၂၀၂၃ ဧပြီလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ ဗျုဟာများကို မျက်ခြေပြတ်မခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့
📌 ၂။ (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
📌 ၃။ အမေရိကန်ပြည်ထောင်စု၊Indianapolis , Lafayette Banquent Hall တွင် American Kayan Organization မှ(၂၃)ကြိမ်မြောက် ကယန်း အမျိုးသားနေ့ကျင်းပ
📌 ၄။ တော်လှန်ရေးအတွက် ကြော်ငြာတွေက PDF တွေ လက်နက်ကောင်းတပ်ဆင်နိုင်သလိုစစ်ကောင်စီ ယန္တရားပြိုဖို့အတွက် မြေပြင် စိုးမိုးမှု ကို ပိုမိုရရှိလာမှာဖြစ်တယ်လို့ဆို
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ လုပ်ငန်းဆောင်တာများအတွက်ရံပုံငွေရှာဖွေပွဲတော် ကျင်းပမယ်
📌 ၆။ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ တော်လှန်ရေးအသိနဲ့နေထိုင်ဖို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတိုက်တွန်းပြောကြား
📌 ၇။ ဘောလခဲ-ရွာသစ်လမ်းမကြီးနှင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးများအားအသုံးပြုသွားလာခွင့်ကို ပိတ်ပင်ထားကြောင်းဒုတိယအကြိမ်ထပ်မံအသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီ၏ ဗျုဟာများကို မျက်ခြေပြတ်မခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့သဝဏ်လွှာပေးပို့
ဧပြီ၁၀
ဧပြီ၁၀ရက်နေ့မှာကျရောက်သော (၂၃) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ သွေးခွဲသပ်လျိုခြင်း၊ လူမဆန် ရက်စက်ကြမ်းကြုတ်ခြင်းစတဲ့အကြမ်းဖက်စစ်ကောင်စီ၏ ဗျုဟာများကို မျက်ခြေပြတ်မခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ယနေ့အချိန်အခါတွင် ကယန်းလူမျိုးများ၏ ဒေသများတွင် စစ်အာဏာရှင်စနစ် အပါ အဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုး များ အားလုံးအတွက် တန်းတူညီမျှမှု၊ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးအတွက် တိုက်ပွဲများတွင် ပေးဆပ်အနစ်နာခံကာ စွမ်းစွမ်းတမံ ပါ၀င်နေကြသည့် မဟာ မိတ် ကယန်းအမျိုးသားများ၏ ကြိုးပမ်းအားထုတ်မှု ပေးဆပ်အနစ်နာခံမှုများကို များစွာ အသိအမှတ် ပြု လေးစားဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။
လက်ရှိအချိန်တွင် နိုင်ငံခြားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အဖက်ဖက်မှ ဖိအားများကြောင့် အင်အားချိနဲ့နေပြီဖြစ်သော စစ်အုပ်စုကို နိုင်ငံရေးမှ အပြီးတိုင် စွန့်ခွာသွားအောင် ကြိုးပမ်းနိုင်မှသာ လျှင် တိုင်းရင်းသား ပြည်သူလူထုများ လိုလားတောင်းတနေသည့် အမျိုးသားတန်းတူရေး၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီ အာမခံချက်များကို ပြည့်ပြည့်ဝဝလေးစား လိုက်နာပြီး သာယာ၀ပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပန်းတိုင်သို့ ရောက်ရှိ အကောင်အထည်ဖော်နိုင်မည်ကို ကျွန်ုပ်တို့ အားလုံး သိရှိနားလည် လက်ခံကြပြီးဖြစ်ပါတယ်လို့ဆိုပါတယ်။
သွေးခွဲသပ်လျိုခြင်း၊ လူမဆန် ရက်စက်ကြမ်းကြုပ်ခြင်းစသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဗျုဟာများကို မျက်ခြေပြတ်မခံပဲ ကယန်းအမျိုးသားများ၏ စုစည်းမှုနှင့် စည်းလုံးညီ ညွတ်မှု၊ ကယန်းအမျိုးသားများနှင့် ကျန်တော်လှန်အင်အားစုများကြား ယုံကြည်မှု၊ နားလည်မှု၊ စုစည်းမှုတို့ကို မထိခိုက်စေရန်လည်း အမြဲအထူးသတိရှိကြရမှာဖြစ်တယ်လို့ဆိုပါတယ်။
ထို့ကြောင့် တော်လှန်ခရီးတစ်လျှောက် ပေးဆပ်အနစ်နာခံမှုများ အလဟာသ မဖြစ်စေပဲ အားလုံးစည်းလုံးညီညွတ်ပြီး တန်းတူရေးအာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးတွင် ကယန်းလူမျိုးများနှင့် ညီနောင်တိုင်ရင်းသားများ အတူတကွ လက်တွဲ၍ အောင်ပွဲခရီးလမ်းဆုံးတိုင် ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
========================
📌📌 ၂။ (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ဧပြီလ (၁၀) ရက်နေ့
ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၄) နှစ်မြောက် ရက္ခိုင့် တပ်တော်နေ့တွင် ရက္ခိုင့်ရဲဘော်များနှင့်တကွ ရက္ခိုင်ပြည်လူလူထုတရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေဟု NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာမှာ ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။
ရက္ခိုင်ပြည်သူလူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့သည်မှာ ယနေ့တွင် (၁၄) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူပါတယ်လို့ဆိုပါတယ်။
(၁၄)နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုတရပ်လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်အပ်ပါတယ်လို့ဆိုပါတယ်။
ယနေ့ တိုင်းပြည်တဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲလျက်ရှိသည့် နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်တွင် ရက္ခိုင့်တပ်တော်သည် အဖိနှိပ်ခံ ပြည်သူလူထုနှင့်တကွ အတူရပ်တည်ပြီး ဘုံရန်သူအား ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေသည့်အပြင် တော်လှန်ရေးအင်အားစု များကိုလည်း လက်တွဲကူညီ ပံ့ပိုးပေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။
ယခုအချိန်အခါတွင် ဘုံရန်သူစစ်ကောင်စီအား အပြီးသတ်ချေမှုန်းနိုင်ရန် မိမိတို့အားလုံးအတူတကွ စုစည်းညီညွတ်စွာဖြင့် ရုန်းကန်ဖောက်ထွက် ကြိုးစားကြရမည်ဖြစ်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင် ပြည်သူလူထု၏ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်များကိုလည်း တပါတည်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ၂၀၂၃ ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
========================
📌📌 ၃။ အမေရိကန်ပြည်ထောင်စု၊Indianapolis , Lafayette Banquent Hall တွင် American Kayan Organization မှ(၂၃)ကြိမ်မြောက် ကယန်း အမျိုးသားနေ့ကျင်းပ
ဧပြီ၁၀ရက်
ဧပြီ၁၀ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ဝါရှင်တန် ဒီစီရုံးက အခုလို အသိပေးဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု၊Indianapolis , Lafayette Banquent Hall တွင် American Kayan Organization မှ ဦးစီးကျင်းပသော (၂၃)ကြိမ်မြောက်ကယန်း အမျိုးသားနေ့. အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ဥက္ကဌ ဦးအောင်ကြည်ညွှန့်၊အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမိုးဇော်ဦး၊ နှင့်ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်၍ အမှတ်တရ ဂုဏ်ပြုစကားများပြောကြားပေးခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
========================
📌📌 ၄။ တော်လှန်ရေးအတွက် ကြော်ငြာတွေက PDF တွေ လက်နက်ကောင်းတပ်ဆင်နိုင်သလိုစစ်ကောင်စီ ယန္တရားပြိုဖို့အတွက် မြေပြင် စိုးမိုးမှု ကို ပိုမိုရရှိလာမှာဖြစ်တယ်လို့ဆို
ဧပြီ၁၀ရက်
ဧပြီ၉ရက်နေ့မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က အခုလို သုံးသပ်ဆိုပါတယ်။
" အင်တာနက်ကြော်ငြာကုမ္မဏီတွေက သုံးတဲ့လူရဲ့နေရာ ကို လိုက်ပြီး သင့်တော်တဲ့ ကြော်ငြာ ကို ပြသပါတယ်။ လူသုံးကုန်ပစ္စည်း ကုမ္မဏီကြီးတွေက အင်တာနက်ကုမ္ပဏီကို ကြော်ငြာခ ပေးပါတယ်။ အင်တာနက်ကုမ္ပဏီ ဖြစ်တဲ့ ဂူဂယ်၊ဖေ့စ်ဘုတ်တွေက အချိုးအစားတခု ယူပြီး Application Developer ကိုအချိုးအစားခွဲပေးပါတယ်။ ဒီ Applications အပ်တွေကိုပုံမှန်သုံးတဲ့ သူတွေ များလာတာနဲ့ အမျှ ကြော်ငြာ ပိုက်ဆံ ပိုရလာပါတယ်။ ပိုရ လာရင် မြေပြင် ကPDF တွေ လက်နက်ကောင်းတတ်ဆင်နိုင်တာနဲ့ အမျှ စစ်ကောင်စီ ယန္တရား ပြို ဖို့ အတွက် မြေပြင် စိုးမိုးမှု ကို ရရှိလာမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာTHA DIN The PDF Game Click2donateတို့မှ ပြည်သူများကလစ်နှိပ်၍ ဝင်ငွေများရရှိပြီး တော်လှန်ရေးအင်အားစုများထံ ပြန်လည်စီးဆင်းစေတာဖြစ်ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ လုပ်ငန်းဆောင်တာများအတွက်ရံပုံငွေရှာဖွေပွဲတော် ကျင်းပမယ်
ဧပြီ၁၀ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး၏ လုပ်ငန်းဆောင်တာများအတွက် ရံပုံငွေရှာဖွေပွဲတော်ကို ဧပြီလ ၂၃ ရက် (တနင်္ဂနွေနေ့)နံနက် ၁၁ နာရီမှ ညနေ ၄ နာရီထိသြစတြေးလျနိုင်ငံ၊ ဗစ်တိုရီးယားပြည်နယ်၊ မဲလ်ဘန်းမြို့တွင် ပွဲတော်ကိုကျင်းပသွားမှာဖြစ်ပါတယ်။
အဆိုပါ ရံပုံငွေရှာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ တက်ရောက် အမှာစကားပြောကြားမည်ဖြစ်ပြီး၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေမှ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစီစဉ်မှုများအား အစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်။
ရံပုံငွေရှာဖွေပွဲသို့ တက်ရောက်ကြသူများအနေဖြင့်လည်း မိမိတို့ သိရှိလိုသော သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကိစ္စ အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းနိုင်ရန်လည်း စီစဉ်ထားမှု ရှိကြောင်း သိရှိရပါတယ်။
ထို့အတူ "ရောင်နီနွေဦး ကံစမ်းမဲ (Raffle Tickets)" အစီအစဉ်တစ်ရပ်အားလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ တော်လှန်ရေးအသိနဲ့နေထိုင်ဖို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူတိုက်တွန်းပြောကြား
ဧပြီ၁၀ရက်
အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ တော်လှန်ရေးအသိနဲ့နေထိုင်ဖို့ အသိပေးတဲ့အကြောင်းနှင့်ပတ်သက်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဧပြီ၁၀ရက်မှာ Radio NUGကို အခုလိုပြောကြားထားပါတယ်။
((((ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ)))))
လက်ရှိမှာ တော်လှန်ရေးအင်အားစုများကလည်း ပြည်သူလူထုအား တော်လှန်သင်္ကြန်အဖြစ် စစ်ကောင်စီ ထုတ်ကုန်များကို မသုံးစွဲဘဲ သပိတ်မှောက်ရန်နဲ့ စစ်ကောင်စီ သင်္ကြန်မှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့အသိပေးကြေညာချက်များထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ဘောလခဲ-ရွာသစ်လမ်းမကြီးနှင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးများအားအသုံးပြုသွားလာခွင့်ကို ပိတ်ပင်ထားကြောင်းဒုတိယအကြိမ်ထပ်မံအသိပေး
ဧပြီ၁၀
ဧပြီ၉ရက်မှာ ဘောလခဲ PDF တပ်ရင်းကအခုလိုထပ်မံအသိပေးဆိုပါတယ်။
"ဘောလခဲ PDF တပ်ရင်းအမှတ်-1105 တပ်ရင်းမှ ဘောလခဲ-ရွာသစ်လမ်းမကြီးနှင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးများအားအသုံးပြုသွားလာခွင့်ကို ပိတ်ပင်ထားကြောင်း မတ်လ၂၂ရက်နေ့တွင် ထုတ်ပြန်အသိပေးထားပြီးဖြစ်ပါတယ်။ ဘောလခဲPDF တပ်ရင်းအမှတ်-1105 တပ်ရင်းနှင့် ဖားဆောင်းPDF တပ်ရင်းအမှတ်-1108 တပ်ရင်း တို့မှ ဘောလခဲခရိုင် ပူးပေါင်း ဗျူဟာစစ်ကြောင်းအနေဖြင့် ထိုလမ်းမကြီးများအား စောင့်ကြပ်တာဝန်ယူလျက်ရှိရာ ပြည်သူများမှ လိုက်နာမှုမရှိပဲ ထိုလမ်းမကြီးများအား ဆက်လက်အသုံးပြုလျက်ရှိကြောင်း တွေ့ရှိနေရပါတယ်"လို့ဆိုပါတယ်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ထို လမ်းမကြီးများအား ဆက်လက် အသုံးပြုသွားလာခြင်းမပြုကြရန် ဒုတိယအကြိမ်ထပ်မံအသိပေးအပ်ပါတယ်လို့ကြေညာထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment