၀၀ တန် ၁၀ရွက်ကို Chindwin Revolutionary Fighters ထံ တောင်သူတစ်ဦး ထောက်ပို့လှူဒါန်း
📌 ၁၀။ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာပို့ရဟတ်ယာဥ်ကို ကရင်နီတပ်မတော်အမှတ် (၁) တပ်ရင်းက မြေပြင်ကနေ ပစ်ခတ်နိူင်ခဲ့၍ ရဟတ်ယာဥ်နောက်ပြန်လှည့်သွား
📌 ၁၁။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းထိတွေ့တိုက်ပွဲမှာ ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှ (၁၁) ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သမ္မတ ဦးဝင်းမြင့် တောင်ငူ ဆေးရုံမှာ ခွဲစိတ်မှုတစ်ခု ခံယူရတယ်လို့သတင်းထွက်ပေါ်
သမ္မတ ဦးဝင်းမြင့် တောင်ငူ ဆေးရုံမှာခွဲစိတ်မှုတစ်ခု ခံယူရတယ်လို့သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ တော်လှန်ရေး အထောက်အကူပြု ပြည်သူ့လူငယ်အဖွဲ့အစည်း MSIက ဖော်ပြပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ တောင်ငူဆေးရုံကြီး၌ အစာအိမ်၊ အူလမ်းကြောင်းနှင့် ပက်သက်၍ ခွဲစိတ်မှု တစ်ခုပြုလုပ်ရကြောင်း အဆိုပါဆေးရုံနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းပေးပို့လာတာလို့ msiက ဖော်ပြပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကို အကြမ်းဖက်စစ်အုပ်စုဟာ နိူင်ငံတော်အာဏာလုယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက မတရားဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ NUG နိူင်ငံခြားရေးဝန်ကြီးများနဲ့ တောင်ပိုင်းကယ်လီဖိုးနီယားမိသားစုများ တွေ့ဆုံပွဲ ပြည်ထောင်စုဖွားအများအပြားတက်ရောက်
NUG နိူင်ငံခြားရေးဝန်ကြီးများနဲ့အမေရိကန် တောင်ပိုင်းကယ်လီဖိုးနီယားမိသားစုများတွေ့ဆုံပွဲ ပြည်ထောင်စုဖွားအများအပြား တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ တောင်ပိုင်း ကယ်လီဖိုးနီယားမိသားစုများနဲ့ တွေ့ဆုံ ဖြစ်ခဲ့ပါတယ်။
"NUG နိုင်ငံခြားရေးဝန်ကြီးတွေနဲ့၊ LA နဲ့အနီးတဝိုက်က တိုင်းရင်းသား မြန်မာမိသားစုတွေ တွေ့ဆုံပွဲကတော့ ကြားရက် (ကြာသပတေးနေ့) လည်းဖြစ်၊ မိုးတွေလေတွေ သည်းထန်တဲ့ရက်လည်းဖြစ်၊ ပြီးတော့ တွေ့ဆုံပွဲ ကျင်းပတဲ့ လမ်းပေါ်က ရထားလမ်းကူးဂိတ်ကလည်းပျက်ပြီး မိနစ် ၂၀ လောက် လမ်းတွေပိတ်စတဲ့ အခြင်းအရာတွေ စုံခဲ့ပေမယ့် ...ခင်းထားတဲ့ခုံတွေပြည့်၊ ဘေးတွေ နောက်တွေမှာ (၂) နာရီလုံးလုံး မတ်တပ်ရပ်ပြီး ခန်းမလျှံထွက်အောင် လာရောက်ခဲ့ကြပါတယ်။ မုန်တိုင်းကို အံတုကြတဲ့ လူထုရဲ့ စိတ်အားထက်သန်မှုကို မျက်ဝါးထင်ထင် မြင်ခဲ့ရတာပါ"လို့ အခမ်းအနားတက်ရောက်သူတစ်ဦးကလည်း ဆိုထားပါတယ်။ အဆိုပါအခမ်းအနားတွင် တက်ရောက်လာတဲ့ လူထုကို နိုင်ငံခြားရေးဝန်ကြီးများက တော်လှန်ရေးနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြခြင်း အစီအစဥ်တစ်ရပ်အား ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
ပထမဦးစွာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်းက One Year Plan အတွက် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်မှုများ၊ လုပ်ငန်းအစီအမံများ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်တမ်းတင်ထားရှိရမည့် သတင်းအချက်အလက်များ စုစည်းထားရှိမှု အခြေအနေအပါအဝင် ဗျူဟာမြောက်ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
၎င်းနောက် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ အသီးသီးဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ကြပါတယ်။ ထို့နောက် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပ၍ ရေးရာကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့အား တင်ပြအစီရင်ခံခြင်းနှင့် ရှေ့ဆက် အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးမှာ ငွေကြေးစနစ်၊ လက်နက်ထုတ်လုပ်ရေးက အစကိုယ့်ခြေကိုယ် ရပ်တည်လာနိုင်တဲ့ အစိုးရတရပ် ဖြစ်လာပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
နွေဦးတော်လှန်ရေးမှာ ငွေကြေးစနစ်၊ လက်နက်ထုတ်လုပ်ရေးကအစကိုယ့်ခြေကိုယ်ရပ်တည်လာနိုင်တဲ့ အစိုးရတရပ် ဖြစ်လာပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။
"အရင်က တော်လှန်ရေးတွေနဲ့ မတူတာက ကိုယ့်ခြေကိုယ်ရပ်တည်လာနိုင်တဲ့ အစိုးရတရပ် ဖြစ်လာတာပဲ။ ငွေကြေးစနစ်၊ လက်နက်ထုတ်လုပ်ရေးကအစ။ အားတင်းထားကြပါ။ ပြန်ဆုံကြမယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မွမ်းမံသင်တန်းများနဲ့ လက်နက်တပ်ဆင်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၅။ တနင်္သာရီဒေသဟာ လွတ်မြောက်ဖို့ရာ အကောင်းဆုံးဒေသထဲမှာ ပါနေတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင်ပြောကြားလိုက်
တနင်္သာရီဒေသဟာ လွတ်မြောက်ဖို့ရာ အကောင်းဆုံးဒေသထဲမှာ ပါနေတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင် ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ပါဝင်လက်တွဲတနင်္သာရီအောင်ပွဲ project တွင် ပါဝင်ထောက်ပို့ပေးကြဖို့ တိုက်တွန်းပြောကြားရာမှာဆိုပါတယ်။
"တနင်္သာရီဒေသဟာ လွတ်မြောက်ဖို့ရာ အကောင်းဆုံးဒေသထဲမှာပါနေတယ်။ ထို့အတူပဲ အင်မတန်မှကိုအရေးပါတဲ့ ဒေသလည်းဖြစ်တယ်။ ပင်လယ်ထွက်ပေါက် လည်းရှိတယ်။ အစရှိသဖြင့်ပေါ့လေ။ တနင်္သာရီဒေသကဒေသခံတွေရဲ့တော်လှန်မှု၊ ခုခံမှု၊ တွန်းလှန်စစ်တွေက အင်အားကောင်းနေတာမျိုးတွေ ခုဆိုတော်တော်တွေ့နေရတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ တနင်္သာရီဒေသအတွက် ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ ဒေါ်လာ၁သိန်းကမ်ပိန်းကို စတင်နေလျက်ရှိပါတယ်။
========================
📌📌 ၆။ လက်ရှိအချိန်ဟာ စိတ်ဓာတ်ရေးရာအရပါ အမြင့်ဆုံးတိုက်ချိန်ရောက်နေပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်ဆို
လက်ရှိအချိန်ဟာ စိတ်ဓာတ်ရေးရာအရပါ အမြင့်ဆုံးတိုက်ချိန်ရောက်နေပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိူင်က သုံးသပ်ပြောပါတယ်။
"ဒီအချိန်ဟာ စိတ်ဓာတ်ရေးရာအရပါ အမြင့်ဆုံးတိုက်ချိန်ပါပဲ။ ဖက်ဆစ်တပ်ထဲ အမိန့်ဖီဆန်မှုတွေ ထလာနေပြီဆိုတာလည်း သတင်းတွေထဲအမြင်ပါ။ တပ်ပြေးတစ်ယောက် (သူက လွတ်မြောက်နယ်မြေမသွား၊ ရွာပြန်လယ်လုပ် ၊ ကိုယ့်နည်းကိုယ့်ဟန်အမိန့်ဖီဆန် သူပါ) သူကို့မေးကြည့်တော့ လာဖမ်းမှာမပူဘူး ၊ သူတို့လိုက်ဖမ်းဖို့လည်း အင်အားမရှိတော့ဘူး။ ဒါတွေလည်းလိုက်မလုပ်နိုင်တော့ဘူးလို့ ဖြေတာတွေ့ပါလိမ့်မယ်။ တော်လှန်ရေးတပ်တွေဘက်က ဘာလက်နက်တွေနဲ့တိုက်နေမှန်း သူမသိဘူး မှန်းဆမရဘူးလို့ ပြောသွားတာCDM အရာရှိတစ်ဦး ပြန်ရေးပြလို့သိရပါတယ်။ ပြည်သူထဲမှာ အစုံပါတယ်လေ ပညာရှင်စုံ ဉာဏ်အစုံ အတတ်စုံ တီထွင်မှုအစုံပါတယ်လေ၊ စာအုပ်ကြီးထဲမပါရင် ဘာမှမလုပ်တတ်တဲ့ ပိန်းပိတ်မှောင်တွေမဟုတ်ဘူး"လို့ ဆိုပါတယ်။
ဒါ့အပြင် ပြောမကုန်တဲ့ ပြည်သူ့အားတွေ တန်ဖိုးတွေကို ဝိုင်းထုတ်ဖေါ်ပေးကြဖို့လည်း ၄င်းကတိုက်တွန်းဆိုထားပါတယ်။
========================
📌📌 ၇။ ကချင်ပြည်နယ်ပညာရပ်စုံ Kachin State Comprehensive University (KSCU) တက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို KIO ဌာနချုပ်မှာ ကျင်းပ
ကချင်ပြည်နယ်ပညာရပ်စုံ Kachin State Comprehensive University (KSCU) တက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို KIO ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်း ၁၀ နာရီအချိန်တွင် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ကချင်ပြည်နယ်ပညာရပ်စုံ Kachin State Comprehensive University (KSCU) တက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့တာလို့သိရပါတယ်။
အခမ်းအနားကို NUG အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒု-ဝန်ကြီး ဂျာထွယ်ပန် တို့မှ မိန့်ခွန်းပြောကြားခဲ့တယ်လို့ Kachin news group ကဖော်ပြပါတယ်။ ထို့နောက် တက္ကသိုလ် အဓိပတိ ဒု-ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က တက္ကသိုလ်ဘွဲ့လက်မှတ်များကို ကျောင်းသားများအား ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ဘွဲ့လက်မှတ်တက်ရောက်ယူခဲ့သော ကျောင်းသူ/သား ၆၄ နှင့် အဝေးရောက် ၁ ဦး စုစုပေါင်း ၆၅ အထိ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၈။ Federal Wings ရဲ့ ဒရုန်း မစ်ရှင်တွေ မှာ လစဥ်ပါဝင်လှူဒါန်းဖို့ နွေဦးအောင်လံတိုက်တွန်း
Federal Wings ရဲ့ ဒရုန်း မစ်ရှင်တွေ မှာ လစဥ်ပါဝင်လှူဒါန်းဖို့ နွေဦးအောင်လံတိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ နွေဦးအောင်လံက အသိပေးဆိုထားပါတယ်။
"Federal Wings ရဲ့ ဒရုန်းမစ်ရှင်တွေမှာ လစဥ်ပါဝင်လှူဒါန်းရင်း အတူတူတိုက်ပွဲဝင်ကြရအောင်"လို့ ဆိုပါတယ်။
Federal Wings ဟာ Drone Project နဲ့ Sniper Project တွေအားလုံးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကျော် သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါတယ်။ Federal Wings Droneဒရုန်းတပ်ဖွဲ့ဟာ စစ်ဆင်ရေးပေါင်းအကြိမ်ရေ၁၀၀ဆင်နွှဲခဲ့ပြီးဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စကစတပ်သား ၅၀ ကျော်သေဆုံးကာ ၈၀ ကျော်ထိခိုက်ဒဏ် ရာရခဲ့ပါတယ်။
========================
📌📌 ၉။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါပိုက်ဆံ ၁၀၀၀ တန် ၁၀ရွက်ကို Chindwin Revolutionary Fighters ထံ တောင်သူတစ်ဦး ထောက်ပို့လှူဒါန်း
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ပိုက်ဆံ ၁၀၀၀ တန် ၁၀ရွက်ကို Chindwin Revolutionary Fighters ထံ တောင်သူတစ်ဦး ထောက်ပို့လှူဒါန်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ CDRF က အသိပေးဆိုထားပါတယ်။
"CDRF ကရဲဘော်တို့ကိုမြင်တော့ ချစ်လို့ဆိုပြီး မြတ်မြတ်နိုးနိုးထားတဲ့ ဗိုလ်ချုပ်ပုံပါပိုက်ဆံ ၁၀၀၀ တန် ၁၀ရွက်ကို ပါဝင်အားဖြည့်ပေးပါသော ဒွေးကြီးကို ကျေးဇူးတင်ပါတယ်။အရေးတော်ပုံအောင်တော့မှာပါ ဒွေးကြီးရေ"လို့ဆိုထားပါတယ်။ မကွေးတိုင်းဒေသကြီးရှိ ဒေသခံ ပြည်သူများမှာတော်လှန်ရေးအင်အားစုများကို လက်ဝတ်ရတနာများနဲ့ လက်စွပ်၊ လက်ကောက်၊ နားကပ်များ မကြာခဏချွတ်၍ လှူဒါန်းပံ့ပိုးပေးလျက်ရှိပါတယ်။
========================
📌📌 ၁၀။ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာပို့ရဟတ်ယာဥ်ကို ကရင်နီတပ်မတော်အမှတ် (၁) တပ်ရင်းက မြေပြင်ကနေ ပစ်ခတ်နိူင်ခဲ့၍ ရဟတ်ယာဥ်နောက်ပြန်လှည့်သွား
အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာပို့ရဟတ်ယာဥ်ကို ကရင်နီတပ်မတော်အမှတ် (၁) တပ်ရင်းက မြေပြင်ကနေ ပစ်ခတ်နိူင်ခဲ့၍ ရဟတ်ယာဥ် နောက်ပြန်လှည့်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ဖော်ပြပါတယ်။
ထိုင်း_ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)ကိုဖေဖော်ဝါရီ ၂၄ရက် ညနေ ၃နာရီခွဲဝန်းကျင်က ရိက္ခာပို့ဆောင်ဖို့အတွက် အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်တစ်စီး ပျံသန်းလာစဥ် မြေပြင်ကပစ်ခတ်၍ မြေပြင်ကို မဆင်းသက်နိုင်တော့ဘဲ နောက်ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။ ဖြစ်စဥ်အပြီးမှာ အကြမ်းဖက်စစ်တပ်က ညနေ ၄နာရီ ၂၀ခန့်မှာ စစ်ဂျက်လေ ယာဉ် (၂) စီးနဲ့ ဟွေခမောက် ဝန်းကျင် တစ်ဝိုက်ကို ၄ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။ ကရင်နီတပ်မတော်ဖက်က တစ်စုံတစ်ရာထိခိုက်မှုမရှိဘူးလို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၁၁။ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းထိတွေ့တိုက်ပွဲမှာ ရဲစခန်းနှင့် စစ်ကောင်စီတပ်များဘက်မှ (၁၁) ဦးသေဆုံး
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းထိတွေ့တိုက်ပွဲမှာ ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ (၁၁) ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၆ နာရီခန့်အချိန်တွင် စတင်ပြီး ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းအား နဂါးနီ စစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
"ဘုရားသုံးဆူမြို့ ရှိ နယ်မြေခံရဲစခန်းအား မိမိတို့ နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့မှ ဖေဖော်ဝါရီ၂၅ရက်နေ့ နံနက် ၆ နာရီခန့်အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားပြီး ဘုရားသုံးမြို့အတွင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၂၈၄)၊ ခလရ (၉၇) တပ်များမှ ထုတ်နှုတ်အင်အား(၃၀)ခန့်ဟာ မိမိတို့ တိုက်ပွဲ ဖြစ်ပွားရာနေရာသို့ စစ်ကူအနေဖြင့် ဝင်ရောက်လာခဲ့ရာ မိမိတို့ တပ်များနှင့် ပြန်ဆုတ်ခွာချိန် နံနက် (၇) နာရီ ဝန်းကျင် အချိန်တွင် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
နံနက် (၈) နာရီခန့်တွင် ပူးပေါင်းတပ်များပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စုစုပေါင်းတိုက်ပွဲကြာချိန် (၂) နာရီခန့် ကြာမြင့်ခဲ့ကာတိုက်ပွဲအတွင်း ရဲစခန်း နှင့် စစ်ကောင်စီတပ်များဘက်မှ ရန်သူ့အင်အား (၁၁)ဦး ကျဆုံးကြောင်းသိရှိရပြီး ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦး နိုင်ငံ့အတွက် အသက်ပေးလှူသွားခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment