၂၀၂၃ မတ်လ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အသက်ပေးပြီး ကျဆုံးသွားသူများဟာ တော်လှန်ရေးနှင့် တိုင်းပြည်အတွက် သူရဲကောင်းများဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာ့အရေးအပေါ် ပံ့ပိုးကူညီပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးတိုက်တွန်းတောင်းဆို
📌 ၃။ သယံဇာတ ကနေထွက်လာတဲ့ အကျိုးအမြတ် တွေဟာ ပြည်သူတွေဆီကို ပြန်လည် စီးဝင်မသွားပဲ ပုဂ္ဂလိက အနေနဲ့ ပဲ အကျိုးအမြတ်ရသွားကြတယ်လို့ပြောကြား
📌 ၄။ “ Federal တန်ခူး “ တော်လှန်သင်္ကြန်အား ကျူးရှူးဒေသတွင် ကျင်းပမယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေး
📌 ၅။ နွေဦးတက္ကသိုလ်ရဲ့ ဧပြီလ Intake ရဲ့ သင်တန်း တွေစတင်ဖွင့်လှစ်
📌 ၆။ မြောင်မြို့နယ်ရှိ ကျေးရွာများသို့ သာလွန်အင်အားနဲ့ စကစတပ်များ နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးနေ
📌 ၇။ “ရောင်နီလာရာလမ်း, နယူးယောက်”မှာ ပြသရာ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ(၂၇,၀၀၀)ကျော် ရှာဖွေနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အသက်ပေးပြီး ကျဆုံးသွားသူများဟာ တော်လှန်ရေးနှင့် တိုင်းပြည်အတွက် သူရဲကောင်းများဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
မတ်လ၁၅ရက်
မတ်လ၁၄ရက်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလကတော်လှန်ရေးအတွက် အသက်ကိုပေးစွန့်လွှတ်သွားတဲ့ သူရဲကောင်းများနှင့်ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။
"ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာနှင့် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာရှိ သံဃာတော်များနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်ခဲ့တာ တွေ့ရပြီး ကျွန်တော့်အနေဖြင့်လည်း ဆုံးရှုံးသွားတဲ့ မိသားစုဝင်များအားလုံးကို ဝမ်းနည်းကြောင်း အလေးအနက်ထား မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူတို့ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနှင့် ခံစားမှုများကို မိသားစုနှင့်ထပ်တူ ခံစားရပါတယ်။ ကျန်ရစ်သူမိသားစုဝင်များရဲ့ ဆုံးရှုံးမှုဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။ အသက်ပေးပြီး ကျဆုံးသွားသူများဟာ ကျွန်တော်တို့ တော်လှန်ရေးနှင့် တိုင်းပြည်အတွက် သူရဲကောင်းများဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်ကျဆုံးသူများရဲ့အသက်ကို အကြမ်းဖက်စစ်အုပ်စုတွေ ထုတ်ယူသွားပေမဲ့ ပြည်သူတွေရဲ့ တော်လှန်တဲ့ စိတ်ဓာတ်ကိုစစ်အုပ်စုဟာ မချိုးနှိမ်နိုင်ဘူးလို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှာ မြန်မာ့အရေးအပေါ် ပံ့ပိုးကူညီပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးတိုက်တွန်းတောင်းဆို
မတ်လ၁၅ရက်။
ဘာရိန်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပလျက်ရှိသည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေး ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိပါတယ်။ ထိုသို့တက်ရောက်ခြင်းနှင့်ပတ်သက်၍ မတ်လ၁၄ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးဟာ ညီလာခံ၏ General Debate ၌ မြန်မာ့အရေးအခြေအနေများကို တက်ရောက်ရှင်းလင်းပြောကြားပြီး နိုင်ငံတကာလွှတ်တော်များသို့ မြန်မာ့အရေးအပေါ် ပံ့ပိုးကူညီပေးရန် တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က မတ်လ ၁၂ နဲ့ ၁၃ ရက်မှာ ညီလာခံအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ အပြင် နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco အပါအဝင် ညီလာခံသို့ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်အ ဖွဲ့တွေနဲ့လည်း သီးခြားတွေ့ဆုံပြီး မြန်မာ့အရေးကိစ္စများအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထား ပါတယ်။
========================
📌📌 ၃။ သယံဇာတ ကနေထွက်လာတဲ့ အကျိုးအမြတ် တွေဟာ ပြည်သူတွေဆီကို ပြန်လည် စီးဝင်မသွားပဲ ပုဂ္ဂလိက အနေနဲ့ ပဲ အကျိုးအမြတ်ရသွားကြတယ်လို့ပြောကြား
မတ်လ၁၅ရက်
မြန်မာနိူင်ငံမှာ သယံဇာတ ကနေထွက်လာတဲ့ အကျိုးအမြတ်တွေဟာ ပြည်သူတွေဆီကို ပြန်လည် စီးဝင်မသွားပဲ ပုဂ္ဂလိက အနေနဲ့ ပဲ အကျိုးအမြတ်ရသွားကြတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ပြောကြားလိုက်ပါတယ်။
မတ်လအတွင်းမှာ ဒုဝန်ကြီး မော်ထွန်းအောင်က
"ဘက်ထရီတွေနဲ့ Green technology မှာအဓိကလိုအပ်တဲ့ rare earth ထုတ်လုပ်မှု မှာကတော့ ထုတ်လုပ်တဲ့နေရာ၊ ထုတ်လုပ်သူ အကန့်အသတ်တွေရှိယုံသာမက ထုတ်လုပ်တဲ့ နည်းပညာကလည်း ပတ်ဝန်းကျင် အကြီးအကျယ်ထိခိုက်လို့ နိုင်ငံကြီးတွေမှာတောင်ချိန်ဆ လုပ်ဆောင်နေရတယ်။ လက်ရှိ အများဆုံးထုတ်တာက တရုတ်၊ ပြီးတော့ ကပ်လိုက်နေတာက မြန်မာနိုင်ငံ က ကချင်ပြည်နယ်၊ စာရင်းဇယားက ပြည်တွင်းမှာ မရှိဘူး၊ တရုတ် custom data မှာပဲပေါ်တာကိုး၊ ဆိုတာက ဒီလို သယံဇာတ ကနေထွက်လာတဲ့ အကျိုးအမြတ် တွေသည် ပြည်သူတွေဆီကို ကျောင်း၊ ဆေးရုံ၊ ပြည်သူ့ဝန်ဆောင်မှု အနေနဲ့ ပြန်လည် မစီးဝင်သွားပဲ၊ ပုဂ္ဂလိက အနေနဲ့ ပဲ အကျိုးအမြတ်ရသွားတဲ့သဘောဖြစ်နေတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုဟာ အာဏာလုယူပြီးနောက်ပိုင်း သဘာဝသယံဇာတ စီမံကိန်းများကို တရားမဝင်ဘဲ ခွင့်ပြုချက်များ ထုတ်ပေးနေလျက်ရှိပါတယ်။
========================
📌📌 ၄။ “ Federal တန်ခူး “ တော်လှန်သင်္ကြန်အား ကျူးရှူးဒေသတွင် ကျင်းပမယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေး
မတ်လ၁၅
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် “ Federal တန်ခူး “ တော်လှန်သင်္ကြန်အား ကျူးရှူးဒေသတွင် ကျင်းပသွားမှာဖြစ်တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကအသိပေးဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဂျပန်နိုင်ငံ Sagaခရိုင် ကTosuမြို့တွင်နွေဦးတော်လှန်ရေးမောင်နှမများနှင့်အတူတကွပူးပေါင်းပြီး “ သွေးချင်းညီညာ တွန်းလှန်မည် အနာဂတ်ရဲ့ Federal တန်ခူးဆီ”ဟူသော ခေါင်းစဉ်ဖြင့် “ Federal တန်ခူး “ တော်လှန်သင်္ကြန်အား တော်လှန်ရေးပုံရိပ်များထည့်သွင်းကာ၂၀၂၃ ခုနှစ်၊ ဧပြီလ၁၆ ရက်နေ့ (တနင်္ဂနွေနေ့) တွင် စည်းကမ်းတကျ ကျင်းပသွားမယ်လို့အသိပေးဆိုပါတယ်။
ပွဲအစီအစဉ်များ လက်မှတ်ရောင်းချခြင်းအပါအဝင် အသေးစိတ် အချက်အလက်များအား NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးFace Bookစာမျက်နှာတွင်ပွဲစီစဉ်ကျင်းပမည့် အဖွဲ့များ၏ လင့်ခ်များမှတဆင့် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ နွေဦးတက္ကသိုလ်ရဲ့ ဧပြီလ Intake ရဲ့ သင်တန်း တွေစတင်ဖွင့်လှစ်
မတ်လ၁၅
"အားလုံးစောင့်မျှော်နေကြတဲ့ နွေဦးတက္ကသိုလ်ရဲ့ April လ Intake ရဲ့ သင်တန်းတွေစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။အဆိုပါသင်တန်းများထဲမှ ပထမဆုံးအကြိမ်အဖြစ် အသစ်ဖွင့်လှစ်တော့မယ့် Introduction to International Relations ဆိုတဲ့ သင်တန်းလေးကို ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။Introduction to International Relations သင်တန်းကိုတော့ ဧပြီလ (၃) ရက်နေ့ မှ မေလ (၉) ရက်နေ့အထိ (၆) ပတ်တာ ဖွင့်လှစ်သွားမှာဖြစ်ပြီးသင်တန်းချိန်တွေအနေနဲ့ကတော့ အပတ်စဉ် တနင်္လာနေ့ နဲ့ အင်္ဂါနေ့တွေမှာ ည (၆:၀၀) နာရီ မှ (၈:၀၀) အထိ သင်ကြားသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
သင်တန်းလေးကို တက်ရောက်တဲ့ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာဆက်ဆံရေးပညာရပ် ဆိုင်ရာ အခြေခံသဘောတရားတွေ သာမက မြန်မာနိုင်ငံနဲ့ နိုင်ငံရေးအရ ၊ စီးပွါးရေးအရ သံတမန်ရေးရာ ကူးလူးဆက်ဆံမှုတွေ ပြုလုပ်နေတဲ့နိုင်ငံတွေကိုပါ လေ့လာနိုင်မှာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်ရှိစေမှာဖြစ်ပါတယ်။
========================
📌📌 ၆။ မြောင်မြို့နယ်ရှိ ကျေးရွာများသို့ သာလွန်အင်အားနဲ့ စကစတပ်များ နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးနေ
မတ်လ၁၅
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများသို့ သာလွန်အင်အားနဲ့ စကစတပ်များ နှစ်ဖွဲ့ခွဲ၍ စစ်ကြောင်းထိုးနေတယ်လို့ မတ်လ၁၅ရက်မှာမြောင် CDSOMအဖွဲ့က အသိပေးဆိုပါတယ်။
"နဂါးပေါက်တွင် ဝင်နေသည့် စကစတပ်များ တောင်ဘက်သို့ နှစ်ဖွဲ့ခွဲပြီး ထွက်နေတယ်လို့သိရပါတယ် ။ ချောင်းဆင်း ၊ ကျောက်တိုင်ကုန်း ၊ မယ်မသော် ၊ ရသစ် ၊ ပေါက်ချောင်း ၊ ရွာပုလဲ
ကျေးရွာများ အားလုံး သတိထားရပြီး မိဘပြည်သူများ တိမ်းရှောင်ကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
မတ်လ ၁၃ ရက်မနက် ၆နာရီကျော်ကတည်းက စကစတပ်ဟာ စစ်မျက်နှာ ၂ ခု တစ်ပြိုင်တည်း ဖွင့်ပြီး မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် ထိုးစစ်ဆင်နေသည့် အတွက်ကြောင့် ပြည်သူများမှာ လူဦးရေ ၁၅၀၀၀ ကျော်ဘေးကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
========================
📌📌 ၇။ “ရောင်နီလာရာလမ်း, နယူးယောက်”မှာ ပြသရာ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ(၂၇,၀၀၀)ကျော် ရှာဖွေနိုင်ခဲ့
မတ်လ၁၅
မတ်လအတွင်းမှာ H2B Family က ရန်ပုံငွေ ရရှိမှုကိုအခုလိုအသိပေးဆိုပါတယ်။
"မတ်လ ၁၁ ရက်နေ့၊ နယူးယောက်မြို့တွင် ပြသသွားခဲ့သော ဒါရိုက်တာ ကိုပေါက်၏ “ရောင်နီလာရာလမ်း”ရုပ်ရှင်အား လာရောက်ကြည့်ရှုအားပေးခဲ့ကြသူ တစ်ဦးချင်းစီကို H2B မှ အထူးကျေးဇူးတင်ရှိပါတယ်။ ဝမ်းသာစရာသတင်းကောင်း တစ်ခုအနေနဲ့ ရုပ်ရှင်ပြပွဲအပြီးမှာ စုစုပေါင်းရန်ပုံငွေ (၂၇,၇၄၉.၁၀)ဒေါ်လာ ရှာဖွေနိုင်ခဲ့ကြောင်း ကြေညာပေးပါရစေ။ ရုပ်ရှင်ပြပွဲ ဖြစ်မြောက်ရန် ထွေထွေအသုံးစရိတ်များ နှုတ်ပြီးနောက် ရန်ပုံငွေ $(၂၀,၅၂၈.၀၂)ဒေါ်လာကျန်ရှိတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသော ရောင်နီလာရာလမ်း ဇာတ်လမ်းရုပ်ရှင်ကို လက်ရှိမှာ နိူင်ငံတကာမှာလည်း ပြသလျက်ရှိနေပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment