31st MAY 2023 - Morning Daily News by Radio NUG



၂၀၂၃ မေလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မိုခါမုန်တိုင်းကြောင့် အကူအညီလိုတဲ့ ပြည်သူတွေဆီ နိုင်ငံတကာကူညီမှုတွေ မှန်မှန်ကန်ကန် ရောက်ရှိသွားဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြည်သူများထံသို့ အကူအညီများ ရောက်ရှိနိုင်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ဆို

📌 ၃။ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းကို ကာကွယ်ရေးဝန်ကြီးဌာန၏ Website တွင်ဝင်ရောက် ဖတ်ရှုနိုင်ပြီ ဖြစ်

📌 ၄။ စစ်ဘေးရှောင်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ပိုမို ထိရောက်သော ကူညီထောက်ပံ့မှု ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ CRPHရေးရာကော်မတီနဲ့ ဝန်ကြီးဌာနတို့တွေ့ဆုံ

📌 ၅။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆုကိုဇွန်လ၂ရက်နေ့ မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး လက်ခံရယူမယ်

📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ အတွက် NUGကာကွယ်ရေးဝန်ကြီးဌာနက ကျည်ဆန်နဲ့ လက်နက်များပေးအပ်

📌 ၇။ မိုးကုတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသော နေရာ ()ခုအား တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့မှ ()ဦးသေဆုံး

📌 ၈။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဆယ်နီးပါးသေဆုံးခဲ့

📌 ၉။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် တစ်နေ့တည်း စစ်ဆင်ရေးနှစ်ခုဆင်နွှဲရာ ရန်သူစစ်ကောင်စီဘက်က ၆ဦးသေဆုံး

📌 ၁၀။ အားယူထပျံ အောက်ချင်းအားမာန်” Fundraising Campaign ကို  ဇွန်လ (၁၉) ရက် အထိရှိနေမည်ဖြစ်၍ ပြည်သူလူထုပါဝင်ရန်တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မိုခါမုန်တိုင်းကြောင့် အကူအညီလိုတဲ့ ပြည်သူတွေဆီ နိုင်ငံတကာကူညီမှုတွေ မှန်မှန်ကန်ကန် ရောက်ရှိသွားဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား


မေလ၃၀

မိုခါ မုန်တိုင်းကြောင့် အကူအညီလိုတဲ့ပြည်သူတွေဆီ နိူင်ငံတကာကူညီမှုတွေမှန်မှန်ကန်ကန် ရောက်ရှိသွားဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၀/၂၀၂၃) တွင် ပြောပါတယ်။


"ဆွစ်ဇာလန်နိုင်ငံကလည်း မိုခါမုန်တိုင်းဆိုင်ရာ အကူအညီတွေ တကယ်လိုအပ်နေသူတွေထံ အတားအဆီးမရှိဘဲ ရောက်ရှိနိုင်စေရေး တောင်းဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့လည်း မိုခါမုန်တိုင်း ဒဏ်သင့်ဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေအတွက် ဒေါ်လာ ၁၇ သန်း ထပ်တိုး ကူညီမယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါပေမယ့် ကူညီမှုတွေဟာ ပြည်သူတွေဆီကို မှန်မှန်ကန်ကန် ရောက်ရှိသွားဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင် အုပ်စိုးမှုကာလတွေအတွင်း အဖြစ်များလေ့ရှိတဲ့ သဘာဝ ဘေးအန္တရာယ်များအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေဟာ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ အဂတိ လိုက်စားခြင်း၊ သဘာဝဘေးအန္တရာယ်ကို အကြောင်းပြုပြီး နိုင်ငံရေး အမြတ်ထုတ်ခြင်းများ ပြုလုပ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီမှ တဆင့် ကူညီပေးမှုတွေကိုတော့ နိုင်ငံတကာအနေနဲ့ သေချာစွာ ပြန်လည်စဉ်းစားသုံးသပ်သင့်တယ်ဆိုတဲ့အကြောင်းကို နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ သေချာ သတင်းစကားပါးဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့UN OCHA Myanmarကဆိုထားပါတယ်။


မုန်တိုင်းကြောင့် အများဆိုင်ရာအဆောက်အအုံတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့ကာ မကွေးနဲ့ စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြည်သူများထံသို့ အကူအညီများ ရောက်ရှိနိုင်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ဆို


မေလ၃၀

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြည်သူများထံသို့ အကူအညီများ ရောက်ရှိနိုင်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။


မေလ ၃၀ရက်မှာ မိုခါဆိုင်ကလုန်းဆိုင်ရာ ထုတ်ပြန်ချက်ကို NUGနိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားခဲ့ရသည့် ရပ်ရွာလူထုနှင့် ထိခိုက်လွယ်အစုအဖွဲ့များထံသို့ အ‌ရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အရောက်ပေးပို့နိုင်ရေးအတွက် မိတ်ဖက်တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ပြည်သူများထံသို့ အကူအညီများရောက်ရှိနိုင်စေရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်များနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။


အာဆီယံဥက္ကဌနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အရေးပေါ်နယ်စပ် ဖြတ်ကျော်အကူအညီများ ပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းလျက် ခိုင်မာစွာတည်ဆောက်ထားပြီးဖြစ်သည့် တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်း ကွန်ယက်များမှတစ်ဆင့် အတူအကွ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကအသိပေးကြေညာပါတယ်။


========================


📌📌 ၃။ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းကို ကာကွယ်ရေးဝန်ကြီးဌာန၏ Website တွင်ဝင်ရောက် ဖတ်ရှုနိုင်ပြီ ဖြစ်


မေလ၃၀

ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းကို ကာကွယ်ရေးဝန်ကြီးဌာန၏ Website တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


"တော်လှန်ရေးရဲဘော်တိုင်းနဲ့ ပြည်သူများဖတ်ရှုလေ့လာဖို့ ရည်ရွယ်ပါတယ်"လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုထားပါတယ်။


ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်းအပြည့်အစုံကို ကာကွယ်ရေးဝန်ကြီးဌာန၏ Website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပြီ ဖြစ်ပါတယ်။


ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်း(State of People’s Defense)တွင် အခန်းပေါင်း၆ခန်း ပါဝင်ပြီး တော်လှန်ရေးပေါ်ပေါက်လာပုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်များအပါအဝင် တော်လှန်ရေးရဲ့ အလားအလာစတာတို့ ရှင်းလင်းပါဝင်ပါတယ်။


========================


📌📌 ၄။ စစ်ဘေးရှောင်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ပိုမို ထိရောက်သော ကူညီထောက်ပံ့မှု ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ CRPHရေးရာကော်မတီနဲ့ ဝန်ကြီးဌာနတို့တွေ့ဆုံ


မေလ၃၀ရက်

စစ်ဘေးရှောင်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ပိုမို ထိရောက်သော ကူညီထောက်ပံ့မှု ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍ CRPHရေးရာကော်မတီနဲ့ ဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့တယ်လို့ မေလ၃၀ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် နေ့စဥ်နှင့်အမျှ တိုးမြင့်လာသည့် စစ်ဘေးရှောင်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအား ပိုမိုထိရောက်သော ကူညီထောက်ပံ့မှု ပေးအပ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဥ်း၍  မေလ ၂၉ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


ကော်မတီအနေဖြင့် ကော်မတီဝင်များကတစ်ဆင့် တင်ပြအကူအညီတောင်းခံလာသည့် စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊  CDM ပြည်သူ့ဝန်ထမ်းများအတွက် CRPH ပြည်သူ့ရေးရာကော်မတီတို့နှင့်ချိတ်ဆက်ခြင်း စသည့် ကူညီထောက်ပံ့မှုလုပ်ငန်းစဥ်များကို  အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆုကိုဇွန်လ၂ရက်နေ့ မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး လက်ခံရယူမယ်


မေလ၃၀ရက်

သြစတြေးလျနိူင်ငံ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆုကို ဇွန်လ၂ရက်နေ့ မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံရယူမယ်လို့သတင်းရရှိပါတယ်။


မေလ၃၀ရက်နေ့ ဆက်သွယ်မေးမြန်းရာမှာ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက "ဟုတ်ပါတယ်"လို့အတည်ပြုဆိုပါတယ်။


ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆုကို NUG ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။


ဒီမိုကရေစီလိုလားတဲ့ မျိုးဆက်သစ်တွေကို လှုံ့ဆော်ပေးခဲ့တဲ့အတွက် အဆိုပါဆုကိုပေးအပ်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။ ဆုပေးအပ်ပွဲကို ဆစ်ဒနီတက္ကသိုလ်မှာကျင်းပသွားမှာလည်းဖြစ်ပါတယ်။ 


========================


📌📌 ၆။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ အတွက် NUGကာကွယ်ရေးဝန်ကြီးဌာနက ကျည်ဆန်နဲ့ လက်နက်များပေးအပ်


မေလ၃၀ရက်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ အတွက် NUGကာကွယ်ရေးဝန်ကြီးဌာနက ကျည်ဆန်နဲ့ လက်နက်များပေးအပ်ခဲ့တယ်လို့ မေလ၃၀ရက်နေ့မှာ ဓားမဆိုင်းမှ ဗိုလ်စွမ်းက အသိပေးဆိုထားပါတယ်။


"မေလ ၃၀ ရက်နေ့ NUG MOD မှ ပါရီ ၅လက် ကျည် ၅၀၀ ဗောက်အပို ၁၀ခု ကိုစစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ အတွက် လက်ခံရရှိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖအဖွဲ့ပေါင်း၂၅၀ ကျော်ရှိကာ တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အားသိန်းနဲ့ချီရှိပါတယ်။


========================


📌📌 ၇။ မိုးကုတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသော နေရာ ()ခုအား တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့မှ ()ဦးသေဆုံး


မေလ၃၀

မိုးကုတ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသော နေရာ ()ခုအား တစ်ချိန်တည်း ၀င်ရောက်တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ဖွဲ့မှ ()ဦးသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းကို မိုးမိတ်ခရိုင်KPDFတပ်ရင်းက မေလ၃၀ရက်မှာ အသိပေးဆိုပါတယ်။


"ဖြစ်စဉ်မှာ ခလရ(၁၄၈)နှင့် တပ်မ (၃၃)တို့ တပ်စွဲထားသော မိုးကုတ်မြို့အရှေ့ပိုင်း အောင်မြေမင်္ဂလာ ကျောင်းတိုက်နှင့်အမှတ်(၁၄)ရဲတပ်ရင်း၊ ခလရ(၁၄၈)တို့ တပ်စွဲထားသော မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက်ရှိ လျှပ်စစ်ဓာတ်အားခွဲရုံတို့အားမေလ ၂၈ရက်(၁၈:၃၈)နာရီအချိန်တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ယင်းတိုက်ခိုက်မှု နှစ်ခုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ()ဦးသေဆုံးပြီး၊ ()ဦးဒဏ်ရာရရှိခဲ့ကာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ထိခိုက်ကျဆုံးမှုမရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။


စစ်ဆင်ရေးကို ကချင်လွတ်မြောက်ရေးတပ်မတော်(K.I.A.)အမှတ်(၃၄)တပ်ရင်းနှင့် မိုးမိတ်ခရိုင် KPDFတပ်ရင်းတပ်ခွဲ() ပူးပေါင်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၈။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဆယ်နီးပါးသေဆုံးခဲ့


မေလ၃၀ရက်


မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဆယ်နီးပါးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။


မေလ၂၉ရက်မှာ စစ်ရေးသတင်းကို မန္တလေးခရိုင်အမှတ်()တပ်ရင်း ( SAF )ကအသိပေးဆိုပါတယ်။


"မန္တလေးခရိုင်အမှတ်()တပ်ရင်း ( SAF ) နှင့်အတူ စဉ့်ကူးတိုက်နယ် အဖွဲ့၊ ဗိုလ် tiger အဖွဲ့၊ ရင်း ၅၁၀ အဖွဲ့အစည်း၊ Urban Guerrilla Force-Mdy အခြား နယ်မြေခံ ဒေသခံအဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီစစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဆယ်နီးပါး သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


မေလ ၂၃ ရက်နေ့က စစ်ကောင်စီစစ်သားများဟာ စဉ့်ကူးမြို့နယ်ရှိ သဲအင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနှင့် သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မေလ ၂၄ ရက်နေ့ ညနေ့ လေးနာရီခွဲခန့်မှာ စစ်ကောင်စီစစ်သားများက ဝက်လက်မြို့နယ်ရှိ တမာကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


မေလ၂၈က စစ်ကောင်စီစစ်သားများက ယက်ကန်းစင်တောင်ပေါ်မှ ၁၈၀ မမ နှင့် ၁၆၀ လက်နက်ကြီးများဖြင့်  ကျွန်းကြီးရွာကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ဆယ်လုံးခန့်အား မီးငြှိမ်းသတ်ခဲ့ရပြီး ညနေ လေးနာရီခွဲခန့်တွင် တမာကုန်းရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။


အလားတူ စစ်ကောင်စီစစ်တပ်က  ဂျက်ဖိုက်တာဖြင့် သဲအင်းကျေးရွာကို ငါးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ကာမေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်သူနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က မေလ ၂၄ ရက်နေ့တွင် စစ်သား ၃၆ ဦး နှင့် မေလ ၂၅ ရက်နေ့တွင် ၁၅ ဦးဝန်းကျင်ခန့် သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၉။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် တစ်နေ့တည်း စစ်ဆင်ရေးနှစ်ခုဆင်နွှဲရာ ရန်သူစစ်ကောင်စီဘက်က ၆ဦးသေဆုံး


မေလ၃၀ရက်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် တစ်နေ့တည်း စစ်ဆင်ရေးနှစ်ခုဆင်နွှဲရာ ရန်သူစစ်ကောင်စီဘက်က ၆ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။


မေလ၃၀ရက်နေ့မှာ စစ်ရေးသတင်းကို PRA –Magwayကအတည်ပြုဖော်ပြပါတယ်။


"မေလ၂၃ရက် စေတုတ္တရာမြို့နယ်၊ စေတုတ္တရာမြို့တောင်ဘက် ၁၃ ကီလိုမီတာ အကွာရှိ မဏ္ဍပ်ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို PRA –Magwayနဲ့  Z – Fighter အဖွဲ့တို့ကချေမှုန်းတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ဖြစ်စဥ်တွင်စကစဘက်က ဦးသေဆုံးပြီး ဦးဒဏ်ရာရရှိ ကာ စကစတပ်ထံက လက်နက်ငယ် တစ်လက်သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျကာတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


၄င်းနေ့တွင်ပင် စေတုတ္တရာမြို့နယ်၊ ကျွန်းတောလမ်းထိပ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ်စခန်းကို Rocket များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စကစဘက်က ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၁၀။ အားယူထပျံ အောက်ချင်းအားမာန်” Fundraising Campaign ကို  ဇွန်လ (၁၉) ရက် အထိရှိနေမည်ဖြစ်၍ ပြည်သူလူထုပါဝင်ရန်တိုက်တွန်း


မေလ၃၀

အားယူထပျံ အောက်ချင်းအားမာန်” Fundraising Campaign ကို  ဇွန်လ (၁၉) ရက် အထိရှိနေမည်ဖြစ်၍ ပြည်သူလူထုပါဝင်ရန် တိုက်တွန်းလိုက်ပါတယ်။


လူထုတူမီးတော်လှန်ရေး အရှိန်မြှင့်တင်နိုင်ဖို့အတွက်အားယူထပျံ အောက်ချင်းအားမာန်ဆိုတဲ့ ခေါင်းစဉ်နဲ့ Fundraising Campaign ကို မေလ၊ (၁၉) ရက် မှ စတင်ပြီး  ဇွန်လ (၁၉) ရက်အထိ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။


"ကျနော်တို့  လူအများ သိတဲ့အတိုင်း  CDF-Mindat ဟာ တော်လှန်ရေးရဲ့ အစကနေ ယနေ့ထိမဆုတ်နစ်သောဇွဲ၊ လုံ့လနဲ့ ကြိုးပမ်းနေကြပါတယ်။ ဒီတော့ ယခုကမ်ပိန်းလေး မြန်မြန်ဆန်ဆန်ပြည့်မီနိုင်ဖို့ ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်"လို့ CDF-Mindatက ဆိုထားပါတယ်။


ကမ်ပိန်းတွင်ပါဝင်လိုသူများအနေနဲ့ CDF-Mindatရဲ့ လူမှုကွန်ရက်မှာ Fundraising ကိုယ်စားလှယ်များကို အသိပေးဖော်ပြထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment