၂၀၂၃ ဧပြီလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရန်သူဟာ တော်လှန်ရေးအင်အားစုများကို ဖျက်ဆီးရန် အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လျှက်ရှိသည်ကို သတိကြီးစွာထားဖို့ ဝန်ကြီးချုပ်ဆို
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် လူထုသပိတ်ကော်မတီများမှသပိတ်ခေါင်းဆောင်များတွေ့ဆုံ
📌 ၃။ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ပုလဲမြို့နယ် နှောကန်ကျေးရွာ မီးရှို့ဒဏ်ခံ စစ်ဘေးသင့် ကျေးရွာသူ/သားများအတွက် ငွေကျပ် ၂၇ သိန်းနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်
📌 ၄။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းများ ပြုလုပ်နေ
📌 ၅။ CDFမင်းတပ်နဲ့ စကစတပ်များအကြား တိုက်ပွဲ၂၁၈ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၄၅၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့
📌 ၆။ စစ်ကောင်စီဘက်မှ ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကော်ပရာစစ်ကြောင်းထုတ်ပြန်
📌 ၇။ ရေစကြိုမြို့နယ် ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်းငယ်ရဲစခန်းသို့သွားသော စကစနဲ့ပျူများကို မိုင်းခွဲရာ နှစ်ဦးသေ၊ ခုနစ်ဦးပြင်းထန်ဒဏ်ရာရ
📌 ၈။ ပခုက္ကူမြို့နယ်အရှေ့ဘုန်းကန်(ပျူစောထီးကျေးရွာ)အား တာဝေးပစ်ရှော့တိုက်ဒုံး(၁၀)လုံးဖြင့် ပျူစောထီးနဲ့ စကစတပ်များရှိရာကို ပစ်ခတ်
📌 ၉။ ဇီးပြားရဲစခန်းနှင့် သရော်ကိုင်းပျူရွာအား ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
📌 ၁၀။ ဧပြီလကုန်ကလစ်ကမ်ပိန်းတစ်ခု ပြုလုပ်ဖို့ရှိတယ်လို့ Click2donateက အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရန်သူဟာ တော်လှန်ရေးအင်အားစုများကို ဖျက်ဆီးရန် အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လျှက်ရှိသည်ကို သတိကြီးစွာထားဖို့ ဝန်ကြီးချုပ်ဆို
ရန်သူဟာ တော်လှန်ရေးအင်အားစုများကို ဖျက်ဆီးရန် အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လျှက်ရှိသည်ကို သတိကြီးစွာထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ဧပြီလ ၂၄ ရက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ချင်းကာကွယ်ရေးတပ်ဖွဲ (မင်းတပ်)၏ (၂) နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့် နှုတ်ခွန်းဆက်သဝဏ်လွှာမှာ ဆိုထားပါတယ်။
"ယခုအချိန်တွင် မိမိတိုအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတစ်ရပ်ကို ဆင်နွဲနေကြခြင်း ဖြစ်သည့်အတွက် ထိခိုက်ပေးဆပ်ရမှုများကို မလွဲမရှောင်သာ ကြုံတွေ့ကြရမှာဖြစ်ပါတယ်။ သို့သော်လည်း မိမိတို၏ ရည်မှန်းချက် ပန်းတိုင်သို့ရောက်သည်အထိ အချင်းချင်း ဖေးမယုံကြည်မှု၊ သစ္စာရှိမှု၊ စည်းလုံးညီညွတ်မှုတိုဖြင့် မဆုတ်မနစ် ဆက်လက် ချီတက်ကြရမှာ ဖြစ်ပါတယ်။ ရန်သူဟာ မိမိတို့အား ဖျက်ဆီးရန် အချိန်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်လျှက်ရှိသည်ကို သတိကြီးစွာထားလျက် ဉာဏ်အမြော်အမြင်ရှိရှိ စည်းလုံးညီညွတ်စွာဖြင့် အောင်ပွဲရသည်အထိ ကြိုးပမ်းကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ဤနွေဦးတော်လှန်ရေး(၂)နှစ်တာကာလအတွင်း ချင်းပြည်တပ်ဦး၌ ချင်းကာကွယ်ရေးတပ်ဖွဲ(မင်းတပ်)၏ ခိုင်မာပြတ်သားသော တော်လှန်ရေးစိတ်ဓါတ်နှင့် ကိုယ်ကျိုးစွန့်ပါဝင်ခဲ့မှုများအား လှိက်လှဲစွာမှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် လူထုသပိတ်ကော်မတီများမှသပိတ်ခေါင်းဆောင်များတွေ့ဆုံ
ဧပြီ၂၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် လူထုသပိတ်ကော်မတီများမှ သပိတ်ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က အဖွင့်အမှာစကားများအသီးသီး ပြောကြားပြီးနောက်၊ လူထုသပိတ်ကော်မတီများကိုယ်စား ဒေါက်တာလွမ်းဝေက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသူများက တော်လှန်ရေးအရှိန်အဟုန်မြှင့်တင်နိုင်ရေး အထောက်အကူပြုလုပ်ငန်းများ၊ လတ်တလောကြုံတွေ့နေရသည့် စိန်ခေါ်ချက်များ၊ ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များ၊ စကစ ၏ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်နိုင်ရေးအတွက် ကြိုတင်သတင်းပေးဖြန့်ဝေနိုင်ရေး ကိစ္စရပ်များ၊ မြေပြင်အုပ်ချုပ်ရေးလုပ်ငန်းများကို ကောင်းစွာ ကြပ်မတ်ဆောင်ရွက်နိုင်ရန် အကြံပြုတိုက်တွန်းချက်များ၊ ပအဖ ပကဖ ပလဖ များကြား လုပ်ငန်းတာဝန်ခွဲခြားမှုများ ပိုမိုရှင်းလင်းစေပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များ အစရှိသည်တို့ကို အပြန်အလှန်မေးမြန်းညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦကျော်နီ၊ ဝန်ကြီးဌာနအသီးသီးမှ အတွင်းဝန်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူထုသပိတ်ကော်မတီများမှ သပိတ်အဖွဲ့ခေါင်းဆောင်များနှင့် သပိတ်အင်အားစုရဲဘော်များ စုစုပေါင်း (၃၁) ဦး တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ပုလဲမြို့နယ် နှောကန်ကျေးရွာ မီးရှို့ဒဏ်ခံ စစ်ဘေးသင့် ကျေးရွာသူ/သားများအတွက် ငွေကျပ် ၂၇ သိန်းနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်
အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ပုလဲမြို့နယ် နှောကန်ကျေးရွာ မီးရှို့ဒဏ်ခံ စစ်ဘေးသင့် ကျေးရွာသူ/သားများအတွက် ငွေကျပ် ၂၇ သိန်းနှင့်စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်ခဲ့ပါတယ်လို့ ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဧပြီ၂၄ရက်မှာ ဆိုပါတယ်။
" အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ပုလဲမြို့နယ် နှောကန်ကျေးရွာ မီးရှို့ဒဏ်ခံ စစ်ဘေးသင့် ကျေးရွာသူ/သားများအတွက် အလှူရှင်များက လှူဒါန်းသော ငွေကျပ် ၂၇ သိန်းနှင့်စားနပ်ရိက္ခာများကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်"လို့ဆိုပါတယ်။
နှောကန်ကျေးရွာဟာ အိမ်ထောင်စု ၁၃၆စုရှိသည့်အနက် ၁၀၄ အိမ်ထောင်စု မီးရှို့ခံရသောကြောင့် အကူအညီများ များစွာ လိုအပ်လျှက်ရှိပါတယ် ။
အကူအညီများ ပေးလိုကြသော ပြည်တွင်း ပြည်ပမှမှ တိုင်းရင်းသားညီအကိုမောင်နှမများအနေနှင့် တိုက်ရိုက်ဖြစ်စေ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ဖြစ်စေ ဆက်သွယ်ပြီး အကူအညီများ ပေးနိူင်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းများ ပြုလုပ်နေ
အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းများ ပြုလုပ်နေတယ်လို့သိရပါတယ်။ ဧပြီ ၂၄ရက်မှာ လတ်တလောအခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက အသိပေးဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းများ ပြုလုပ်နေပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကပ်မှော်ဇွပ်ကျေးရွာ၊ ဆိုင်းဖရာကျေးရွာ၊ မှော်ပုံကျေးရွာနှင့် ဆန်ခါကျေးရွာမှ အရပ်သားပြည်သူများကို အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာနှင့် ဆန်ခါကျေးရွာမှ ပြည်သူအများအပြားကို အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းက ဧပြီလ ၂၁ ရက်နေ့တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး တချို့အား ကမ်စီးဗျူဟာကုန်း၌ ဖမ်းဆီးထားပြီး တချို့အား မဇွပ်ယန် အချုပ်ထောင်၌ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၅၁၄) ဦးရှိပြီး ထိုအထဲမှ (၁၇၆၀၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၆၅၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၅။ CDFမင်းတပ်နဲ့ စကစတပ်များအကြား တိုက်ပွဲ၂၁၈ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၄၅၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့
CDFမင်းတပ်နဲ့ စကစတပ်များအကြား တိုက်ပွဲ၂၁၈ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ၄၅၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ၏ တော်လှန်ရေး (၂) နှစ်ပြည့် သဘောထားထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
"ခုခံတော်လှန်တိုက်ခိုက်ရာတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်တို့ကြား တိုက်ပွဲ၂၁၈ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ၄၅၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်"လို့ဆိုပါတယ်။
တိုက်ပွဲတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က တပ်ဖွဲ့ဝင်၅၅ဦး တိုင်းပြည်နဲ့လူမျိုးအတွက် ကျဆုံးခဲ့ရပါတယ်။ ၂၀၂၁ခု နှစ်ဧပြီ၂၄ရက်မှ စတင်ကာ ချင်းပြည်နယ် မင်းတပ်ရှိ ပြည်သူလူထုတစ်ရပ်လုံးက အာဏာသိမ်းစစ်ကောင်စီအား ရရာ လက်နက်ဖြင့် တော်လှန်ခဲ့သည်မှာ ၂နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီဘက်မှ ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကော်ပရာစစ်ကြောင်းထုတ်ပြန်
စစ်ကောင်စီဘက်မှ ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကော်ပရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဧပြီ၂၄ရက်မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကအတည်ပြုပါတယ်။
"ဧပြီ၂၃ရက်တွင် မိမိတို့တော်လှန်ရေးအင်အားစု လုံခြုံရေးယူထားသော နယ်မြေအား စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ဗုံး) ဟု ယူဆရသောလက်နက်ကြီးအမျိုးအစားများလည်းပါဝင်တယ်"လို့ဆိုပါတယ်။
ဧပြီ၂၄ရက်တွင် ရန်သူဘက်မှ နံနက် (၁၀:၂၀) ခန့်တွင် YAK130 Jet Fighter ဖြင့် ကော်ပရာစစ်ကြောင်း လုံခြုံရေးယူထားသော နယ်မြေအား ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ ဖော်ပြပါအတိုင်း ဓာတုဗုံးဟု ယူဆရသော လက်နက်ကြီးများအပြင် လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ဆိုပါတယ်။
========================
📌📌 ၇။ ရေစကြိုမြို့နယ် ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်းငယ်ရဲစခန်းသို့သွားသော စကစနဲ့ပျူများကို မိုင်းခွဲရာ နှစ်ဦးသေ၊ ခုနစ်ဦးပြင်းထန်ဒဏ်ရာရ
ရေစကြိုမြို့နယ် ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်းငယ်ရဲစခန်းသို့သွားသော စကစနဲ့ပျူများကိုမိုင်းခွဲရာနှစ်ဦးသေ၊ ခုနစ်ဦးပြင်းထန် ဒဏ်ရာရခဲ့ပါတယ်။ ဧပြီ ၂၄ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက အတည်ပြုဆိုပါတယ်။
"ဧပြီ၂၃ရက် မွန်းလွဲ၁၂နာရီ၁၅အချိန် ပခန်းကြီးနယ်မြေရဲစခန်းမှ ပခန်းငယ်ရဲစခန်းသို့သွားသော စကစနဲ့ပျူများ လိုက်ပါလာတဲ့ အိမ်စီးကားသုံးစီးနဲ့ ဆိုင်ကယ်လေးစီးအား လမ်းတစ်နေရာတွင် မိုင်းလေးလုံးတွဲနဲ့ ဖောက်ခွဲခဲ့တယ်"လို့ ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စကစဘက်က နှစ်ဦးသေဆုံးကာ ခုနစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိူင်ခဲ့ပါတယ်။
========================
📌📌 ၈။ ပခုက္ကူမြို့နယ်အရှေ့ဘုန်းကန်(ပျူစောထီးကျေးရွာ)အား တာဝေးပစ်ရှော့တိုက်ဒုံး(၁၀)လုံးဖြင့် ပျူစောထီးနဲ့ စကစတပ်များရှိရာကို ပစ်ခတ်
ပခုက္ကူမြို့နယ်အရှေ့ဘုန်းကန်(ပျူစောထီးကျေးရွာ) အား တာဝေးပစ် ရှော့တိုက်ဒုံး(၁၀)လုံးဖြင့် ပျူစောထီးနဲ့ စကစတပ်များ ရှိရာကိုပစ်ခတ်ခဲ့ပါတယ်။ ဧပြီ၂၄ရက်မှာ စစ်ရေးသတင်းကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးဆိုပါတယ်။
"ဧပြီ၂၃ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ခွဲ(၁)၊ Pakokku Special Guerrilla Force(ပကဖ-PSGF)၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) နှင့် King Fighter အဖွဲ့တို့ ပူးပေါင်း၍ အရှေ့ဘုန်းကန်(ပျူစောထီးကျေးရွာ)အား တာဝေးပစ် ရှော့တိုက်ဒုံး(၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ ရန်သူဘက်မှ ထိခိုက်မှုအခြေအနေအားစုံစမ်းနေဆဲ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၉။ ဇီးပြားရဲစခန်းနှင့် သရော်ကိုင်းပျူရွာအား ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရဲစခန်းနှင့် သရော်ကိုင်းပျူရွာအား ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၂၄ရက်ညနေ ၀၃:၁၀ ခန့်တွင် ဇီးပြားရဲစခန်းနှင့် သရော်ကိုင်းပျူရွာအား ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖက အတည်ပြုဆိုပါတယ်။
"ဧပြီ၂၄ ရက်နေ့ ညနေ ၀၃:၁၀ ခန့်တွင် ဇီးပြား ရဲစခန်းနှင့် သရော်ကိုင်းပျူရွာအား ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပခုက္ကူ မြို့ပြပြောက်ကြားတပ်ဖွဲ့နှင့် မြိုင် ပကဖ ရင်း ( ၁ ) ခွဲ ( ၃ ) စု ( ၂ ) တို့ ပူပေါင်း၍ လက်နက်ကြီးများဖြင့် အလုံးရေ ၄၀ ကျော် ခန့် ညနေ ၀၄:၂၉ အချိန်ထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ထိခိုက်မှုအခြေအနေ အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၁၀။ ဧပြီလကုန်ကလစ်ကမ်ပိန်းတစ်ခု ပြုလုပ်ဖို့ရှိတယ်လို့ Click2donateက အသိပေး
ဧပြီလကုန်ကလစ်ကမ်ပိန်းတစ်ခု ပြုလုပ်ဖို့ရှိတယ်လို့ Click2donateကအသိပေးဆိုပါတယ်။ ဧပြီ၂၄ရက်မှာ Click2donateက ကမ်ပိန်းကို အသိပေးခဲ့ပါတယ်။
"လကုန်ပြီးဆယ်ရက်နေရင် ကျွန်တော်အရင်ထက် ၂ဆ ပြန်ကြိုးစားမယ်ခင်ဗျာ။ ကလစ်ကမ်ပိန်းတစ်ခုလုပ်မယ်ခင်ဗျာ။ ဆယ်ရက်နဲ့ သိန်းပေါင်း တစ်ထောင်ကျော် ရှာချင်တယ်။ အဲ့ဒါ အောင်မြင်ဖို့ဆိုရင် အခုကတည်းက အမာခံကလစ်ကာတို့က ကူညီပေးမှ ရပါမယ်ခင်ဗျာ။
ဘယ်လိုကူညီရမလဲဆိုရင် ရုတ်တရက်ထိုးတက်တဲ့ traffic မဖြစ်အောင် အခုကတည်းက weclick4pdf.com , pyithubawa .com , lungemyarr .com , eainpyanlann .com , Aungsithan .com တို့ကို နေ့စဉ် အင်အားတိုးပြီး ဝင်ထားပေးကြပါခင်ဗျာ။ နီးမှပဲ ဘယ်လိုမျိုး ကလစ်ကြမယ်ဆိုတာ ဝိုင်းကြေညာပြီး ဝိုင်းတွန်းကြမယ်"လို့ဆိုပါတယ်။
Click2donateဟာ ပြည်သူများကလစ်နှိပ်၍ ရရှိသော ဝင်ငွေများအား တော်လှန်ရေးအင်အားစုများထံသို့ ပြန်လည်စီးဆင်းခြင်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment