28th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက် လမ်းကြောင်း မရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းဖက်စစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာ ဖိအားပေး တုံ့ပြန်နေတယ်လို့ဝန်ကြီးချုပ်ဆို

📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး

📌 ၄။ နိူင်ငံရေးစနစ်ဆိုးကို ဘယ်သောအခါမှ ပြန်မပေါ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေ.

📌 ၅။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် မြန်မာပြည်သူလူထုနှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြော

📌 ၆။ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ (International Humanitarian Law) သင်တန်းများကို စီစဉ်ကျင်းပလျက်ရှိ

📌 ၇။ ပူတာအို-မြစ်ကြီးနား ကားလမ်းအသုံးပြုသည့် မော်တော်ယာဥ်ပိုင်ရှင်များအနေဖြင့် မိုးကာအုပ်ပြီး ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုရန်ပူတာအို PDF ကမေတ္တာရပ်ခံထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက် လမ်းကြောင်း မရှိဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဖေဖော်ဝါရီ ၂၈


ဖေဖော်ဝါရီ ၂၈ ရက်‌နေ့တွင်ကျင်းပပြုလုပ်သောအမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်း‌ ပြောကြားခဲ့ပါတယ်။


"စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော်တို့အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး  ပိုမိုစုံလင်တဲ့ စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိပါတယ်။ ကျနော်တို့အစိုးရကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရပ်တည်ချက်ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူထောင်နိုင်ဖို့ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


"လက်ရှိစစ်ကောင်စီဟာ တိုင်းပြည်ကို တည်ငြိမ်မှုမပေးနိုင်တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းဖက်စစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာ ဖိအားပေး တုံ့ပြန်နေတယ်လို့ဝန်ကြီးချုပ်ဆို


တော်လှန်ရေးဟာ ဆက်လက်ပြီး အားကောင်းစွာ ဖိအားပေး တုံ့ပြန်နေတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။ စစ်အာဏာရှင်အကြမ်းဖက်စစ်တပ်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ တော်လှန်နေတဲ့အကြောင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်းမှာ အခုလို ပြောကြားခဲ့ပါတယ်။


"တိုင်းပြည်ရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ ဘဝတွေ အသက်တွေစတေးပြီး ယုံကြည်စွာနဲ့ ရှေ့ဆက်နေကြတဲ့အတွက် အခုလို နှစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင် အကြမ်းဖက်စစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာ ဖိအားပေး တုံ့ပြန်လျက်ရှိပါတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မရအောင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ပိုပြီး အာရုံစိုက် လုပ်ဆောင်လာရတာတွေရှိပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၆၀ ခန့်ရှိကာ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ် ကျော်အတွင်း စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော်ကျဆုံးခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီတို့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဥ်း၍ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ၂၈


ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အဖွဲ့ဝင်များသည် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများအတွက် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ  ဦးမြင့်ထွေးက လွှတ်တော်ဆိုင်ရာလုပ်ငန်းများအတွက် တင်ပြဆွေးနွေးခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသည့် အခြားအဖွဲ့ဝင်များက မြေပြင်အခြေအနေများနှင့် လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များအတွက် ပိုမိုချိတ်ဆက်ဆောင်ရွက် နိုင်စေရန် အကြံပြုချက်များ တင်ပြ၍ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ နိူင်ငံရေးစနစ်ဆိုးကို ဘယ်သောအခါမှ ပြန်မပေါ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေ.


ဖေဖော်ဝါရီ ၂၈


နိူင်ငံရေးစနစ်ဆိုးကို ဘယ်သောအခါမှ ပြန်မပေါ်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖေဖော်ဝါရီလအတွင်း အမေရိကန်ပြည်ထောင်စု တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာမိသားစုနဲ့တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။


"ဒီ စစ်ကောင်စီ ပြုတ်ကျရုံနဲ့တော်လှန်ရေးက ပြီးသွားမှာ မဟုတ်ဘူး။ နောင်တစ်ချိန် ဘယ်သောအခါမှ ဒီလိုအာဏာရှင်စနစ်မျိုး၊စိတ်မထင်ရင်မထင်သလို အာဏာကောက်ကောက်သိမ်းလိုက်တဲ့ အကျင့်ဆိုး ၊စရိုက်ဆိုးမျိုးတွေကို ခွင့်ပြုတဲ့ နိူင်ငံရေးစနစ်ဆိုးကို ဘယ်သောအခါမှ ပြန်မပေါ်ရေးဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ဒါမှ စနစ်တစ်ခုလုံး ပြောင်းလဲရမယ်ဆိုတဲ့ဟာပေါ့"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိူင်ငံတော်အာဏာကို လုယူခဲ့ပါတယ်။


========================


📌📌 ၅။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် မြန်မာပြည်သူလူထုနှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြော


ဖေဖော်ဝါရီ ၂၈


ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ အခုလိုဆိုခဲ့ပါတယ်။


"ချစ်လှစွာသော အမိမြေ အမိပြည်နှင့် ရဲ့ရင့်သတ္တိရှိသော မြန်မာပြည်သူထုများအားလုံးအတူတကွ ဤရက်စက်လှသော  စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအမြစ်ပျက်ခြေမှုန်းပြီး  ဤဆိုးရွားလှသော အကြမ်းဖက်အာဏာရှင်များ၏ စစ်ကျွန်ဘ၀မှ အမြန်ဆုံးလွတ်မြှောက်၍ ကျွန်တော်တို့အားလုံးကို စောင့်မျော်နေသည့် အလွန်သာယာ၀ပြောသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်ဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် မြန်မာပြည်သူလူထုနှင့်အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကြိုးစားအားထုတ် ဆောင်ရွက်သွားရန် သံဋိဌာန် ချပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာနွေဦးတော်လှန်ရေးကို တစ်နှစ်တာမဟာဗျူဟာ စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၆။ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ (International Humanitarian Law) သင်တန်းများကို စီစဉ်ကျင်းပလျက်ရှိ


ဖေဖော်ဝါရီ ၂၈


ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ (International Humanitarian Law) သင်တန်းများကို စီစဉ်ကျင်းပလျက်ရှိတယ်လို့ ဖေဖော်ဝါရီ၂၈ရက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ (International Humanitarian Law) သင်တန်းများကို စီစဉ်ကျင်းပလျက်ရှိပါတယ်"လို့ဆိုပါတယ်။


အဆိုပါသင်တန်းများအား စစ်တိုင်းနှင့် စစ်ဒေသအသီးသီးတွင် တိုက်ပွဲဝင်နေကြသော ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ (People’s Defence Organization) အဖွဲ့ဝင်များ အတွက် ပို့ချပေးခဲ့ခြင်း ဖြစ်ပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အလို့ငှာ ဤသင်တန်းများကို စီစဉ်ကျင်းပခြင်း ဖြစ်တယ်လို့ MOD ကဖော်ပြပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေသင်တန်းများကို  မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအတွက် ၂၀၂၃ ခုနှစ်အတွင်းတွင်သော် လည်းကောင်း၊ ၂၀၂၃ ခုနှစ်အလွန်တွင်သော်လည်းကောင်း ဆက်လက်ကျင်းပသွားမယ်လို့ ဆိုပါတယ်။


========================


📌📌 ၇။ ပူတာအို-မြစ်ကြီးနား ကားလမ်းအသုံးပြုသည့် မော်တော်ယာဥ်ပိုင်ရှင်များအနေဖြင့် မိုးကာအုပ်ပြီး ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုရန်ပူတာအို PDF ကမေတ္တာရပ်ခံထား


ဖေဖော်ဝါရီ ၂၈


ပူတာအို-မြစ်ကြီးနား ကားလမ်းအသုံးပြုသည့် မော်တော်ယာဥ်ပိုင်ရှင်များအနေဖြင့် မိုးကာအုပ်ပြီး ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုရန် ဖေဖော်ဝါရီ ၂၈ ရက်မှာ ပူတာအို PDFကအသိပေးဆိုထားပါတယ်။


"တိုင်းပြည်၏အမိအဖ ပြည်သူများခင်ဗျား ..၂၀၂၃ ရက်မှ စတင်ကာပူတာအို-မြစ်ကြီးနား ကားလမ်းအသုံးပြုသည့်မော်တော်ယာဥ်ပိုင်ရှင်များအနေဖြင့်မိုးကာအုပ်ပြီး ကုန်ပစ္စည်းတင်ဆောင်ခြင်းမပြုရန်မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ အများပြည်သူပိုင်လမ်းများကို အသုံးပြု၍ စစ်လက်နက်နဲ့ အင်အားဖြည့်တင်းရန်အတွက် အရပ်သားအိမ်စီးကားနဲ့ကုန်တင်ယာဥ်များကို ဟန်ဆောင်အသုံးပြုလျက်ရှိနေပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment