7th JUN 2023 - Morning Daily News by Radio NUG



၂၀၂၃ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူလူထုရဲ့ ချွေးနှဲစာ လုပ်အားကနေ ရရှိထားတဲ့ ငွေကြေးတွေကို  သုံးစွဲရာမှာ တော်လှန်ရေး အတွက်အထောက်အပံ့ဖြစ်စေဖို့ အထူး ဂရုစိုက်ရန် ယာယီသမ္မတပြောကြား

📌 ၂။ အခွန်ဘဏ္ဍာရရှိမှုအပိုင်းမှာ စနစ်တကျ စီမံသွားနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

📌 ၄။ အလုပ်သမားများအပေါ် စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ NUG တရားရေးဝန်ကြီးဌာနအသိပေး

📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၆။ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်မှုများဖော်ထုတ်ပြသ

📌 ၇။ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ် Mr. Joe Neguse နှင့် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး

📌 ၈။ ဆိုင်ကလုန်း မိုခါဒဏ်ခံရသည့် ဒေသခံ ပြည်သူလူထုအား ကူညီရန်နော်ဝေးနိုင်ငံက ခရိုနာ သန်း ၂၀ နဲ့ ကနေဒါဒေါ်လာလေးသန်း ထောက်ပံ့သွားမယ်

📌 ၉။ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်းနှစ်ရာကျော်ရရှိခဲ့

📌 ၁၀။ ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့အထိ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသော အမျိုးသမီး၆၇၆ဦးရှိခဲ့ပြီးအများစုမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ကဖြစ်

📌 ၁၁။ Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၄၆ သန်းခန့် ရောင်းချပေးခဲ့ရပြီး ကျန်ရှိနေသော မြေကွက်များအား ဆက်လက်ဝယ်ယူ ခွန်အားဖြည့်နိုင်ရန်EODအသိပေးကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူလူထုရဲ့ ချွေးနှဲစာ လုပ်အားကနေ ရရှိထားတဲ့ ငွေကြေးတွေကို  သုံးစွဲရာမှာ တော်လှန်ရေး အတွက်အထောက်အပံ့ဖြစ်စေဖို့ အထူး ဂရုစိုက်ရန် ယာယီသမ္မတပြောကြား


ဇွန်လ၆

ပြည်သူလူထုရဲ့ ချွေးနှဲစာ လုပ်အားကနေ ရရှိထားတဲ့ ငွေကြေးတွေကို  သုံးစွဲရာမှာ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေဖို့ အထူး ဂရုစိုက်ရန် ဇွန်လ၆ရက်မှာ ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး အမှတ်စဉ် ( / ၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ ယခု ရရှိထားတဲ့ ဘဏ္ဍာငွေတွေဟာ ပြည်သူလူထုတွေထံက ရရှိထားတဲ့ အလှူငွေတွေ၊ အခွန်ငွေတွေ၊ ရင်းနှီးမြှုပ်နှံတဲ့ ငွေကြေးတွေ ဖြစ်ပါတယ်။ ဒီဘဏ္ဍာငွေတွေဟာ ပြည်သူလူထုရဲ့ ချွေးနှဲစာ လုပ်အားကနေ ရရှိထားတဲ့ ငွေကြေးတွေဆိုတာကို မမေ့ဖို့ လိုပါတယ်။ ဒါ့ကြောင့် သုံးစွဲလိုက်တဲ့ ဘဏ္ဍာငွေ တစ်ပြား / တစ်ကျပ်ကအစ တော်လှန်ရေးအတွက် တစ်နည်းမဟုတ် တစ်နည်း အထောက်အပံ့ဖြစ်စေဖို့ အထူး ဂရုစိုက်ရပါလိမ့်မယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးအတွက် ထိရောက်တဲ့ နေရာတွေမှာ ဦးစားပေး သုံးစွဲဖို့ လိုအပ်ကြောင်းနဲ့ ဘဏ္ဍာငွေတွေ အလဟဿဆုံးရှုံးသွားတာမျိုးကို အစိုးရအနေဖြင့် လုံးဝ လက်ခံလို့ မရဘူးလို့ ယာယီသမ္မတက ထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၂။ အခွန်ဘဏ္ဍာရရှိမှုအပိုင်းမှာ စနစ်တကျ စီမံသွားနိုင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း



ဇွန်လ၆

ဇွန်လ ၆ရက်မှာ ကျင်းပတဲ့ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး (/၂၀၂၃) တွင် အခွန်ဘဏ္ဍာရရှိမှုအပိုင်းမှာ စနစ်တကျ စီမံသွားနိုင်ဖို့  ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောပါတယ်။


"ကျွန်တော်တို့ အစိုးရအနေနဲ့ အခွန်ဘဏ္ဍာရရှိမှုအပိုင်းမှာ အားစိုက်ပြီး တကယ်လိုအပ်နေတဲ့ နေရာဒေသတွေဆီ အခွန်မျှဝေ သုံးစွဲနိုင်ရေးကိစ္စကို စနစ်တကျ စီမံသွားနိုင်ဖို့ လိုအပ်ပါတယ်။ အခုဆိုရင် တချို့မြို့နယ်တွေမှာ အခွန်တွေများစွာ ရရှိနေတာ ကြားသိရတဲ့အတွက် တော်လှန်ရေးအတွက် တစ်စိတ်တစ်ပိုင်း အကူအညီ ဖြစ်လာအောင် ကြိုးစားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။  ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရင် အလွန်အကျိုးရှိမှာ ဖြစ်သလို ကောင်းမွန်စွာ မစီမံနိုင်ရင်တော့ မြေပြင်မှာ ငွေကြောင့် စိတ်ဝမ်းကွဲ မှုတွေ၊ အဂတိမှုတွေ ပိုဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခွန်ဘဏ္ဍာ စီမံခန့်ခွဲမှုကိစ္စကလည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်  အခွန်ဘဏ္ဍာကိစ္စတွေကို စနစ်တကျ လုပ်ဆောင်ကြပြီး ဝင်ငွေတိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်သလို ပြည်သူများ ဆက်လက်ကူညီထောက်ပံ့ပေးနိုင်မယ့် အစီအစဉ်တွေကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က စီမံဆောင်ရွက်တဲ့ အခါမှာလည်း ဝန်ကြီးဌာနတွေအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


 ဇွန်လ () ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ဂျပန်အောက်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် Mr. ITO Shintaro Mr. YUHARA Shunji တို့နှင့်လည်းကောင်း၊ (၀၉:၁၅) နာရီအချိန်တွင် Mr. AOYAGI Hitoshi နှင့်လည်းကောင်း ဇွန်လ၆ရက်မှာ  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ၌ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ ကိစ္စရပ်များအပါအဝင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများအပေါ် ဆွေးနွေးပြောကြားခဲ့ပါတယ်။


တွေ့ဆုံပွဲသို့ CRPH  အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူး ဦးနေမျိုးထက်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အလုပ်သမားများအပေါ် စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ NUG တရားရေးဝန်ကြီးဌာနအသိပေး


ဇွန်လ၆ရက်

 ဇွန်လ ၆ရက်မှာ ကျရောက်တဲ့ ၄၉ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့မှာ NUG တရားရေးဝန်ကြီးဌာနကအလုပ်သမားများအပေါ် စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ "ဖော်ပြပါတယ်။


"အလုပ်သမားများအပေါ် စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇ၀တ်မှုများကို မှတ်တမ်း တင်ထားမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အားလုံးအတွက် တန်းတူညီမျှသည့် အခွင့်အရေးများကို မြှင့်တင်ပေးမည့် လူ့အဖွဲ့အစည်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်"လို့ဆိုပါတယ်။


မြန်မာနိုင်ငံ အစိုးရဝန်ထမ်းများ၊ အလုပ်သမားများ စတင်လုပ်ဆောင်ခဲ့သော Civil Disobedience Movement (CDM) အတွက်လည်း များစွာဂုဏ်ယူ လေးစား ထောက်ခံ‌ကြောင်းနှင့်  ငြိမ်းချမ်းစွာ ဆန္ဒပြပြီး တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားများ၏ ခံနိုင်ရည်နဲ့ အနစ်နာခံမှုများအတွက်လည်း များစွာ အသိအမှတ်ပြု လေးစားပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေး


ဇွန်   ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး(၂၃/၂၀၂၃)ကို ဇွန်လ ၆ရက်မှာ ကျင်းပခဲ့ပါတယ်။


 ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသော မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များကမိမိဒေသရှိ အမှုအခင်းများနှင့်ပတ်သက်၍  သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာန၏ သက်ဆိုင်ရာတပ်ဖွဲ့ /ဦးစီးဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။


အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်မှုများဖော်ထုတ်ပြသ


ဇွန်လ၆ရက်

ဇွန်လ၆ရက်မှာ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်အချို့ စုဖွဲ့လေ့ကျင့်မှုများကို  ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ဖော်ထုတ်ပြသခဲ့ပါတယ်။


"တပ်ရင်း ၅၁၀၁ မှရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိနေပါတယ်။"တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်" ဆိုသည့်အတိုင်း တပ်ရင်း ၅၁၀၁ မှရဲဘော်များအနေဖြင့် စစ်ဆင်ရေးလှုပ်ရှားမှုများသာမက စုဖွဲ့လေ့ကျင့်မှုများကိုပါ အစဉ်တစိုက် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး တောတွင်းနှင့် မြို့ပြစစ်ဆင်ရေးများ ဟန်ချက်ညီညီ ပေါင်းစပ်ဖော်ဆောင်နိုင်ရေး အထူးကြိုးပမ်းလျက်ရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်ဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။


တပ်ရင်း ၅၁၀၁ သည် တိုက်ရည်ခိုက်ရည်ကောင်းမွန်ပြီး အမိန့်နာခံမှု အားကောင်းသော စစ်သည်တော်ကောင်းများဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်းများ၊ မွမ်းမံသင်တန်းများသာမက မြို့ပြပြောက်ကျား အထူးမွမ်းမံသင်တန်းများပါ တက်ရောက်သင်ကြားထားသော စစ်သည်တော်များဖြစ်ပါတယ်။


========================


📌📌 ၇။ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ် Mr. Joe Neguse နှင့် တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး


ဇွန်လ၆

နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ် Mr. Joe Neguse နှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ ဇွန်လ၆ရက်မှာ NUG နိူင်ငံခြားရေးဝန်ကြီးရုံး ဝါရှင်တန်ဒီစီ က အသိပေးဖော်ပြပါတယ်။


 ဇွန်လ ()ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့သည် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ် Mr. Joe Neguse နှင့်တွေ့ဆုံ၍ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။


၄င်းနောက်မှတ်တမ်းဓာတ်ပုံများကို အတူတကွ ရိုက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ဆိုင်ကလုန်း မိုခါဒဏ်ခံရသည့် ဒေသခံ ပြည်သူလူထုအား ကူညီရန်နော်ဝေးနိုင်ငံက ခရိုနာ သန်း ၂၀ နဲ့ ကနေဒါဒေါ်လာလေးသန်း ထောက်ပံ့သွားမယ်


ဇွန်လ၆

ဆိုင်ကလုန်း မိုခါဒဏ်ခံရသည့် ဒေသခံ ပြည်သူလူထုအား ကူညီရန် နော်ဝေးနိုင်ငံက ခရိုနာ သန်း ၂၀နဲ့ ကနေဒါနိုင်ငံက ဒေါ်လာလေးသန်း ထောက်ပံ့သွားမယ်လို့ ဇွန်လ၆ရက်နေ့မှာ နော်ဝေသံရုံးရန်ကုန်နဲ့ ကနေဒါသံရုံး ရန်ကုန်က အတည်ပြုဆိုပါတယ်။


မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်ခံရသည့် ဒေသခံ ပြည်သူလူထုအား ကူညီရန်  မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်းနှင့် မိမိတို့၏ ယုံကြည်စိတ်ချရသော မိတ်ဖက် အဖွဲ့အစည်းများကို နော်ဝေးနိုင်ငံက ခရိုနာ သန်း ၂၀နဲ့ ကနေဒါနိုင်ငံက ဒေါ်လာလေးသန်း ထောက်ပံ့သွားမှာဖြစ်ပါတယ်။ ယင်းအထောက်အပံ့ဖြင့် အဆောတလျင် ဆောင်ရွက်ပေးရမည့် လူသားချင်း စာနာ‌ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ဖြစ်သည့် အမိုးအကာ၊ ရေသန့်၊ မိလ္လာနှင့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်  ၂၀၂၃ ခုနှစ် အတွက် ခရိုနာ သန်း ၁၁၀ ကျော်ကို ပံ့ပိုးပြီး ဖြစ်တယ်လို့ဆိုပါတယ်။


မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်ခံစားရတယ်လို့ ဆိုပြီးမကွေးနဲ့စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရကြောင်း UN OCHA Myanmarကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်းနှစ်ရာကျော်ရရှိခဲ့


ဇွန်လ၆


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေ သိန်းနှစ်ရာကျော်ရရှိခဲ့တယ်လို့ ဇွန်လ၆ရက်မှာ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေးကို ဇွန်လ၆ရက်နေ့က ကျင်းပခဲ့ပါတယ်။ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်ရေး၊ သစ်တောရေး၊ လူသားစာနာတာဝန်ခံ၊ အခွန်တော်အရာရှိ စသည့် သက်ဆိုင်ရာတာဝန်ခံအသီးသီးတို့မှ ပုလဲမြို့နယ်အတွင်း လုပ်ဆောင်နေမှုများ၊ လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဘဏ္ဍာရေးတာဝန်ခံမှ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUGရဲ့ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ပါတယ်"လို့ဆိုပါတယ်။

မေလ ရရှိအခွန်ငွေစုစုပေါင်းမှာ ဂိတ်()ဂိတ် အသုံးစရိတ်နုတ်ပြီး သိန်းနှစ်ရာ့သုံးဆယ့်သုံးသိန်းရှစ်ထောင် ကျပ် ရရှိတယ်လို့သိရပါတယ်။


========================


📌📌 ၁၀။ ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့အထိ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသော အမျိုးသမီး၆၇၆ဦးရှိခဲ့ပြီးအများစုမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ကဖြစ်


ဇွန်လ၆


၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်နေ့အထိ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသော အမျိုးသမီး၆၇၆ဦးရှိခဲ့ပြီးအများစုမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးတို့ကဖြစ်လို့ဆိုပါတယ်။


ဇွန်လ၆ရက်နေ့မှာ တော်လှန်ရေးကာလအတွင်း  အကြမ်းဖက်မှုကြောင့် ကျဆုံးသွားသော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ပမာဏကို အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနကဖော်ပြပါတယ်။


အဆိုပါဖော်ပြချက်အရ သေဆုံးသူလူဦးရေ ၄၁၃၈ဦးတွင် အမျိုးသမီး ၆၇၆ဦးပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၃၂၈ဦး၊ မကွေးတိုင်းတွင် ၆၂ဦး၊ မန္တလေးတိုင်းတွင်၄၀ဦး၊ ပဲခူးတိုင်းတွင်၃၆ဦး၊ ရန်ကုန်တိုင်းတွင် ၃၀ဦး တို့ပါဝင်ပါတယ်။


သေဆုံးသည့်ခုနှစ်တွင် ၂၀၂၁ ခုနှစ်တွင် အမျိုးသမီး ၁၀၆ဦး၊၂၀၂၂ ခုနှစ်တွင် အမျိုးသမီး၃၁၄ဦး၊၂၀၂၃ ခုနှစ်တွင်မေလအထိ ၂၅၆ဦးတို့ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၁၁။ Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၄၆ သန်းခန့် ရောင်းချပေးခဲ့ရပြီး ကျန်ရှိနေသော မြေကွက်များအား ဆက်လက်ဝယ်ယူ ခွန်အားဖြည့်နိုင်ရန်EODအသိပေးကြေညာ


ဇွန်လ၆

Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၄၆ သန်းခန့် ရောင်းချပေးခဲ့ရပြီးကျန်ရှိနေသော မြေကွက်များအား ဆက်လက်ဝယ်ယူ ခွန်အားဖြည့်နိုင်ရန် ဇွန်လ၆ရက်မှာ EODအသိပေးကြေညာခဲ့ပါတယ်။


"နွေဦးတော်လှန်ရေးကို အကြွင်းမဲ့ ယုံကြည်တယ်။ တော်လှန်ရေးမှာ တတ်နိုင်တဲ့ ခွန်အားကို အစွမ်းကုန်သုံး ပါဝင်ချင်တယ်။ တော်လှန်ရေးအပြီးမှာလဲ ကျန်နေသေးတဲ့ နောင်ရေးနဲ့ မျိုးဆက်သစ်လေးတွေ အတွက် အကောင်းဆုံးအမွေအနှစ် ပေးခဲ့ချင်သေးတယ် ဆိုရင်တော့၊ Spring Investment တွေရဲ့ လက်ကျန် မြေကွက်များမှာ ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းလိုက်ပါ။ Spring Yangon နဲ့ Spring Mandalay Investments များမှ ဒေါ်လာ ၄၆.၄၆ သန်းခန့် ရောင်းချပေးခဲ့ရပြီး၊ တော်လှန်ရေး၏ အရွေ့တစ်ခုကို ကောင်းမွန်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသော မြေကွက်များအား ဆက်လက်ဝယ်ယူ ခွန်အားဖြည့်နိုင်ရန် တင်ပြလိုက်ပါတယ်"လို့ဆိုထားပါတယ်။


ကျန်ရှိသောမြေနေရာများမှာနွေဦးအောင်လံ - တောင်ဒဂုံမြေကွက်များနဲ့နွေဦးရောင်စဉ် - မန္တလေး ရေတံခွန်တောင် မြေကွက်များနှင့် နွေဦးတောင်ရိပ်ညို - မန္တလေးတောင်ခြေ မြေကွက်များပါဝင်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment