၂၀၂၃ မေလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာပြည်သူအများစုဟာ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းကောက်ယူစုံစမ်းပါက သတိပြုစရာအချက်များကို လူ့အခွင့်ရေးဝန်ကြီးပြောကြား
📌 ၄။ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏအသိပေးပြောကြား
📌 ၅။ စစ်အာဏာရှင်ကြောင့် တစ်ပြည်လုံးမီးလောင်တိုက်ဖုံးကာ ပျက်စီးယိုယွင်း နေရတယ်လို့ ဝန်ကြီး ဦးစိုးသူရထွန်းပြောကြား
📌 ၆။ ရေဦးမြို့နယ် ဆည်ကြီး ပေါက်သာအဝင်လမ်းမှာ မိုင်း လေးလုံးဖြင့် စကစတပ်များကို ရေဦးပကဖ တိုက်ခိုက်ခဲ့
📌 ၇။ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ခြေလျှင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မ (၇၇)နဲ့ CNA တပ်မဟာ(၅)နယ်မြေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စကစဘက်က စစ်သား ၂၀ဦးခန့်သေဆုံး
📌 ၈။ ဧပြီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၄၃) ဦး ထိရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာပြည်သူအများစုဟာ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မေလ၂ရက်
မေလ၂ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ် ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၂ရက်
မေလ (၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ကိုလည်း ဝန်ကြီးချုပ်ကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းကောက်ယူစုံစမ်းပါက သတိပြုစရာအချက်များကို လူ့အခွင့်ရေးဝန်ကြီးပြောကြား
မေလ၂ရက်
မေလ၂ရက်နေ့မှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူမှုနှင့်ပတ်သက်ပြီးအခုလို ပြောကြားထားပါတယ်။
"အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတဝှမ်းမှာ နေ့စဉ်နေ့တိုင်းဖြစ်ပွားနေလျက်ရှိပါတယ်။ အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားနိုင်ဖို့ နည်းမျိုးစုံနဲ့ကြိုးပမ်းနေကြသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုဆောင်းကောက်ယူပြီး တရားမျှတမှုဖော်ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်နေလျက်ရှိပါတယ်။ အရေးကြီးတဲ့အချက်ကတော့စုံစမ်းစစ်ဆေးမှုဆိုတာ (investigation) ဖြစ်ပါတယ်။ ဘယ်သူကျူးလွန်ခဲ့လဲဆိုတာကို ရှာဖွေစုံစမ်းနိုင်ဖို့ သတင်းတွေနဲ့ အထောက်အထားတွေကိုရှာဖွေရမှာဖြစ်ပါတယ်။စစ်ကြောရေး (Interrogation) မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သတင်းအချက်အလက်တွေပေးနေတဲ့သူကို လူသားတစ်ယောက်လိုလေးစားစွာဆက်ဆံဖို့ လိုအပ်ပါတယ်။ သူတို့ရဲ့ စိတ်ပိုင်းရုပ်ပိုင်းအခြေအနေကို အမြဲမပြတ်လေ့လာသုံးသပ်နေပြီး ဆက်ဆံပေးဖို့အထူးအရေးကြီးလှပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် စိတ်မကောင်းစရာ ကြေကွဲစရာအဖြစ်တွေကို ပြန်ပြောပြရခြင်းဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဖြစ်စေတတ်တာမို့ မေးခွန်းမေးနေတဲ့အချိန်ကာလတခုလုံးပြောပြသူရဲ့စိတ်အခြေအနေကို အမြဲမပြတ်လေ့လာဖို့လိုအပ်တယ်လို့ ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏအသိပေးပြောကြား
မေလ၂ရက်
မေလ၁ရက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့်ကိစ္စနှင့်ပတ်သက်၍ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီ၏ ပြည်သူများအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကို လက်တွေ့ကျကျ ဟန့်တားနိုင်ရေးအတွက် လေယာဉ်ဆီ၊ စက်သုံးဆီနှင့် လက်နက်ဝယ်ယူမှုတွင် မဖြစ်မနေ အသုံးပြုရမည့် နိုင်ငံခြားဝင်ငွေရရှိမှု ဖြတ်တောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်။ မကြာမီ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုနှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေရရှိမှု လမ်းကြောင်းကို ဖြတ်တောက်မည့် လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နိူင်ငံခြားငွေများရရှိနေပြီး ၄င်းရရှိငွေမှတဆင့် စစ်သုံးစရိတ်များကို အသုံးပြုလျက်ရှိပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်ကြောင့် တစ်ပြည်လုံးမီးလောင်တိုက်ဖုံးကာ ပျက်စီးယိုယွင်း နေရတယ်လို့ ဝန်ကြီး ဦးစိုးသူရထွန်းပြောကြား
မေလ ၂ ရက်
စစ်အာဏာရှင်ကြောင့် တစ်ပြည်လုံးမီးလောင်တိုက်ဖုံးကာ ပျက်စီးယိုယွင်း နေရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက မေလ၂ရက်နေ့မှာ သုံးသပ်ပြောကြားထားပါတယ်။
"လွန်ခဲ့တဲ့ ၁၅ နှစ် ဒီရက်မှာ မြန်မာနိုင်ငံ သမိုင်း ထဲ မှတ်တမ်း မရှိဘူးတဲ့ မုန်တိုင်းကြီး တိုက်ခတ်ခဲ့တာ ကို သတိရမိပါတယ်။ စစ်အာဏာရှင် ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း ချက်ကြောင့်၊ သူ့ရဲ့ အာဏာ တည်တန့်ရေး ရေရှည်ရည်မှန်းချက်အတ္တကြောင့်၊လူပေါင်း သိန်းနဲ့ ချီ သေဆုံးကြ။ ကျန်ရစ်သူ ပေါင်းများစွာလည်း ဘဝပျက်ခဲ့ရပါတယ်။ဒီနေ့လည်း အဆိုးတကာ့ အဆိုးဆုံး စစ်အာဏာရှင်ကြောင့် တစ်ပြည်လုံး မီးလောင်တိုက်ဖုံး ပျက်စီးယိုယွင်း နေချိန်မှာ တကမ္ဘာလုံးက ဒီနိုင်ငံကို ချစ်သူအပေါင်းက မိမိချွေးနှဲစာ ထဲက ထောက်ပံ့ကူညီနေကြတာလည်း အဆိုးထဲက အကောင်းပါပဲ။ တနည်းအားဖြင့် နိုင်ငံ အနာဂတ် အတွက် စိတ်သစ်လူသစ်တွေနဲ့ အားလုံးပြန်ဆုံကြမယ်၊ ပြန်တည်ဆောက်ကြမယ် ဆိုရင် စိတ်အေးရစရာပဲလို့ စဉ်းစားယုံကြည်မိပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော် အာဏာကို လုယူပြီးနောက်ပိုင်း လူပေါင်း သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ကာ လက်ရှိအချိန်အထိ တစ်နိူင်ငံလုံးမှာ အိုးအိမ်အဆောက်အဦပေါင်း ခြောက်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၆။ ရေဦးမြို့နယ် ဆည်ကြီး ပေါက်သာအဝင်လမ်းမှာ မိုင်း လေးလုံးဖြင့် စကစတပ်များကို ရေဦးပကဖ တိုက်ခိုက်ခဲ့
မေလ၂ရက်
စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ် ဆည်ကြီး ပေါက်သာအဝင်လမ်းမှာ မိုင်း လေးလုံးဖြင့် စကစတပ်များကို ရေဦးပကဖ တိုက်ခိုက်ခဲ့ကြောင်းကို မေလ၂ရက်နေ့ တွင် ရေဦးပကဖက အသိပေးဆိုပါတယ်။
"မေလ၁ရက်နေ့ စကစများကို ဆည်ကြီး ပေါက်သာအဝင်လမ်းမှာ မိုင်း လေးလုံးဖြင့်ကြိုဆိုနိုင်ခဲ့ပါတယ်။ယခု စကစများ မူးသာကုန်းရွာမှ မြောက်ဘက်(ရေဦးမြို့ဘက်သို့)စတင် သွားနေကြောင်း ရှေ့တန်းသတင်းရရှိပါတယ်"လို့ဖော်ပြပါတယ်။
ရေဦးပကဖ အဖွဲ့ဟာ စကစတပ်များနဲ့ပျူစောထီးများကို ပြောက်ကျားတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုများ မကြာခဏဆင်နွှဲလေ့ရှိပါတယ်။
========================
📌📌 ၇။ ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ခြေလျှင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မ (၇၇)နဲ့ CNA တပ်မဟာ(၅)နယ်မြေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စကစဘက်က စစ်သား ၂၀ဦးခန့်သေဆုံး
မေလ၂ရက်
မေလ ၁ရက်နေ့ မနက်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA) တပ်မဟာ(၅)နယ်မြေတိုက်ပွဲတွင် CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့ပူးပေါင်းကာစကစတပ်များကို တိုက်ထုတ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါထိတွေ့တိုက်ပွဲတွင်း စစ်တပ်ဖက်မှ စစ်သား ၂၀ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပါတယ်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတွေရဲ့ သေနတ် ၉လက်၊ ၆၀မမ မော်တာတစ်ခု၊ RPG လောင်ချာတစ်ခု၊ လက်ပစ်ဗုံး ၁၁လုံး၊ မိုဘိုင်းဖုန်းများနဲ့ အခြားစစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းများကို CNA နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။
========================
📌📌 ၈။ ဧပြီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၄၃) ဦး ထိရှိခဲ့
မေလ၂ရက်
မေလ၂ရက်နေ့မှာ Burmese Womens Unionက အချက်အလက်များကို အခုလိုဖော်ပြအသိပေးဆိုပါတယ်။
"ဧပြီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၄၃) ဦး ထိရှိခဲ့ပြီး အသက်ဆုံးရှုံးရသည့် အမျိုးသမီး (၅၅) ဦး ထိရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ ဧပြီလ (၁၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး (၄၅) ဦး ထိ ရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဖမ်းဆီးခံရသည့် အမျိုးသမီးအများစုမှာ စစ်ကိုင်းတိုင်းကလေးမြို့နယ်နဲ့ ပဲခူးတိုင်းညောင်လေးပင်အပါအဝင် မန္တလေးတိုင်း ပြင်ဦးလွင့်မို့နယ်တို့ကဖြစ်ကြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment