၂၀၂၃ မတ်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရဲ့ ထောက်တိုင်လုပ်ငန်းတွေကို အင်အားချိနဲ့အောင် လုပ်ဆောင်သွားရမယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေကို ပြေလည်အောင်ဖြေရှင်ပေးဖို့ ဝန်ကြီးချုပ်ပြောကြား
📌 ၃။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့
📌 ၄။ အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ အီသာကာမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲကို NUG နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်
📌 ၅။ ဧပြီလ တန်းခွဲမှာ နွေဦးတက္ကသိုလ်ရှိ ကျောင်းပေါင်း (၆) ကျောင်းမှ တန်းခွဲစုစုပေါင်း (၃၄) တန်းအထိ ဖွင့်လှစ်သွားမယ်
📌 ၆။ ရွှေဘိုမြို့ ကားကြီး ကွင်းအနီး အရပ်သားများထိခိုက်သေဆုံးခဲ့တဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် Who am i-Army ကသတ်မှတ်ပြီး "ပြင်းထန်စွာရှုတ်ချ
📌 ၇။ "သီးလေးသီးနဲ့ ပွဲကြမ်းစို့ "Campaing ကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ ) စတင်
📌 ၈။ ဟားခါးမြို့မှာ စကစအတွက် မီတာခကောက်လျှင် အရေးယူခံရမည့်ဖြစ်ကြောင်း Hakha Circle Council သတိပေး
📌 ၉။ နေပြည်တော်မှာ ဂျပုကြင်စိုးကို ချီတက်အလေးပြုတဲ့အထဲမှာ တပ်ကမဟုတ်တဲ့ အရပ်ဖက်ဝန်ထမ်းအမျိူးသမီးတွေအများအပြားခေါ်ယူထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရဲ့ ထောက်တိုင်လုပ်ငန်းတွေကို အင်အားချိနဲ့အောင် လုပ်ဆောင်သွားရမယ်လို့ ယာယီသမ္မတပြောကြား
မတ်လ၂၉ရက်
စစ်ကောင်စီရဲ့ ထောက်တိုင်လုပ်ငန်းတွေကို အင်အားချိနဲ့အောင် လုပ်ဆောင်သွားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာလည်း ကြားကာလ လုပ်ငန်းတာ၀န်များကို တစိုက် မတ်မတ် လုပ်ဆောင်လျက်ရှိပါတယ်။ ဒီလိုလုပ်ဆောင်လျက်ရှိရာမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်များကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်များကို လျော့ပါးချိနဲ့သွားအောင်လုပ်ဆောင်ဖို့ကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိုင်းရေနံကုမ္ပဏီကို မြန်မာ့လူထုနဲ့အတူရပ်တည်ဖို့တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ် လည်း စစ်ကောင်စီရဲ့ ထောက်တိုင်လုပ်ငန်းတွေကို အင်အားချိနဲ့အောင် လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုထံ လေယာဥ်ဆီနဲ့ လက်နက်တင်သွင်းမှုဆက်စပ်တဲ့ လုပ်ငန်းရှင်နဲ့လုပ်ငန်းများကို အမေရိကန်၊ ယူကေ၊ EUစတဲ့နိူင်ငံများကအရေးယူပိတ်ဆို့လျက်ရှိပါတယ်။
========================
📌📌 ၂။ မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေကို ပြေလည်အောင်ဖြေရှင်ပေးဖို့ ဝန်ကြီးချုပ်ပြောကြား
မတ်လ၂၉ရက်
မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေကို ပြေလည်အောင်ဖြေရှင်ပေးဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မတ်လ၂၈ရက်တွင် ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
"ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၃။ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့
မတ်လ (၂၉) ရက်နေ့
၂၀၂၃ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ လက်နက်ပေးအပ်ခြင်း အစီအစဉ်များဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့သည်။
အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ PDF သီချင်းများ သံပြိုင်ရွတ်ဆိုခြင်း၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံကျေးရွာများမှ စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များပြုလုပ်ခြင်းဖြင့် အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ အီသာကာမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲကို NUG နိူင်ငံခြားရေးဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်
မတ်လ၂၉ရက်
မတ်လ(၂၇)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ်၊ အီသာကာမြို့၌ People in Revolt: The State of the Anti-Military Movement in Myanmar ခေါင်းစဉ်ဖြင့် Cornell University Southeast Asia Program(SEAP)မှ ဦးစီး၍ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် panel ဆွေးနွေးပွဲအားကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် United States Institute of Peace(USIP) ၏ အကြံပေးပုဂ္ဂိုလ် Ms. Priscilla Clap တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဦးဆောင်ဆွေးနွေးသူများက လက်ရှိအခြေအနေများ၊ အမျိုးသားညီညွတ်ရေး အစိုးရ၏ ဆောင်ရွက်ချက်များ၊ နိုင်ငံတကာအသိုင်း အဝိုင်း၏ ကူညီပံ့ပိုးနိုင်သည့်ကိစ္စများကို ရှင်းလင်းခဲ့ကြပြီး လူကိုယ်တိုင်နှင့် အွန်လိုင်းမှ တက်ရောက်လာသူများ၏ မေးခွန်းများကို ဖြေကြားခဲ့ကြပါတယ်။
========================
📌📌 ၅။ ဧပြီလ တန်းခွဲမှာ နွေဦးတက္ကသိုလ်ရှိ ကျောင်းပေါင်း (၆) ကျောင်းမှ တန်းခွဲစုစုပေါင်း (၃၄) တန်းအထိ ဖွင့်လှစ်သွားမယ်
မတ်လ၂၉ ရက်
မတ်လနောက်ဆုံးပတ်မှာ နွေဦးတက္ကသိုလ်ကအခုလိုအသိပေးဆိုပါတယ်။
"Intake System ကို စတင်ပြောင်းလဲ ကျင့်သုံးခဲ့တဲ့ နွေဦးတက္ကသိုလ်ဟာ (၃)လတစ်ကြိမ် တန်းခွဲအသစ်များကို ဖွင့်လှစ်ခြင်းဖြင့် ကြားကာလ ပညာသင်ကြားမှုကို ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။မကြာခင်အတွင်း ဖွင့်လှစ်တော့မယ့် ဧပြီလ တန်းခွဲမှာတော့- နွေဦးတက္ကသိုလ်ရှိ ကျောင်းပေါင်း (၆) ကျောင်းမှ တန်းခွဲစုစုပေါင်း (၃၄) တန်းအထိ ဖွင်လှစ်သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ ကျောင်းသား/သူပေါင်း (၂၀၀၀) ကျော်အထိ နွေဦးတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ပါတယ်။
========================
📌📌 ၆။ ရွှေဘိုမြို့ ကားကြီး ကွင်းအနီး အရပ်သားများထိခိုက်သေဆုံးခဲ့တဲ့ မိုင်းပေါက်ကွဲမှုဖြစ်စဥ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် Who am i-Army ကသတ်မှတ်ပြီး "ပြင်းထန်စွာရှုတ်ချ
မတ်လ၂၉
မတ်လ၂၉ရက်မှာ Who am i-Armyကအခုလိုဖော်ပြထားပါတယ်။
"ရွှေဘိုမြို့ ကားကြီး ကွင်းအနီး မိုင်း ပေါက်ကွဲ မှု့ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တာဝန်သိ ပြည်သူ တစ်ဦး မှ သတင်းပေးပို့မှု့ အရ သိရပါတယ်။
အဆိုပါ မိုင်း ပေါက် ကွဲ မှု့ကြောင့် လမ်းသွားလမ်းလာ အပြစ်မဲ့ ပြည်သူ ကလေးငယ် တစ်ဦး၊ အမျိူးသား ၁၂ ဦး၊ အမျိူး သမီး ၈ ဦး အပါဝင် ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အမျိူးသား တစ်ဦး သေဆုံးခဲ့ ကြောင်း ကြားသိရပါတယ်။
ထို အကြမ်းဖက်လုပ်ရပ်ကို "ပြင်းထန်စွာရှုံ့ချကြောင်း" ထိခိုက်ဒဏ်ရာ ရရှိသည့် ပြည်သူများ အတွက် "လွန်စွာ စိတ်မကောင်း ဖြစ်ကြောင်း၊ ဝမ်းနည်းကြောင်း "ဖော်ပြထားပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းများဟာ ၄င်းတို့လုပ်ရပ်များကို ပြည်သူ့ရဲဘော်များထံလွှဲချပြောဆိုမှုတို့ရှိနေပါတယ်။
========================
📌📌 ၇။ "သီးလေးသီးနဲ့ ပွဲကြမ်းစို့ "Campaing ကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ ) စတင်
မတ်လ၂၉ရက်
မတ်လ၂၉ရက်မှာ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ ) မှ အခုလိုအသိပေးဆိုထားပါတယ်။
"သီးလေးသီးနဲ့ ပွဲကြမ်းစို့ " ဆိုတဲ့ Campaing လေးကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ( ၂ ) မှ ၂၉. ၃.၂၀၂၃ မှစတင်ပြီး ၇.၄.၂၀၂၃ အထိခေါ်ယူမှာဖြစ်ပါတယ် ။စစ်ကြောင်းထိုးခြင်းကို ကာကွယ်ရန် ၊ စစ်ကူအားဖြည့်ခြင်းများ ဆောင်ရွက်ရန်အဓိက အရေးပါလှသော လက်နက်ကြီးအသီးများကို အချိန်မှီဖြည့်တင်းရန် ရည်ရွယ်ထားပါတယ်"လို့ဆိုပါတယ်။
စစ်မီးများ အရှိန်ပြင်းနေသော ပြည်နယ်တွင် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းများမှလည်း တာဝန်အသီးသီးခွဲကာ တိုက်ထုတ်နေဆဲဖြစ်ပါတယ်။
========================
📌📌 ၈။ ဟားခါးမြို့မှာ စကစအတွက် မီတာခကောက်လျှင် အရေးယူခံရမည့်ဖြစ်ကြောင်း Hakha Circle Council သတိပေး
မတ်လ၂၉ ရက်
မတ်လ၂၈ ရက်မှာ Hakha Circle Council ကလျှပ်စစ်မီတာခ ကောက်ခံခြင်းနှင့်ပတ်သက်ပြီးအခုလိုဖော်ပြထားပါတယ်။
“လျှပ်စစ်မီတာခ ကောက်ခံဆောင်ရွက်ရန် လမ်းညွှန်ချက်များပေးသော စကစဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင် ရာ အကြီးအကဲများ၊ လျှပ်စစ်ဝန်ထမ်းများမှ မီတာခ ကောက်ခံခြင်းအားဖြင့်သော်လည်းကောင်း၊ ပြည်သူ လူထုထံ လာရောက်နှောင့်ယှက်ခြင်း ပြုလုပ်မှုများတွေ့ရှိပါက ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေး ကောင်စီမှ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းအားဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးပြည်သူလူထံ အသိပေး အကြောင်းကြားအပ်ပါသည်”လို့ဖော်ပြပါတယ်။
ချင်းပြည်နယ်မှာမြို့နယ် ၈ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးဒေသ အဖြစ် ကြေညာထားပါတယ်။
========================
📌📌 ၉။ နေပြည်တော်မှာ ဂျပုကြင်စိုးကို ချီတက်အလေးပြုတဲ့အထဲမှာ တပ်ကမဟုတ်တဲ့ အရပ်ဖက်ဝန်ထမ်းအမျိူးသမီးတွေအများအပြားခေါ်ယူထား
မတ်လ ၂၇ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဂျပုကြင်စိုးကိုချီတက်အလေးပြုတဲ့အထဲမှာ တပ်ကမဟုတ်တဲ့ အရပ်ဖက်ဝန်ထမ်းအမျိူးသမီးတွေအများအပြားပါတယ်သိရပါတယ်။တပ်အင်အားတွေ သိသိသာသာလျှော့နည်းလာတဲ့အတွက် ဝန်ကြီးဌာနအချို့ကဝန်ထမ်းတွေကို အတာနှစ်ကူးအတွက် အကလေ့ကျင့်မယ်ဆိုပြီး လုံခြုံစိတ်ချရတဲ့နေရာတစ်ခုမှာခေါ်ထည့်ထားလိုက် ပြီးမှစစ်ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ခိုင်းပြီး ၂၇ရက်နေ့အတွက် လမ်းလျှောက်ချီတက်တာကို လေ့ကျင့်ခိုင်းတယ်လို့လည်းသိရပါတယ်။တစ်ကယ်လျှောက်ရတဲ့နေ့မှာ အလှဖန်တီးရှင်တချို့ကို ခေါ်ပြီး လေ့ကျင့်စဉ်က မျက်နှာမှာ နေလောင်ခဲ့ကြတဲ့ ဝန်ထမ်းအမျိုးသမီးတချို့ကို မိတ်ကပ်လိမ်းပေးခိုင်းတယ်တဲ့။ တချို့ကိုတော့ သနပ်ခါးတွေလိမ်းခွင့်ပေးတယ်တဲ့။ ဒါကတကယ့်ဖြစ်စဉ်ပါလို့ အမည်မဖေါ်လိုသူ ပြည်သူ့ဘက်တော်သား ဖရဲသီးတွေကတဆင့်သိရပါတယ်။ ရည်ရွယ်ချက်က တော်လှန်ရေးအင်အားစုတွေကို နေပြည်တော်မှာပါ စစ်တပ်အင်အားနည်းနေပြီဆိုတာ သိစေချင်လို့ဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment