၂၀၂၃ ဇွန်လ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးကဏ္ဍကိုပဲ ဘဏ္ဍာငွေ အများစု အားစိုက်သုံးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အမေရိကန် နယူးယောက်မြို့တွင် ပြသသော တော်လှန်ရေးရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် လာရောက်အားပေး
📌 ၃။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း စာသင်ကျောင်း (၁) ကျောင်း၊ ပြည်သူပိုင်နေအိမ် (၄) လုံး နှင့် ပြည်သူပိုင် ခြံစိုက်သီးပင်များ ပျက်စီးခဲ့
📌 ၄။ မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စကစတပ်များကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ရာ စကစဘက်မှ ရှစ်ဦးသေဆုံး
📌 ၅။ ဒီပဲယင်းမြို့ အနောက်ကွက်သစ်ရပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ မြို့မရပ်ရှိ ရဲစခန်းတို့တိုက်ခိုက်ခံရ
📌 ၆။ နွေဦးစံရိပ်မွန်(Spring Bliss) ကို ဝယ်ယူထားသော တော်လှန်ရေးပြည်သူများအတွက် certificate ၂၅၀၀၀ ခန့်အား အမြန်ဆုံးရရှိစေရန်စီစဥ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးကဏ္ဍကိုပဲ ဘဏ္ဍာငွေ အများစု အားစိုက်သုံးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇွန်လ၇
ဇွန်လ၆ရက်နေ့ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး ၃/၂၀၂၃ တွင် စစ်ရေးကဏ္ဍကိုပဲ ဘဏ္ဍာငွေ အများစု အားစိုက်သုံးသွားမှာ ဖြစ်တယ် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"ဘဏ္ဍာရေးရဲ့ပကတိ အခြေအနေကြောင့် အလေအလွင့်မရှိဘဲ ဦးစားပေး ကဏ္ဍအလိုက် ခွဲပြီး စီမံနိုင်ဖို့က အင်မတန် အရေးကြီးပါတယ်။ တော်လှန်ရေး ကြာလာတာနဲ့အမျှ အဘက်ဘက်က ပိုမို ခက်ခဲကြပ်တည်းလာတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ ရရှိထားတဲ့ ဘဏ္ဍာငွေတွေရဲ့ အများစုကို စစ်ရေးကဏ္ဍအတွက် သုံးစွဲနေတာကြောင့် ကျန် ကဏ္ဍတွေမှာ မျှဝေ သုံးစွဲရတာ အမှန်တကယ် ကြပ်တည်းပေမယ့် ဆက်လက်ပြီးလည်း ကျွန်တော်တို့ဟာ စစ်ရေးကဏ္ဍကိုပဲ အသေအချာ အားစိုက် သွားကြရဦးမှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ တော်လှန်ရေးကို အမြန်ဆုံး အပြတ်ဖြတ်နိုင်ဖို့ အကြီးမားဆုံး ဖိအားပေးနိုင်မယ့် ကဏ္ဍလည်း ဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းများကို စားစရိတ်အပြင် တပ်ရင်းတပ်ဖွဲ့မှတ်ပုံတင်ကျပြီးတပ်ရင်း တပ်ဖွဲ့များကို လက်နက်တပ်ငေ်ပေးခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၂။ အမေရိကန် နယူးယောက်မြို့တွင် ပြသသော တော်လှန်ရေးရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် လာရောက်အားပေး
ဇွန်လ၇
အမေရိကန် နယူးယောက်မြို့တွင်ပြသသော တော်လှန်ရေးရုပ်ရှင်ပြပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် လာရောက်အားပေးခဲ့တယ်လို့
ဇွန်လ၇ရက်မှာ Helping Hands For Burma (H2B)အဖွဲ့မှ အသိပေးဆိုပါတယ်။
"နယူးယောက်မြို့ Zukor ရုပ်ရှင်ရုံ၌ ဒါရိုက်တာ ဏကြီး၏ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် ဒါရိုက်တာ ဂိဒေါင်နိုင်၏ “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်ကားတိုနှစ်ကားကို Helping Hands For Burma (H2B)အဖွဲ့မှဦးစီးပြီး ရုံတင်ပြသခဲ့ပါတယ်။သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး ဒါရိုက်တာ ဏကြီး၊ သရုပ်ဆောင် ပိုင်ဖြိုးသုတို့လည်း zoom meeting မှတဆင့် ပရိတ်သတ်များနှင့်အတူ နှုတ်ဆက်စကားပြောကြားခဲ့ကြပါတယ်"လို့ဆိုပါတယ်။
အဆိုပါရုပ်ရှင်ပွဲမှာ လေလံ ပစ္စည်းများအနေဖြင့် နာရီ၊ ရုပ်ရှင်ဖန်တီးသူများ၏ လက်မှတ်ပါရှိသော အင်္ကျီ၊ အိတ် နှင့် ဦးထုပ်များကို လေလံဆွဲရရှိခဲ့ပြီး ရုပ်ရှင်လာရောက်ကြည့်ရှုသူများကို H2B family မှ လက်ဖက်ရည်၊ ကျောက်ကျောဖျော်ရည် နှင့် မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်အတွင်း စာသင်ကျောင်း (၁) ကျောင်း၊ ပြည်သူပိုင်နေအိမ် (၄) လုံး နှင့် ပြည်သူပိုင် ခြံစိုက်သီးပင်များ ပျက်စီးခဲ့
ဇွန်လ၇
ဇွန်လ၇ရက်နေ့တွင် ကေအဲန်ယူ−ဗဟိုက အခုလို အသိပေးဆိုထားပါတယ်။
"ကော့ကရိတ်မြို့နယ်၊ ခုဒုံကျေးရွာအုပ်စု၊ ဆံဖလာကျေးရွာအတွင်းသို့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ လေတပ်မှ ဂျက်ဖိုက်တာများဟာ ဇွန်လ (၆) ရက်နေ့ မနက် (၁း၄၆) မိနစ်တွင် Cluster Bomb အား ကျေးရွာအတွင်းလာရောက်ကြဲချခဲ့ရာ ဆံဖလားကျေးရွာ အခြေခံမူလတန်းစာသင်ကျောင်း (၁) ကျောင်း၊ ပြည်သူနေအိမ် (၄)လုံး နှင့် ပြည်သူပိုင် ခြံစိုက်သီးပင်တစ်ချို့ ကျည်စထိမှန် ပျက်စီးခဲ့ရပါတယ်"လို့ဆိုပါတယ်။
နေပြည်တော်လေတပ်မှ လာရောက် ကြဲချခဲ့သော Cluster ဗုံး (၁) လုံးအတွင်း ပါဝင်သော ဗုံးသီးငယ်များမှာ ဆံဖလားရွာ စာသင်ကျောင်းဝင်းထဲ (၂) လုံး ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်၏ ပြတင်းပေါက်၊ တံခါးပေါက်၊ ကျောင်းခေါင်မိုး၊ ဘေးနံရံ၊ မျက်နှာကျက်၊ ကျောက်သင်ပုန်း၊ ကျောင်းတိုင်၊ ကျောင်းသောက် ရေအိုး နှင့် ကျောင်းတွင်း တတ်ဆင်ထားသော ပန်ကာများမှာ ကျည်စထိမှန် ပျက်စီးခဲ့ရတယ်လို့ဖော်ပြပါတယ်။
နောက်ထပ် ဗုံးသီးများမှာ စာသင်ကျောင်း အနောက် ဆံဖလား ကျေးရွာနေ ဦးဥတစ်လုံး (၅၂) နှစ်၏ လယ်ကွင်းထဲ (၁၁) လုံးကျ (၁၀) လုံး ပေါက်ကွဲခဲ့ကာ ဆံဖလားကျေးရွာနေ နောမြင့်၏ ကြံစိုက်ခင်း နှင့် စောဖားသယ်သေ့၏ ကွမ်းခြံကြားသို့ (၁)လုံး ကျရောက် ပေါက်ကွဲကာ နောမြင့်၏ ကြံခင်းမှ ကြံပင် တစ်ချို့ပျက်စီးခဲ့ရပြီး စောဖားသယ်သေ့၏ ကွမ်းသီးပင် (၁၀) ပင်နှင့် အုန်းသီးပင် (၁) ပင် ကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။
========================
📌📌 ၄။ မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စကစတပ်များကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ရာ စကစဘက်မှ ရှစ်ဦးသေဆုံး
ဇွန်လ၇ရက်
ဇွန်လ၇ရက်မှာ စစ်ရေးသတင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်းက အခုလိုအသိပေးဆိုထားပါတယ်။
"မလှိုင်မြို့နယ် သရက်ကောင်းပင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော(စကစများ)အား Natogyi People Defence Force မြင်းခြံခရိုင်
အမှတ်-၄တပ်ရင်းနှင့်အတူ Myingyan District Drone Strike Team အဖွဲ့နှင့် ပူးပေါင်း၍ ဝေဟင်တိုက်ခိုက်မှု တစ်ကြိမ်ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ရာ စကစတပ်များ ထမင်းစားနေသည့်အဆောင်အား ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ပွဲချင်းပြီး(၅)ဦးတိတိသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။
ထို့နောက်နွားထိုးကြီး-မလှိုင်လမ်းမ ဆူးရစ်ကုန်းရွာ၏ တောင်ဘက်တွင် စစ်ဆေးရေးဂိတ်ပြုလုပ်နေသောစကစတပ်ကရှစ်ဦး အား Natogyi People Defence Force မြင်းခြံခရိုင်
အမှတ်-၄တပ်ရင်းနှင့်အတူ Myingyan District Drone Strike Team အဖွဲ့နှင့် ပူးပေါင်း၍ ဝေဟင်တိုက်ခိုက်မှု နှစ်ကြိမ်မြောက် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၅။ ဒီပဲယင်းမြို့ အနောက်ကွက်သစ်ရပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ မြို့မရပ်ရှိ ရဲစခန်းတို့တိုက်ခိုက်ခံရ
ဇွန်လ၇ရက်
ဇွန်လ၆ရက်တွင် ဒီပဲယင်းမြို့ အနောက်ကွက်သစ်ရပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ မြို့မရပ်ရှိ ရဲစခန်းတို့အား ကာကွယ်ရေးတပ်နဲ့
မဟာမိတ်အဖွဲ့များမှ လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့ Freedom Revolution Force (FRF)ကဆိုပါတယ်။
စစ်ဆေးရေးဂိတ်အနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြားခဲ့တယ်လို့ဆိုပါတယ်။
မျက်မြင်အရစကစတပ်ဖွဲ့(၄) ဦးသေဆုံးကာ အမြို့ပြပျောက်ကျားစစ်ဆင်ရေးကို Freedom Revolution Force (FRF)နှင့်အတူ ရွှေဘိုခရိုင်တပ်ရင်း (24) ၊ ရေကျော်ဖိုက်တာ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၆။ နွေဦးစံရိပ်မွန်(Spring Bliss) ကို ဝယ်ယူထားသော တော်လှန်ရေးပြည်သူများအတွက် certificate ၂၅၀၀၀ ခန့်အား အမြန်ဆုံးရရှိစေရန်စီစဥ်နေ
ဇွန်လ၇
ဇွန်လအတွင်း The End Of Dictatorship (EOD) Project Teamက တော်လှန်ရေးပြည်သူများအတွက် certificate အမြန်ရရှိနိုင်ရေးနှင့်ပတ်သက်ပြီး အခုလိုအသိပေးဆိုထားပါတယ်။
"ကျွန်တော်တို့ EOD project team မှ နွေဦးစံရိပ်မွန်(Spring Bliss) အတွက် ငွေပေးချေမှု အကြိမ်တိုင်းစီအတွက် ငွေရပြေစာများ(Payment Certificates)၊ ပမာဏအပြည့် ပေးသွင်းပြီးသော Order များအတွက် ငွေရပြေစာ/ပိုင်ဆိုင်မှုစာချုပ် (Payment/Contract Certificates) များကို email ဖြင့်စတင်ပေးပို့နေပီဖြစ်ပါတယ်။ဇွန်လ ၃ ရက်ပိုင်း မှစတင်၍ အစပိုင်းရက်အနည်းငယ်အတွင်း တရက်လျှင် Certificate 100-200 ဝန်းကျင်မျှ ပေးပို့သွားပြီးတိုက်ခန်း ၇၀၀၀ ဝန်းကျင်ကို(စပ်တူဝယ်ယူသူများအပါဝင်) ဝယ်ယူထားသည့် certificate ၂၅၀၀၀ ခန့်အား အမြန်ဆုံးရရှိစေရန် ရက်စဉ်အရေအတွက် တိုးမြှင့်ပေးပို့သွားမယ်"လို့ဆိုပါတယ်။
Certificates များတွင် အမှားအယွင်းတစုံတရာတွေ့ရှိပါကဝယ်ယူထားသော ကိုယ်စားလှယ်များမှ တဆင့် အကြောင်းကြားပေးရန်လည်းဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment