၂၀၂၃ ဧပြီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ တရွာလုံး တအိမ်နွားနို့တပုလင်း ထည့်ရမယ့် ပွဲဖြစ်တယ်လို့ ထောက်ပို့အလုပ်ကိုရည်ညွှန်း၍ ဒုဝန်ကြီးမော်ထွန်းအောင်ပြောကြား
📌 ၂။ တရားသူကြီးများ၏ လုပ်ပိုင်ခွင့် အခွင့်အလမ်းများဟာ နိုင်ငံတော်အဆင့်သမ္မတမှ ခန့်အပ်ထားခြင်းဖြစ်၍ တစ်စုံတစ်ရာ အတိုင်းအတာထိလုပ်ပိုင်ခွင့်ရှိတယ်လို့ တရားရေးဝန်ကြီးဆို
📌 ၃။ CRPH ပညာရေးကော်မတီကပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၅။ ဆားလင်းကြီးမြို့မရဲစခန်းအား Salingyi Special Task Force - SSTF ပြည်သူ့ကာကွယ်ရေးရဲဘော်များမှဝေဟင်မှ ဗုံးသီး ၅ လုံးဖြင့် တိုက်ခိုက်
📌 ၆။ မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့MI35ဖြင့်ပစ်၍လေယာဥ်၂စီးဖြင့်လူချသောစကစတပ်များအား မြိုင်ပကဖမှ အီနာဂါဗုံးသီး၂၈လုံးဖြင့်တိုက်ခိုက်
📌 ၇။ ဘီးလင်းမြို့နယ် မဲလံ BGF ဂိတ်စခန်းတိုက်ခိုက်ခံရ
📌 ၈။ တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊သဲဖြူရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်၍ သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီး
📌 ၉။ "Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်း"
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ တရွာလုံး တအိမ်နွားနို့တပုလင်း ထည့်ရမယ့် ပွဲဖြစ်တယ်လို့ ထောက်ပို့အလုပ်ကိုရည်ညွှန်း၍ ဒုဝန်ကြီးမော်ထွန်းအောင်ပြောကြား
နွေဦးတော်လှန်ရေးဟာ တရွာလုံး တအိမ်နွားနို့တပုလင်း ထည့်ရမယ့် ပွဲဖြစ်တယ်လို့ ထောက်ပို့အလုပ်ကိုရည်ညွှန်း၍ ဒုဝန်ကြီးမော်ထွန်းအောင်ပြောကြားလိုက်ပါတယ်။ ဧပြီ၉ရက်နေ့မှာ ထောက်ပို့အလုပ်ကို ပြည်သူများပါဝင်ဖို့ ဒုဝန်ကြီးမော်ထွန်းအောင်ကပြောကြားထားပါတယ်။
" တော်လှန်ရေးမှာ တယောက်တည်းစီက အများကြီး ယူစရာမလိုပါဘူး၊ လူဦးရေ တသိန်းကနေ ဆယ်သိန်းအထိ နေ့တိုင်း ဒီလို အပ်လေးကို ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ကလစ်ပေးနေယုံပါပဲ။အထူးသဖြင့် နိုင်ငံရပ်ခြားမှာနေသူများအနေနဲ့ အလုပ်သွားရင်း၊ ဘတ်စကားပေါ်၊ ရထားပေါ် မှာ အသွားအပြန် ဒီလို အပ်လေးတွေကို ဖွင့်ပေးပြီး ကြော်ငြာ ကြည့်သွားယုံနဲ့ တလ တလ ကို ဒေါ်လာ တသန်း ကနေ ဆယ်သန်း အထိလည်း ထောက်ပို့ ပေးနိုင်ပါတယ်။ ဒီတော်လှန်ရေးက တရွာလုံး တအိမ်နွားနို့တပုလင်း ထည့်ရမယ့် ပွဲပါ၊ တယောက်နည်းနည်း နိုင်သလောက် ထည့်ရင်ကို ပဲ စုပေါင်းအားနဲ့ အရွေ့တခုကို စွေ့ကနဲ ရစေမှာပါ"လို့ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ Applications တွေ အနေနဲ့ THA DIN The PDF Game Click2donate စတဲ့ ခေါင်းစဉ်ပေါင်းများစွာနဲ့ ထောက်ပို့ လုပ်နိူင်ပြီလည်းဖြစ်ပါတယ်။
"တော်လှန်ရေး ဘယ် အချိန် ပြီးမယ် ဆိုတာကို တော့ နတ်သိကြား ၊ ဒီဗ္ဗစက္ခု အမြင်မရှိလို့ ကျနော့် အနေနဲ့ ခန့်မှန်းမပေးနိုင်ပါဘူး။ ဒါပေမယ့် လူတိုင်းပါဝင် လာရင်တော့ အရေးကြီးတဲ့ strategic region တွေဖြစ်တဲ့ စစ်ကိုင်း၊ ချင်း၊ ကရင်၊ တနသာရီ ဒေသတွေမှာ အထိုင် စိုးမိုးနယ်မြေတွေ ရလာမှာဖြစ်ပြီး၊အိမ်နီးချင်း အိန္ဒိယ နဲ့ ထိုင်းနိုင်ငံတွေရဲ့ ထောက်ခံမှု ကို ရနိုင်ပြီး တော်လှန်ရေးချိန်ခွင်လျှာစောင်းသွားစေမှာဖြစ်ပါတယ်။"လို့ ဒုဝန်ကြီးမော်ထွန်းအောင်ကဆိုထားပါတယ်။
========================
📌📌 ၂။ တရားသူကြီးများ၏ လုပ်ပိုင်ခွင့် အခွင့်အလမ်းများဟာ နိုင်ငံတော်အဆင့်သမ္မတမှ ခန့်အပ်ထားခြင်းဖြစ်၍ တစ်စုံတစ်ရာ အတိုင်းအတာထိလုပ်ပိုင်ခွင့်ရှိတယ်လို့ တရားရေးဝန်ကြီးဆို
တရားသူကြီးများ၏ လုပ်ပိုင်ခွင့် အခွင့်အလမ်းများဟာ နိုင်ငံတော်အဆင့်သမ္မတမှ ခန့်အပ်ထားခြင်းဖြစ်၍ တစ်စုံတစ်ရာ အတိုင်းအတာထိလုပ်ပိုင်ခွင့်ရှိတယ်လို့ တရားရေးဝန်ကြီးဦးသိန်းဦးကဆိုပါတယ်။ ဧပြီ(၈) ရက်ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန မှ ကျင်းပပြုလုပ်သော မြေပြင်တရားသူကြီး များနှင့် တွေ့ဆုံဆွေးနွေးပွဲမှာ တရားရေးဝန်ကြီးကပြောပါတယ်။
"တရားသူကြီးများ၏ လုပ်ပိုင်ခွင့် အခွင့်အလမ်းများသည် နိုင်ငံတော်အဆင့်သမ္မတမှ ခန့်အပ်ထားခြင်းဖြစ်၍ တစ်စုံတစ်ရာ အတိုင်းအတာထိ အင်အားရှိသည့်လုပ်ပိုင်ခွင့်များဖြစ်ကြောင်း ၊ မတရားမှုများ အပေါ် တရားမျှတမှုရှိစေရန် အတက်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ တရားရုံး၏ လုပ်ငန်းဆောင်တာ များအပေါ် ပြည်သူလူထုသိစေရန် ပညာပေးဆောင်ရွက်ရန်လိုကြောင်း ၊ တရားရုံးရောက်မှအမှုများ စစ်ဆေးသည့် လုပ်ငန်းအပြင် တရားရုံးမရောက်ခင်ကပင် ဥပဒေအသိပညာ ဗဟုသုတ တိုးပွားစေရန် လုပ်ဆောင်ခြင်းဖြင့် အမှုများလျော့နည်းလာနိုင်သည့်အပြင် လူထုတွင်လည်း ကိုယ့်အသိဖြင့် ထိန်းသိမ်းနိုင် သည့် အခြေအနေများရှိနေနိုင်ကြောင်း ၊ ထပ်မံ၍လုပ်ဆောင်ရန်ရှိသည့် တချက်မှာ တရားရုံးမရောက်ခင် လူထုကြားစေ့စပ်ညှိနှိုင်းဖြေရှင်းပေးနိုင်သည့် လုပ်ငန်းများလည်း လုပ်ဆောင်ရန်လိုကြောင်း"ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းတွင်းရှိ စိုးမိုးနယ်မြေများတွင် တရားစီရင်ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်လျက်ရှိပြီး တရားရုံးများလည်း ဖွင့်လှစ်ထားရှိတယ်လို့သိရပါတယ်။
========================
📌📌 ၃။ CRPH ပညာရေးကော်မတီကပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
CRPH ပညာရေးကော်မတီကပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဧပြီ၈ရက်CRPH ပညာရေးကော်မတီသည် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဥ်အား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များက မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ချိတ်ဆက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အထောက်အပံ့များ ပိုမိုရရှိနိုင်ရေးကိစ္စရပ်များအား တင်ပြ၍ CRPH ပညာရေးကော်မတီအနေဖြင့် ချိတ်ဆက်မှုများ ပိုမိုအားကောင်းစေရန် ပူးပေါင်းလုပ်ဆောင်နိုင်မည့်လုပ်ငန်းများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ CRPH ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဧပြီ၉ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၄/၂၀၂၃)ကိုကျင်းပခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ကြားကာလ မီးသတ်လက်စွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ဆားလင်းကြီးမြို့မရဲစခန်းအား Salingyi Special Task Force - SSTF ပြည်သူ့ကာကွယ်ရေးရဲဘော်များမှဝေဟင်မှ ဗုံးသီး ၅ လုံးဖြင့် တိုက်ခိုက်
ဆားလင်းကြီးမြို့မရဲစခန်းအား Salingyi Special Task Force - SSTF ပြည်သူ့ကာကွယ်ရေးရဲဘော်များမှဝေဟင်မှ ဗုံးသီး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၉ရက်မှာ Salingyi Special Task Force - SSTF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဧပြီလ (၉)ရက် မနက်အစောပိုင်း ၆ နာရီ၊ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များအထိုင်ချတပ်စွဲထားသော ဆားလင်းကြီးမြို့မရဲစခန်းအား အညာမြေသူရဲကောင်း Salingyi Special Task Force - SSTF ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone) များဖြင့် ဝေဟင်မှ ဗုံးသီး ၅ လုံးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ရဲစခန်းအတွင်း ဗုံးသီး၃လုံးနှင့် စခန်းနှင့်ကပ်လျှက်ရှိပြီး စကစတပ်နဲ့ရဲများနေထိုင်နေသည့်ထွေအုပ်ရုံးတွင် ဗုံးသီး၂လုံး ဝေဟင်ကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ထိခိုက်ဒဏ်ရာများ များစွာရရှိနိုင်ပြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။ စစ်ဆင်ရေးတွင် Salingyi Special Task Force - SSTF နှင့်အတူ Shar Htoo Waw Drone နည်းပညာအဖွဲ့၊ Super Fighter တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၆။ မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့MI35ဖြင့်ပစ်၍လေယာဥ်၂စီးဖြင့်လူချသောစကစတပ်များအား မြိုင်ပကဖမှ အီနာဂါဗုံးသီး၂၈လုံးဖြင့်တိုက်ခိုက်
မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့MI35ဖြင့်ပစ်၍လေယာဥ်၂စီးဖြင့်လူချသောစကစတပ်များအား မြိုင်ပကဖမှ အီနာဂါဗုံးသီး၂၈လုံးဖြင့်တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၉ရက်နေ့မှာ စစ်ရေးသတင်းကို မြိုင်ပကဖ ကအတည်ပြုဆိုပါတယ်။
"ဧပြီ၈ရက်နေ့ညနေ၅နာရီ၅၃အချိန်တွင် မြိုင် ပကဖ သည် ပုလဲမြို့နယ် ပန်းရွာကျေးရွာမှ မြိုင်မြို့နယ် ညောင်ရွာကျေးရွာသို့MI35ဖြင့်ပစ်၍လေယာဥ်၂စီးဖြင့်လူချသောစကစတပ်များအား အီနာဂါဗုံးသီး၂၈လုံးဖြင့်တိုက်ခိုက်ပြီး လုံခြုံရေးကင်းရှည်စောင့်ကြပ်ရန်လာသောစကစများအား တိုက်ခိုက်ရာတွင်စကစတပ်က၆ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အထိနာ ဒဏ်ရာရသွားသောစကစတပ်များမှ အိုင်းမရွာအားပြည်သူ့နေအိမ်၁၈လုံး မီးရှို့ဖျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ ၎င်းစစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းဟုသိရှိရပြီးတိုက်ခိုက်မှုတွင် မြိုင်ပကဖ ရင်း၁၊၂ PKUThurain Black Cobra တို့မှပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ ဘီးလင်းမြို့နယ် မဲလံ BGF ဂိတ်စခန်းတိုက်ခိုက်ခံရ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မဲလံ BGF ဂိတ်စခန်း တိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၉ရက်နေ့မှာ စစ်ရေးသတင်းကို သထုံTPDFကအသိပေးဆိုပါတယ်။
"မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ မဲလံ BGF ဂိတ်စခန်းကို သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF နှင့် KNLA + PDF + KRF+ PPDF-KD+ ဘီးလင်းပကဖ ပူးပေါင်းတပ်များ မှ ဧပြီလ ၉ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ် ခန့်တွင်ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
BGF အရာရှိ ၂ ဦး သေဆုံးပြီး ဒါဏ်ရာရရှိသူအချို့ ရှိခဲ့တယ်လို့သိရပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊သဲဖြူရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်၍ သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီး
တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊သဲဖြူရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်၍ သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဧပြီ၉ရက်မှာ ဖြစ်စဥ်ကို မြိတ်ခရိုင်_တပ်ရင်း(၂) ကအသိပေးဆိုပါတယ်။
"တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊သဲဖြူရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်သဲဖြူရွာရှိ ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။စစ်ကြောင်းထိုးလာသောလမ်းတစ်လျှောက်ရှိ ချောင်းနှစ်ပေါက်ရွာ၊သိန်ခွန်းရွာ၊သဲဖြူရွာ နေအိမ် နှင့် ဈေးဆိုင်အချို့ကို မီးရှို့ခြင်း၊ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး နေအိမ်ရှိ ပစ္စည်းများကိုလည်း ခိုးယူသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
တနင်္သာရီမြိုနယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၊မြိတ်မြို့နယ် ကြေးနန်းတိုင် တံတားမှ ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအထိ၊ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းအပိုင်းတို့ကို ခရီးသွားလာခြင်း လုံးဝမပြုကြရန် တော်လှန်ရေးအင်အားစုများမှ သတိပေးစာထုတ်ပြန်ထားပါတယ်။
အဆိုပါလမ်းပိုင်းများပေါ်တွင် စစ်ကောင်စီ နှင့် ကာကွယ်ရေးအဖွဲ့များအကြား မတ်လ(၂၈)ရက်နေ့မှ ယနေ့အထိ ထိတွေ့တိုက်ပွဲများ နေ့စဉ်မပြတ် ဖြစ်ပွါးနေပြီး တိုက်ပွဲကြောင့် ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဖက်မှာ (၇) ဦးထက်မနည်း သေဆုံးခဲ့ပြီး သိန်ခွန်းရွာအနီးတိုက်ပွဲတွင် (၁၀)ဦး သေဆုံးခဲ့ကြောင်း၊ကာကွယ်ရေးတပ်များဖက်မှ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၉။ "Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်း"
"Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး လာရောက်ပူးပေါင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၉ရက်နေ့မှာ စစ်ကြောင်းပူးပေါင်းမှုများလာခြင်းကို ကော်ပရာစစ်ကြောင်းက တရားဝင်အသိပေးဖော်ပြပါတယ်။
"ဧပြီ၆ရက် တွင် Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့ပါတယ်။ထိုပူးပေါင်းမှုကြောင့် ကော်ဘရာစစ်ကြောင်း၏ဖွဲ့စည်းပုံအား စစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂)ဟူ၍ ပြန်လည်ဖွဲ့စည်းထားပါတယ်"လို့ဆိုပါတယ်။
စစ်ကြောင်းပြန်လည်ဖွဲ့စည်းပုံအရကော်ဘရာစစ်ဆင်ရေးမှူး - ဗိုလ်ဒါဘော၊စစ်ကြောင်း(၁)စစ်ကြောင်းမှူး - ဗိုလ်စောကော်၊ စစ်ကြောင်း(၁)ဒုစစ်ကြောင်းမှူး - ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့၊စစ်ကြောင်း(၂)စစ်ကြောင်းမှူး - ဗိုလ်စောဝင်းမြင့်၊စစ်ကြောင်း(၂)ဒုစစ်ကြောင်းမှူး - ဗိုလ်စောငြိမ်းချမ်းဝင်းတို့ ဖြစ်တယ်လို့သိရပါတယ်။
ယခုတင်ပြခဲ့တဲ့ သတင်းတွေကို ရေဒီယိုသတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ
No comments:
Post a Comment