၂၀၂၃ မေလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးမူဘောင်များတွင် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမည့် ကတိကဝတ်များ ပါဝင်အောင်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ယာယီသမ္မတအသိပေး
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကဦးစီး၍ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပ
📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ ဒီပဲယင်း ရေဦးနယ်စပ် ကျေးရွာများ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ
📌 ၅။ မြင်းခြံ တလုပ်မြို့အဝင် စကစတပ်ကင်းဂိတ်ထဲ မိုင်းဆွဲရာ ဘန်ကာအတွင်းမှ စကစတပ်ကတစ်ဦးသေ
📌 ၆။ တော်လှန်ရေးကာလ နှစ်နှစ်တာကာလအတွင်း ရန်သူလက်နက် (၁၄) လက်တိတိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ဆို
📌 ၇။ မော်ကျွန်းမြို့ မြတ်သာရွာမရဲစခန်းအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၈။ အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ ပထမဆုကျပ် သိန်း ၁၀၀ ကံထူးရှင်မှ ၁၀ သိန်းကျပ်ကို နွေဦးထီအဖွဲ့ကိုပြန်လှူ
📌 ၉။ မေလအတွင်း ဘွန်းဝယ်ယူသူတိုင်း သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ လက်မှတ်နဲ့ ပို့စ်ကဒ်လက်ခံရရှိမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးမူဘောင်များတွင် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမည့် ကတိကဝတ်များ ပါဝင်အောင်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ယာယီသမ္မတအသိပေး
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးမူဘောင်များ တွင် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမည့် ကတိကဝတ်များ ပါဝင်အောင်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးဆိုပါတယ်။
မေလ ၁ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတက အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာမှာ ဆိုထားပါတယ်။
"အလုပ်သမားများသည် မိမိတို့လူ့အဖွဲ့အစည်း၏ ကျောရိုးဖြစ်သဖြင့် အမျိုးသားညီညွတ်ရေး အစိုးရက ဦးဆောင်ဖော်ထုတ်နေသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးမူဘောင်များတွင် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမည့် ကတိကဝတ်များ ပါဝင်အောင်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန အပါအဝင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်းပြီး အလုပ်သမားများအတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ၊ စွမ်းရည်တည်ဆောက်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းအလုပ်သမားများရဲ့ လူမှုဒုက္ခပေါင်းစုံမှာလည်း တော်လှန်ရေးအမြန်ဆုံးအောင်မှသာ ဖြေရှင်းနိုင်မဲ့ အခြေအနေဖြစ်တယ်လို့ ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကဦးစီး၍ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပ
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနကဦးစီး၍ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနား ကျင်းပခဲ့ပါတယ်။
မေလ၁ရက်နေ့မှာ Virtual (Zoom) စနစ်ဖြင့် ၁၃၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် နိုင်ငံတော် ယာယီသမ္မတက ပေးပို့သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သဝဏ်လွှာကို အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်က ဖတ်ကြားခဲ့ပြီး အမျိုးသားညီညွတ် ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပအို့အမျိုးသားဖက်ဒရယ်ကောင်စီမှ ခွန်မြင့်ထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ အတွင်းရေးမှူး ဦးထွန်းမြင့်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ တို့က မေဒေးအမှတ်တရ အမှာစကားများ ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ မြန်မာ့နွေဦးတော်လှန်ရေး၏ အစသူရဲကောင်းများဖြစ်သော နိုင်ငံ့ဝန်ထမ်း (CDM များ)နှင့် ပုဂ္ဂလိက ဝန်ထမ်း လုပ်သားများ၏ ပါဝင်လှုပ်ရှားမှုများ မှတ်တမ်းရုပ်သံကို ပြသခဲ့ပြီး အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော International Union of Food, Agriculture, Hotel, Restaurant, Catering, Tobacco and Allied Workers’ Association (IUF) မှ အထွေထွေအတွင်းရေးမှူးချုပ် Ms. Sue Longley၊ အလုပ်သမားထုနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် (AMTUN)၊ WE Generation Network နှင့် အခြေခံပညာရေးလုပ်သားများ သမဂ္ဂ (BEWU) မှ ဥပဒေအကြံပေး၊ တရားလွှတ်တော်ရှေ့နေ ဦးဌေးတို့က အမှာစကားများ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
မေလ ၁ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်း အဝေး(၉/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ဒီပဲယင်း ရေဦးနယ်စပ် ကျေးရွာများ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ
ဒီပဲယင်း ရေဦးနယ်စပ် ကျေးရွာများ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။ မေလ ၁ရက်နေ့မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က အတည်ပြုဆိုပါတယ်။
"ဒီပဲယင်း ရေဦးနယ်စပ် ကျေးရွာများ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ဧပြီ၃၀ရက်နေ့မှစတင်၍ စစ်ကြောင်းထိုးလာပြီး မေလ၁ရက်နံနက် ရေဦးနယ် မုတ်ဆီကျေးရွာမှာတစ်ဆင့်ရေဦး ဒီပဲယင်းနယ်စပ် ဆည်ကြီး ပေါက်သာ ဇိန့်ဇွန်းကျေးရွာများတစ်ဝိုက် အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၈၀ ခန့်စစ်ကြောင်းထိုးလာမှုကြောင့် ရေဦး ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ကုက္ကိုစု၊ ဇိန့်ဇွန်း၊ ရွာသာလေး၊ မူးသာကုန်း၊ ပေါက်သာ၊ ညောင်လှ ၊ သရက်တော၊ လက်ယက်ကုန်း၊ မူးခံတွင်း စသော ကျေးရွာများမှ ဒေသခံထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ ဆိုပါတယ်။
အဆိုပါအကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ မေလ၁ရက်နေ့နေ့လည်ပိုင်းက ရေဦးနယ် ပေါက်သာရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဇိန့်ဇွန်း၊ ပိဋကတ်ကျကျေးရွာများတစ်ဝိုက် တပ်စွဲနေတယ်လို့သိရပါတယ်
========================
📌📌 ၅။ မြင်းခြံ တလုပ်မြို့အဝင် စကစတပ်ကင်းဂိတ်ထဲ မိုင်းဆွဲရာ ဘန်ကာအတွင်းမှ စကစတပ်ကတစ်ဦးသေ
မြင်းခြံ တလုပ်မြို့အဝင် စကစတပ်ကင်းဂိတ်ထဲ မိုင်းဆွဲရာ ဘန်ကာအတွင်းမှ စကစတပ်ကတစ်ဦးသေဆုံးခဲ့ပါတယ်။
မေလ ၁ရက်နေ့မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဆိုပါတယ်။
"ယနေ့မနက်စောက တလုပ်မြို့အဝင် စခကင်းဂိတ်ထဲ မိုင်းထောင်ပြီးဆွဲရာ ဘန်ကာအတွင်းမှ စကစတပ်တစ်ဦး သေဆုံးကာ အပြင်မှ တစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဟာ မြင်းခြံမြို့နယ်အတွင်း မကြာခဏ ပြောက်ကျားတိုက်ခိုက်ခံရမှုတို့ရှိပါတယ်။
========================
📌📌 ၆။ တော်လှန်ရေးကာလ နှစ်နှစ်တာကာလအတွင်း ရန်သူလက်နက် (၁၄) လက်တိတိ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ဆို
တော်လှန်ရေးကာလ နှစ်နှစ်တာကာလအတွင်း ရန်သူလက်နက် (၁၄) လက်တိတိသိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က မေလ၁ရက်နေ့မှာ အသိပေးဆိုပါတယ်။
"ပြည်သူများ အပေါ်လက်နက်ကိုင်ပြီး မတရား၊ညှင်းပန်း၊ ဖိနှိပ်၍ စစ်အာဏာသိမ်းခဲ့သည့်မှာ (၂)နှစ်၊ (၂) လပြည့်ခဲ့ပြီးဖြစ်ပါတယ်။
ဤကာလအတွင်း ရန်သူလက်နက် မိမိလက်နက်ဖြစ်ရေးရည်မှန်းချက်ဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်မှာ ရန်သူလက်နက် (၁၄) လက်တိတိသိမ်းဆည်းနိုင်ခဲ့ပြီး အတိုင်းအတာတစ်ခုထိ အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ၃ရက်နေ့ ချောင်းတောင်အုပ်ချုပ်ရေးမှူးရုံးဖြစ်စဥ်တွင် အေကေနှစ်လက်၊ အေကေရိုင်ဖယ်တစ်လက်၊ ၎င်းကျည်ရှစ်ဆယ့်ငါးတောင့် သိမ်းဆည်းရမိခဲ့ကာ ၎င်းသည်မွန်ပြည်နယ်တွင် ပထမအဦးဆုံး လက်နက်သိမ်းဆည်းရမိခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
အလားတူ စက်တင်ဘာ၁၇ရက်နေ့တွင်အကြမ်းဖက်စကစလက်အောက်ခံ ပြည်သူစစ်အဖွဲ့ဝင်ထံမှ အေကေ47(1)လက်၊ အေကေကျည်(30)တောင့်၊ M16ကျည်(120)တောင့်အား ရရှိခဲ့တယ်လို့သိရပါတယ်။
"ရှေ့ဆက်ပြီတော့လည်း မွန်ပြည်နယ်မှာ ဒီထက်ကောင်းမွန်တဲ့ missionတွေနဲ့အတူ "ရန်သူလက်နက်မိမိလက်နက်"ဆိုသည့် အတိုင်း ဒီထက်ပိုပြီသိမ်းဆည်းနိုင်အောင် ကြိုးစားလုပ်ဆောင်သွားပါမည်ဟု ပြည်သူအပေါ် ကတိသစ္စာပြုအပ်ပါတယ်"လို့ ရေးပြောက်ကျားတပ်ဖွဲ့ ကဆိုပါတယ်။
========================
📌📌 ၇။ မော်ကျွန်းမြို့ မြတ်သာရွာမရဲစခန်းအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ မြတ်သာရွာမရဲစခန်းအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ ၁ရက်နေ့မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်တပ်ရင်းက အသိပေးဆိုပါတယ်။
"ဧပြီ၃၀ရက် ည၇နာရီ၁၀မိနစ်အချိန် မော်ကျွန်းမြို့ မြတ်သာရွာမရဲစခန်းအား 79 ဗုံးပစ်လောင်ချာ 40mmဗုံးသီးနဲ့ ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်အောင်မြင်စွာ တိုက်ခိုက်ခဲ့တယ်"လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွင် ရဲစခန်းပင်မ အဆောက်အဦကို ဗုံးသီးထိမှန်ခဲ့ပြီး အသေးစိတ် ပျက်စီးမှုအခြေအနေကို အတည်ပြုစုံစမ်းဆဲ ဖြစ်ပါတယ်။ စစ်ဆင်ရေးကို ဘိုကလေး လင်းပိုင်၊ ဧရာဝတီလင်းပိုင်မော်ကျွန်း၊ မော်ကျွန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၈။ အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ ပထမဆုကျပ် သိန်း ၁၀၀ ကံထူးရှင်မှ ၁၀ သိန်းကျပ်ကို နွေဦးထီအဖွဲ့ကိုပြန်လှူ
“အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ ပထမဆုကျပ် သိန်း ၁၀၀ ကံထူးရှင်မှ ၁၀ သိန်းကျပ်ကို နွေဦးထီအဖွဲ့ကို ပြန်လှူဒါန်းသွားခဲ့ပါတယ်။ မေလ ၁ရက်နေ့မှာ WPC မိသားစု အဖွဲ့က နွေဦးထီနဲ့ ပတ်သက်လို့အသိပေးဆိုပါတယ်။
“အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့ ၂၀၂၃ ဧပြီလ၊ ထီ အပတ်စဉ် ၁၈ မှာတော့ WPC မိသားစု အဖွဲ့ဝင်များ ရောင်းချပေးခဲ့တဲ့ လက်မှတ်တွေထဲကနေ ပထမဆု သိန်း ၁၀၀ ဆုကြီး ဆွတ်ခူးပြီး နှစ်သစ်ကို ကြိုဆိုလိုက်ပါပြီ။ ကံထူးရှင် ထောက်ပို့ရဲမေက ဆုမဲထဲမှ ၁၀ သိန်းကျပ်ကို နွေဦးထီအဖွဲ့ကို ချက်ချင်း ပြန်လှူသွားပါတယ်"လို့ဆိုပါတယ်။
နွေဦးထီရောင်းရငွေအများစုဟာ CDM သူရဲကောင်းတွေကို ထောက်ပို့ဖို့ အတွက်မို့၊ CDM သူရဲကောင်းတွေကို ဂုဏ်ပြုထောက်ကူဖို့ဖြစ်ပြီးတော့ လစဥ်နွေဦးထီထိုးပေးခြင်းဟာလည်း CDMသူရဲကောင်းများကို အထောက်အကူပြုခြင်းပဲ ဖြစ်ပါတယ်။
========================
📌📌 ၉။ မေလအတွင်း ဘွန်းဝယ်ယူသူတိုင်း သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ လက်မှတ်နဲ့ ပို့စ်ကဒ်လက်ခံရရှိမယ်
မေလအတွင်း ဘွန်းဝယ်ယူသူတိုင်း သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ လက်မှတ်နဲ့ပို့စ်ကဒ် လက်ခံရရှိမယ်လို့ ယူနိုက်တက်ဘွန်းကမေလ၁ရက်နေ့မှာ အသိပေးဆိုပါတယ်။
"မင်းသမီးလေး ပိုင်ဖြိုးသုရဲ့ လက်ရေးနဲ့ရေးထားတဲ့ ဂုဏ်ပြုတိုက်တွန်းစကား နဲ့၊ လက်မှတ်ကလေးတွေပါတဲ့ ပို့စ်ကဒ်ကို မေလမှာဘွန်းဝယ်ယူကြသူတိုင်း အမှတ်တရအနေနဲ့ လက်ခံရရှိကြမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်”ရုပ်ရှင်ရဲ့ ကျော်ကြားလှတဲ့ သင်္ကေတ “မီးလျှံကြားမှာ ညွတ်ပျောင်းစွာ ကကြိုးသီနေသူမင်းသမီးလေး” သရုပ်ဖော်ပုံ၊ မင်းသမီးလေး ပိုင်ဖြိုးသုရဲ့လက်ရေးနဲ့ ရေးထားတဲ့ ဂုဏ်ပြုတိုက်တွန်းစကား နဲ့၊ သုသုလက်မှတ်ကလေးတွေပါတဲ့ ပို့စကဒ်လေးတွေကို မေလမှာ ဘွန်းဝယ်ယူကြသူတိုင်း အမှတ်တရအနေနဲ့ လက်ခံရရှိကြမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment