၂၀၂၃ ဇွန်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူးနှင့် တွေ့ဆုံဆွေးနွေး
📌 ၂။ မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်လို့ Project C.U.R.E အဖွဲ့ CEO က ကတိပြုပြောကြား
📌 ၃။ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ မရောက်ရှိရေးကို တရားမဝင်စစ်တပ်က ကြိုးစားဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၄။ ခလယ်လွီထူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ (၅) နေရာအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီး
📌 ၅။ စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရန် စစ်မှုထမ်းဟောင်းများကို စကစက ဆင့်ခေါ်သည့်စာများ ထွက်ပေါ်နေ
📌 ၆။ အညာဒေသက တရုတ်စက်ရုံများကို စကစတပ်က လုံခြုံရေးပေး၍ ကူးသန်းသွားလာ
📌 ၇။ "အားယူထပျံ အောက်ချင်းအားမာန်" ကမ်ပိန်း ရည်မှန်းချက်ပြည့်မီဖို့ တစ်ရက်ကို ကျပ်သိန်းပေါင်း သုံးရာကျော်ရရှိမှ အောင်မြင်မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူးနှင့် တွေ့ဆုံဆွေးနွေး
ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ရောက်ရှိနေတဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူး နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇွန်လ ၇ ရက်နေ့မှာ NUG ပြင်သစ်ကိုယ်စားလှယ်ရုံးက အခုလိုသတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်မှာ "ဇွန်လ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဌာနပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့ရောက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာန ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင်နှင့်အတူ ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာနမှူး Ms. Mathilde Teruya နှင့်တွေ့ဆုံဆွေးနွေးခဲ့တယ်" လို့ ဆိုပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် ပြင်သစ်နိုင်ငံက ကူညီထောက်ပံ့သော လူသားချင်းစာနာသည့်အကူအညီများ အမှန်တကယ်လိုအပ်သည့်နေရာများသို့ရောက်ရှိရေး အဓိကထား တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်လို့ Project C.U.R.E အဖွဲ့ CEO က ကတိပြုပြောကြား
မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်လို့ Project C.U.R.E အဖွဲ့ CEO က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့တွေ့ဆုံစဥ်မှာ ကတိပြုပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးသည် အမေရိကန်ပြည်ထောင်စုသို့ ခေတ္တရောက်ရှိနေစဉ်အတွင်း ဇွန်လ (၅) ရက်နေ့မှာ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်ရှိ Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံး၌ Project C.U.R.E. မှ President and CEO ဖြစ်သူ Dr. Doug Jackson နှင့်အတူ Vice Presidents များ ဖြစ်ကြသည့် Kristofer Anderson နှင့် Deborah Johns တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် Project C.U.R.E. တာဝန်ရှိသူများအကြား မြန်မာနိုင်ငံသို့ ဆေးနှင့်ဆေးပစ္စည်း ပေးပို့လှူဒါန်းမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အစည်းဝေးအပြီးတွင် Project C.U.R.E. တာဝန်ရှိသူများက Project C.U.R.E. အလုပ်ရုံအဆောက်အအုံနှင့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး သိရှိနားလည်နိုင်အောင် လှည့်လည်၍ အသေးစိတ်ရှင်းလင်းပြသခဲ့တယ်လို့သိရပါတယ်။
Project C.U.R.E အဖွဲ့ကြီးသည် နိုင်ငံပေါင်း (၁၃၅) နိုင်ငံကျော်တွင် ကန့်သတ်အရင်းအမြစ်ရှိသည့် ဒေသများမှ လူနာများအတွက် ဆေးနှင့် ဆေးပစ္စည်းများကို ကူညီဖြန့်ဖြူးလှူဒါန်းလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံးအဖွဲ့အစည်းကြီးလည်း ဖြစ်ပါတယ်။
ယခုအချိန်တွင် မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်းမြောက်မြားစွာ ကြုံတွေ့ခံစားနေရသည်ကို နားလည်ကိုယ်ချင်းစာနာကြောင်းနှင့် Project C.U.R.E. အနေဖြင့် မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမည်ဟု President and CEO က ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အထူးဝမ်းမြောက်ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၃။ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ မရောက်ရှိရေးကို တရားမဝင်စစ်တပ်က ကြိုးစားဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
တရားမဝင်စစ်တပ်က “ဖြတ် (၄) ဖြတ်” မူဝါဒကို အသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေတယ်လို့ ဇွန်လ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ်ကျရောက်မှုလျော့ချနိုင်ရေးဆိုင်ရာ Sendai Framework ပြန်လည်သုံးသပ်ရေး အဆင့်မြင့်အရာရှိကြီးများ မျက်နှာစုံညီအစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း ကပြောကြားခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရမှ မိုခါဆိုင်ကလုန်းမုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးအတွက် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ (၁) သန်းကို ကယ်ဆယ်ရေး ရန်ပုံငွေအဖြစ် လျာထားအသုံးပြုခဲ့ကြောင်း၊ အဆိုပါကော်မတီသည် မုန်တိုင်းတိုက်ခိုက်ခံဒေသမှ ပြည်သူများ၏ လိုအပ်မှုများကို ဒေသခံကူညီ ဆောင်ရွက်ပေးရေးလူမှုအဖွဲ့များ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ယင်းသို့ သက်ဆိုင်သူများအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် တရားမဝင်စစ်တပ်အနေဖြင့်မူ “ဖြတ် (၄) ဖြတ်” မူဝါဒကိုအသုံးပြု၍ လူသားချင်းစာနာမှု အကူအညီပေးရေးပစ္စည်းများ လိုအပ်သူများထံ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများတွင် နေထိုင်သူများထံ မရောက်ရှိရေးကို ကြိုးစားဆောင်ရွက်နေကြောင်း" သံအမတ်ကြီးက ဆိုပါတယ်။
သို့ဖြစ်၍ ထိခိုက်ခံဒေသများနှင့် လိုအပ်သူများအားလုံးဆီသို့ လိုအပ်သော အစားအသောက်၊ ဆေးဝါး၊ အခြားအရေးအပေါ်ပစ္စည်းများ၊ အရေးပေါ်ယာယီတဲများ စသည်တို့အပါအဝင် အရေးပေါ် ကယ်ဆယ်ကူညီထောက်ပံ့ပေးရေးဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးပါရန် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးသို့ တောင်းဆိုကြောင်း သံအမတ်ကြီးက ထပ်လောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၄။ ခလယ်လွီထူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ (၅) နေရာအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီး
ခလယ်လွီထူခရိုင်၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ (၅) နေရာအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဇွန်လ ၈ ရက်မှာ ကေအဲန်ယူ−ဗဟိုက စစ်ရေးသတင်းကို အသိပေးထုတ်ပြန်ပါတယ်။
ဇွန်လ (၆) ရက်နေ့၊ နံနက် (၄) နာရီမှ (၇) နာရီအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တို့မှ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ (၃)၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော နေရာ (၅) ခုအား တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများဖြစ်သည့် တံတား (၃) စင်းကိုလည်း ချိုးဖျက်ခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ နေရာ (၅) ခုမှာ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိ ရဲနှင့်ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နှင့် ဘုံသတောစခန်း တို့ဖြစ်ပြီး ချိုးဖျက်ခံရသည့် တံတား (၃) စင်းမှာ နတ်သံကွင်းတံတား၊ အုန်းနှဲပင်နှင့် နယွဲပင်ကြားရှိ တံတားနှင့် သာစည်နှင့်တာဆုံကြားရှိ တံတားတို့ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားစုစုပေါင်း (၄၀)ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံပူးပေါင်းတပ်ဘက်မှ ရဲဘော် (၄) ဦး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်ပေးလှူခဲ့ရပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရန် စစ်မှုထမ်းဟောင်းများကို စကစက ဆင့်ခေါ်သည့်စာများ ထွက်ပေါ်နေ
စစ်ကိုင်းတွင် အကြမ်းဖက်စစ်တပ်အတွက် တာဝန်ထမ်းဆောင်ရန် စစ်မှုထမ်းဟောင်းများကို စကစက ဆင့်ခေါ်သည့်စာများ ထွက်ပေါ်နေတယ်လို့ ဇွန်လ ၈ ရက်နေ့မှာ စစ်ကိုင်းတော်လှန်ရေးအင်အားစုအချို့ထံက သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ ပျူတစ်ဦးကို ပီဒီအက်ဖ်တပ်ဖွဲ့တစ်ခုက ဖမ်းဆီးမိရာတွင် အဆိုပါ စာရွက်စာတမ်းများ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆင့်ခေါ်စာတွင် စစ်မှုထမ်းဟောင်းများကို တပ်တာဝန်ပြန်လည်ထမ်းဆောင်ရန် ဖိတ်ခေါ်ထားပြီး တပ်တွင်းအခြေအနေအရ အရည်အချင်းမပြည့်မီသော တပ်သားများပါဝင်နေသည်ကို ဝန်ခံထားကာ CDM တပ်သားများ တပ်တွင်းရှိနေမှုကိုလည်း ဖော်ပြထားပါတယ်။
"စစ်တပ်က ပြိုကွဲနေတာထက် တအိအိနဲ့ ပြိုဆင်းလာတာ။ တာထဲက ရေက ထိန်းမနိူင်သိမ်းမရဖြစ်နေပြီဆိုတော့ ရေလျှံပြီး တာကျိုးဖို့ပဲ လိုတော့တယ်။ ဒါကို တပ်တွင်း ခေါင်းဆောင်ပိုင်းက သူတို့နိူင်နေတယ်ဆိုတာကို အလိမ်အညာစကားတွေနဲ့ တပ်ထဲ ဖုံးဖိပြီး နယ်ကအပြစ်မဲ့တဲ့အရပ်သားတွေကို သတ်ဖြတ်ပြနေတာ ဖြစ်တယ်" လို့ မြန်မာ့နိူင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြန်ပြောင်းပြောပြပါတယ်။
========================
📌📌 ၆။ အညာဒေသက တရုတ်စက်ရုံများကို စကစတပ်က လုံခြုံရေးပေး၍ ကူးသန်းသွားလာ
အညာဒေသက တရုတ်စက်ရုံများကို စကစတပ်ကလုံခြုံရေးပေး၍ ကူးသန်းသွားလာနေတယ်လို့ ဇွန်လ ၈ ရက်နေ့မှာ စစ်ကိုင်းတော်လှန်ရေးအင်အားစုတချို့က အတည်ပြုဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရင်းနှီးမြုပ်နှံထားသော တရုတ်အနေနဲ့ အကြမ်းဖက်စစ်တပ်ကို လုံခြုံရေးယူခိုင်းပြီးမှသာ ဖြတ်သန်းသွားလာရဲပြီး တော်လှန်ရေးအင်အားစုများကလည်း စကစတပ်များကိုသာ ရွေးချယ်တိုက်ခိုက်မှုတို့ရှိခဲ့တယ်လို့ သိရပါတယ်။
"တစ်နေရာကနေ တစ်နေရာကို သူတို့ ရွှေ့ပြောင်းပြီဆိုရင် စကစတပ်က ရက်ကြိုယူပြီး လမ်းကြောင်းရှင်းတယ်။ လမ်းဘေးနားက ရွာတွေကို ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ အဓိက တရုတ်ရဲ့အကျိုးစီးပွားကို စစ်တပ်က အကျိုးလိုလို့ ညောင်ရေလောင်းနေတာဖြစ်တယ်"လို့ အညာဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
လက်ရှိမှာ တရုတ်နိူင်ငံဟာ မြန်မာ့အရေးကို ပြည်တွင်းရေးဟုပြောဆိုထားသော်လည်း မြန်မာပြည်သူများ၏ သဘောထားနှင့် ဆန့်ကျင်၍ အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြု ဆက်ဆံတွေ့ဆုံလျက် ရှိနေပါတယ်။
========================
📌📌 ၇။ "အားယူထပျံ အောက်ချင်းအားမာန်" ကမ်ပိန်း ရည်မှန်းချက်ပြည့်မီဖို့ တစ်ရက်ကို ကျပ်သိန်းပေါင်း သုံးရာကျော်ရရှိမှ အောင်မြင်မယ်
"အားယူထပျံ အောက်ချင်းအားမာန်" ကမ်ပိန်း သိန်းငါးထောင်ပြည့်မီဖို့ တရက်ကို ကျပ်သိန်းပေါင်း သုံးရာကျော်ရရှိမှ အောင်မြင်မယ်လို့ ဇွန်လ ၈ ရက်မှာ CDF Mindat က အသိပေးဆိုထားပါတယ်။
"ကမ်ပိန်းကာလ သတ်မှတ်ရက်က ရက်ပေါင်း(၃၀) ပါ။ ရက်ပေါင်း (၂၀) တော့ ပြည့်သွားပေမယ့် ရန်ပုံငွေရရှိမှုက Target ရဲ့ (၃၀)% တောင် မပြည့်သေးပါဘူး။ သည်နေ့အထိ ပါဝင်အားဖြည့်ပေးလာကြတဲ့ ပြည်တွင်းပြည်ပမှ အလှူရှင်များနှင့် FRs ကို ကျေးဇူးတင်ပါတယ်။ Campaign Target ပြည့်မီိဖို့ဆိုရင် ... တရက်ကို သိန်းပေါင်း (၃၅၀) ရမှ ဖြစ်မှာပါ။ ကမ်ပိန်း ကာလ သတ်မှတ်ရက် (၁၀) ရက်သာ ကျန်တော့တာမို့ တရက်ကို ကျပ်သိန်းပေါင်း (၃၅၀) ရမှ အဆင်ပြေမှာပါ" လို့ ဆိုထားပါတယ်။
“အားယူထပျံ အောက်ချင်းအားမာန်” ဆိုတဲ့ခေါင်းစဉ်နဲ့ Fundraising Campaign ကို မေလ (၁၉) ရက် မှ စတင်ကာ ဇွန်လ (၁၉) ရက် အထိ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။
အဆိုပါကမ်ပိန်းဟာ CDF-Mindat အနေဖြင့် အင်မတန် ခွန်အားဖြစ်မည့် စီမံကိန်းဖြစ်သည့်အလျောက် ပြည်သူလူထုအနေဖြင့်ပါဝင်ဖို့လည်း လိုအပ်တယ်လို့ ဆိုထားပါတယ်။
ကမ်ပိန်းတွင် ပါဝင်လိုသူများအတွက် CDF-Mindat ရဲ့ လူမှုကွန်ရက်မှာ Fundraising ကိုယ်စားလှယ်များကို အသိပေးဖော်ပြထားတယ်လို့လည်း သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment