20th MAR 2023 - Evening Daily News by Radio NUG



၂၀၂၃ မတ်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ချင်းတိုင်းရင်းသား ပြည်သူပြည်သားများအပါအဝင်ဒီမိုက‌‌ရေစီ တော်လှန်ရေး အင်အားစုအားလုံး၏ ခိုင်မာသောစည်းလုံးညီညွတ်မှုခွန်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ အတူတကွလျှောက်လှမ်းနိုင်မယ်လို့ CRPH ယုံကြည်

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကို Digital လုံခြုံရေးသင်တန်းပို့ချ

📌 ၃။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ်  နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေ

📌 ၄။ တော်လှန်ရေးကို မခံချင်စိတ်တစ်ခုနဲ့လုပ်လို့ မရတော့ဘဲ မဟာဗျူဟာမြောက်ချဥ်းကပ်မှုနဲ့ ခိုင်မာရှင်းလင်းတဲ့ စုဖွဲ့တည်ဆောက်မှုတွေလုပ်ရတော့မယ်လို့ပြောကြား

📌 ၅။ အညာကို အေးချမ်းစေဖို့ရာ အထောက်အကူပြုမယ့်အညာချယ်ရီ အောင်ပွဲဆီကမ်ပိန်းစတင်

📌 ၆။ အင်အား ၁၂၀ ခန့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးအထက် သေဆုံး

📌 ၇။ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT) ဌာနချုပ်နယ်မြေအတွင်း စကစ၏ တပ်မ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT ကျားမဲစစ်ကြောင်းတို့ ၃ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၆ဦးသေဆုံး

📌 ၈။ မြန်မာပြည်လွတ်မြောက်ရေး ရန်ပုံငွေ စျေးရောင်းပွဲတော်ကို အမေရိကန်နိူင်ငံမှာ NYCBC က ကြီးမှူးကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ချင်းတိုင်းရင်းသား ပြည်သူပြည်သားများအပါအဝင်ဒီမိုက‌‌ရေစီ တော်လှန်ရေး အင်အားစုအားလုံး၏ ခိုင်မာသောစည်းလုံးညီညွတ်မှုခွန်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ အတူတကွလျှောက်လှမ်းနိုင်မယ်လို့ CRPH ယုံကြည်


မတ်လ၂၀


မတ်လ ၂၀ ရက် (၃၅)နှစ်မြောက်  ချင်းတော်လှန်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကအခုလို ဆိုထားပါတယ်။


ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာကြာ အာဏာရှင်စနစ်ဆိုးအား ဆန့်ကျင်ရန် တော်လှန်ရေးတိုက်ပွဲများတွင်သာမက ယခု နွေဦးတော်လှန်ရေးတပ်ဦးတွင် ကဏ္ဍအသီးသီး၌ တက်ကြွစွာ စုစည်းလှုပ်ရှားပါဝင်ခဲ့ကြသည့် သွေးချင်းညီနောင် ချင်းတော်လှန်ရေး ခေါင်းဆောင် ကြီးများ၊ ချင်းမျိုးချစ်ကျောင်းသားလူငယ်များ၊ မတူညီသော နေရာဒေသများတွင် မှီတင်းနေထိုင် နေကြသော ချင်းတိုင်းရင်းသားများအားလုံး၏ ခိုင်မာတည်ကြည်သော တော်လှန်ရေးစိတ်ဓာတ်အား၊ ဒီမိုကရေစီလူထုလှုပ်ရှားမှုအင်အားနှင့် ကိုယ်ကျိုးစွန့် အသက်ပေးတာဝန်ထမ်းဆောင်မှု ခွန်အား တို့သည် လွန်စွာ ဂုဏ်ယူထိုက်သည်ကို ဖော်ပြလိုပါတယ်လို့ဆိုပါတယ်။


ချင်းတိုင်းရင်းသား ပြည်သူပြည်သားများအပါအဝင် မိမိတို့ဒီမိုက‌‌ရေစီ တော်လှန်ရေး အင်အားစုအားလုံး၏ ခိုင်မာသောစည်းလုံးညီညွတ်မှုခွန်အားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ အတူတကွလျှောက်လှမ်းနိုင်မည့် ဤနွေဦးတော်လှန်ရေးအောင်ပွဲအား အခက်အခဲ အတားအဆီးများကြားမှ ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဟု လေးနက်စွာယုံကြည် လျက် (၃၅) နှစ်မြောက် ချင်းတော်လှန်ရေးနေ့သဝဏ်လွှာ အား ဂုဏ်ယူစွာ ပေးပို့အပ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကဆိုပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များကို Digital လုံခြုံရေးသင်တန်းပို့ချ


မတ်   ၂၀  ရက်


မတ်လ၂၀ ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက Digital လုံခြုံရေးသင်တန်းပို့ချခဲ့မှုနှင့်ပတ်သက်၍ အခုလိုအသိပေးဖော်ပြပါတယ်။


"ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဦးဆောင်ကာUSIP Burma Programနှင့်ပူးပေါင်း၍  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များအား Digital  လုံခြုံရေးဆိုင်ရာသင်တန်းကို မတ်လ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါတယ်။သင်တန်းအား(၁၈--၂၀၂၃)ရက်နေ့မှ (၁၉--၂၀၂၃)ရက်နေ့ထိ သင်တန်းကာလ ()ရက်၊ သင်ကြားချိန်()နာရီဖြင့် သင်ကြားပို့ချခဲ့ကာ မြို့နယ်အသီးသီးမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ  တက်ရောက်ခဲ့ကြတယ်"လို့ဆိုပါတယ်။


သင်တန်းတွင် USIP Burma Program သင်တန်း ဆရာ/ဆရာမများမှ Digital လုံခြုံရေးအရေးပါပုံကို ကောင်းစွာ နားလည်သဘောပေါက်လာစေရန်၊ သင်တန်းသားများ၏ Digital လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ရန်၊ နေ့စဉ်အသုံးပြုနေသော Mobile Application များ သုံးစွဲရာတွင် လိုအပ်သော လုံခြုံရေးများကို ကိုယ်တိုင်ဆောင်ရွက် လာနိုင်စေရန်၊ Digital ဖိုင်များ မျှဝေ သိမ်းဆည်းရာတွင် လုံခြုံမှုရှိရှိဖြင့် ကောင်းစွာအသုံးပြုနိုင်ရန် ရည်ရွယ်၍ သင်ခန်းစာများကို သင်ကြားပို့ချခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ်  နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေ


မတ်လ၂၀


အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနှင့် ရာဇဝတ်မှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"ဖိနှိပ်တဲ့ကာလအတွင်းမှာ အကြမ်းဖက်မှု၊ လူသတ်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အသားကျနေတဲ့အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေ ဆက်လက်လုပ်ဆောင် လျက်ရှိပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂအပါအဝင် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီး၊ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးအရာရှိနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်တိုင်က အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နှက်နေလို့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်နေတာ အကြိမ်ကြိမ်အခါခါ ထုတ်ဖော်ပြောကြားပြီးသားဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းသုံးထောင် ကျော်သတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်း ကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၄။ တော်လှန်ရေးကို မခံချင်စိတ်တစ်ခုနဲ့လုပ်လို့ မရတော့ဘဲ မဟာဗျူဟာမြောက်ချဥ်းကပ်မှုနဲ့ ခိုင်မာရှင်းလင်းတဲ့ စုဖွဲ့တည်ဆောက်မှုတွေလုပ်ရတော့မယ်လို့ပြောကြား


မတ်လ ၂၀


တော်လှန်ရေးကို မခံချင်စိတ်တစ်ခုနဲ့လုပ်လို့ မရတော့ဘဲ မဟာဗျူဟာမြောက်ချဥ်းကပ်မှုနဲ့ ခိုင်မာရှင်းလင်းတဲ့ စုဖွဲ့တည်ဆောက်မှုတွေနှင့်အတူ လုပ်ရတော့မယ်လို့ ချင်းအမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က မတ်လ၂၀ရက်မှာပြောကြားခဲ့ပါတယ်။


"ခုချိန်မှာတော်လှန်ရေးကို မခံချင်စိတ်တစ်ခုနဲ့လုပ်လို့ မရတော့ဘူး။ ခံယူချက်မှန်မှန်ကန်ကန်နဲ့ မဟာဗျူဟာမြောက်ချဥ်းကပ်မှု၊ ခိုင်မာရှင်းလင်းတဲ့ စုဖွဲ့တည်ဆောက်မှုတွေနဲ့ လုပ်ရတော့မယ်။ ခရီးရှည်ချီတက်မှုဆိုတာ မလွဲမရှောင်သာလိုအပ်လာတော့မယ်။ ပိုပြီးကျပ်တည်းလာနိုင်တယ်။ ပိုပြီးလည်း ကြမ်းတမ်းလာနိုင်တယ်။ ပိုပြီးတော့ ပင်ပန်းဖို့ပဲ ရှိမယ်။ ဒီလိုအချိန်မျိုးမှာ မိမိတို့ရှိနေတဲ့တော်လှန်ရေးစုဖွဲ့မှုတွေထဲမှာ သစ္စာရှိရှိ၊ ယုံယုံကြည်ကြည်နဲ့၊ သူများကလည်း ယုံကြည်နိုင်တဲ့ပုံစံနဲ့ရှေ့ဆက်နိုင်ဖို့ကြိုးစားကြရမှာပါ။ ပိုပြီးတော့တောင့်ခံနိုင်စွမ်းတွေနဲ့ပေါ့"လို့ဆိုပါတယ်။


ဒါ့အပြင်တော်လှန်ရေးခရီးမှာ မကြာခဏမငြိမ်မသက်မှု (turbulence) ​တွေအနည်းနဲ့အများရှိတတ်ကြပြီးခေါင်းဆောင်တွေရဲ့ တည်ငြိမ်ရင့်ကျက်မှုနဲ့ တွေ့အကြုံတွေက အခရာကျတယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၅။ အညာကို အေးချမ်းစေဖို့ရာ အထောက်အကူပြုမယ့်အညာချယ်ရီ အောင်ပွဲဆီကမ်ပိန်းစတင်


မတ်လ၂၀


အညာကို အေးချမ်းစေဖို့ရာ အထောက်အကူပြုမယ့်အညာချယ်ရီ အောင်ပွဲဆီကမ်ပိန်းစတင်နေပြီ ဖြစ်ကြောင်း မတ်လ၂၀ ရက်မှာ NUG ရဲ့" သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးဆိုပါတယ်။


"ဒီ Campaign ဟာ အညာဒေသမှာ လှုပ်ရှားစစ်ကစားနေတဲ့ 'NPRF' ခေါ် 'အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု' အတွက် လက်နက်တပ်ဆင်ရေးကို ၈၀% နဲ့ NPRF အခြေစိုက်ထားတဲ့ အညာဒေသ စိမ်းလန်းစိုပြေရေး၊အညာပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှူတို့အတွက် ၂၀%အသုံးပြုဖို့ ရည်ရွယ်ပြီး NUGရဲ့ "သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန "MoNREC-NUG ရဲ့ ထောက်ခံအားပေးမှုနဲ့ အတူNPRF မှ စီစဉ်ပြုလုပ်ထားတဲ့ Campaign လေးဖြစ်တယ်"လို့ဆိုပါတယ်။


အညာဒေသ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်မယ့် ဒီကမ်ပိန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထောက်ခံအားပေးမှုနဲ့အတူ ဆောင်ရွက်သွားမှာဖြစ်ပြီး ကူညီပံ့ပိုးမှုတစ်ခုအတွက် အပင်တစ်ပင်စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၆။ အင်အား ၁၂၀ ခန့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးအထက် သေဆုံး


မတ်လ ၁၉ ရက်


မတ်လ ၁၉ ရက်မှာ စစ်ရေးသတင်းကို ဖရူဆိုPDFကအခုလို အသိပေးဆိုခဲ့ပါတယ်။


"မတ်လ၁၆ရက်နေ့ မနက် ၅း၀၀ နာရီအချိန်ခန့်တွင်ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာ ရေနီပေါက်ကြိုးတံတားမှ အင်အား၁၂၀ခန့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားတို့နှင့် ကျွန်တော်တို့အလယ်ပိုင်တိုင်းတပ်ရင်းများနှင့် နှာရီဝက်အကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။အကြမ်းဖက်စကစဖက်မှ ဆယ်ဦးအထက် သေဆုံးဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုတိုက်ပွဲတွင် အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၇)၊အမှတ်(၁၁၀၁)၊အမှတ်(၁၁၀၂)၊အမှတ်(၁၁၀၄)၊အမှတ်(၁၁၀၅)အမှတ်(၁၁၀၆)အမှတ်(၁၁၀၈)တပ်ရင်းများနှင့် kndf တပ်ရင်း-21 တို့မှပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။


 တိုက်ပွဲတွင် အကြမ်းဖက်စကစတို့မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်းကြောင်း ပြည်သူ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ နေအိမ်များ မီးလောင်ပျက်ဆီးခဲ့ကာတိုက်ပွဲအပြီး ပွန်ချောင်းအနောက်ဖက်ကမ်းရှိ ရေနီပေါက်ကျေးရွာမှ အမျိုးသမီးတစ်ဦး၊ကျောင်းသားလူငယ်နှစ်ဦးနှင့်အရပ်သား စုစုပေါင်း()တို့အား အကြမ်းဖက်စကစတပ်သားတို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


========================


📌📌 ၇။ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT) ဌာနချုပ်နယ်မြေအတွင်း စကစ၏ တပ်မ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT ကျားမဲစစ်ကြောင်းတို့ ၃ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၆ဦးသေဆုံး


မတ်လ၂၀


မတ်လ ၁၉ ရက်မှာ စစ်ရေးသတင်းကို Myingyan Black Tigerကအခုလိုအသိပေးဆိုထားပါတယ်။


"မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT) ဌာနချုပ်နယ်မြေအတွင်းတွင် စကစ၏ တပ်မ၉၉ ဘီလူးကိုမန်ဒို စစ်ကြောင်းနှင့် MBT ကျားမဲစစ်ကြောင်းတို့ ၃ရက်တာ တိုက်ပွဲအခြေနေတင်းမာမှုရှိပြီးမတ်လ၁၈ရက် MBT ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရပါတယ်"လို့ဆိုပါတယ်။


စကစ စစ်ကြောင်းနဲ့ယနေ့ချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျှက်ရှိပြီး ()ရက်တာတိုက်ပွဲအတွင်း MBTမှ ရဲဘော် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေကာ စစ်ကောင်စီဘက်မှ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၈။ မြန်မာပြည်လွတ်မြောက်ရေး ရန်ပုံငွေ စျေးရောင်းပွဲတော်ကို အမေရိကန်နိူင်ငံမှာ NYCBC က ကြီးမှူးကျင်းပမယ်


မတ်လ ၂၀ ရက်


မတ်လ ၁၉ ရက်မှာ စျေးရောင်းပွဲတော်နဲ့ပတ်သက်လို့ NYCBCက အခုလိုအသိပေးဆိုထားပါတယ်။


"ခုခံစစ်မှသည် တွန်းလှန်ထိုးစစ်ဆီသို့" ဦးတည်တဲ့ပွဲသိမ်းတိုက်ပွဲများ မကြာသောကာလအတွင်းဆင်နွှဲကြတော့မယ့် တိုက်ပွဲဝင်ရဲဘော်များရဲ့လိုအပ်ချက်များကို ထိရောက်စွာထောက်ပံ့နိုင်ရန် ရန်ပုံငွေစျေးရောင်းပွဲကို လာမယ့် (APRIL 29 ရက် စနေနေ့၊ အချိန် (မနက် 11:00 မှ 3: 00 အထိ) Elmhurst ရှိ Saint James Episcopal Church တွင် NYCBC အဖွဲ့သားများမှကြီးမှူးကျင်းပရန် စီစဥ်ထားတယ်လို့သိရပါတယ်။


ထို့ကြောင့်နယူးယောက်မြို့နဲ့အနီးတဝိုက်မှမိသားစုများကို ကူညီအားဖြည့်ဖို့ လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ထားပါတယ်။ မြန်မာအစားအစာမုန့်မျိုးစုံနှင့်လက်ဆောင်ပစ္စည်းများကို ရောင်းချ လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် စာရင်း ပေးရန် Online Vendor Registration ဖွင့်ပြီလို့လည်းသိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment