၂၀၂၃ ဇွန်လ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၍ one year plan အရ ဆက်လက်ဆောင်ရွက်နေသော လုပ်ဆောင်ချက်များကိုပြောကြား
📌 ၂။ NUGလူ့အခွင့်ရေးအကြံပေး၏ အကိုဖြစ်သူလုပ်ကြံသတ်ဖြတ်ခြင်းခံရ
📌 ၃။ ဇွန်လအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူတွေ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းကိုယ်တိုင်ရေးသားထားတဲ့ လက်ဆောင်ပို့စကတ်ရရှိမယ်
📌 ၄။ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်လို့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အရပ်သားအချို့သေဆုံး
📌 ၅။ ပခုက္ကူမြို့နယ်အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ(၂)ဦးသေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၍ one year plan အရ ဆက်လက်ဆောင်ရွက်နေသော လုပ်ဆောင်ချက်များကိုပြောကြား
ဇွန်လ၈
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်၍ one year plan အရ ဆက်လက်ဆောင်ရွက်နေသော လုပ်ဆောင်ချက်များကို ပြောကြားခဲ့ပါတယ်။
ဇွန်လ ၈ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၃/၂၀၂၃)ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောပါတယ်။
"one year plan အရ ဆက်လက်ဆောင်ရွက်နေသော လုပ်ဆောင်ချက်များ၊ တော်လှန်ရေးရဲဘော်များ၏ ခုခံတွန်းလှန်စစ်မှ ထိုးစစ်သို့ တိုးတက်တိုက်ခိုက်မှုများ၊ တော်လှန်စစ်ကို အထောက်အကူဖြစ်စေမည့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ တပ်ဖွဲ့များအတွက်ထောက်ပို့ရေးဆိုင်ရာကိစ္စရပ်များ"အား မှာကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်မှ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ One Year Plan အကောင်အထည်ဖော်ဆောင်မှုဟာ အဆင့်(၃)ကို ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလက စတင် အကောင်အထည်ဖော်ခဲ့သည့် One Year Plan သည် ယခုဆိုရင် အချိန်ကာလအားဖြင့် အဆင့်(၃)ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စစ်ရေးဆောင်ရွက်မှု တစ်ခုစီတိုင်းမှာ အဖိုးတန်လှသည့် တော်လှန်ရေး ရဲဘော်များ၏ အသက်နှင့်ခန္ဓာရင်းနှီးပေးဆပ်မှုတွေနဲ့ ပြည်သူတွေရဲ့ သွေး၊ ချွေးတွေ ရင်းပြီး ထောက်ခံပံ့ပိုးပေးမှုတွေနဲ့အတူ လက်နက်ကိုင်ပြီးပြည်သူအပေါ် အနိုင်ကျင့် ဗိုလ်ကျသည့် စိတ်ဓာတ်ရှိသေူတွေကို မြေပေါ်က အပြီးတိုင်မောင်းထုတ်နိုင်စေရန် အတွက် အားလုံးမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီကို တော်လှန်ခဲ့သည့် သမိုင်းတစ်လျှောက် ချိနဲ့ပြိုလဲလုနီးနီးအထိ ဆောင်ရွက်လာနိုင်ခြင်းသည် ပြည်သူရဲ့ ညီညွတ်မှု စိတ်အားထက်သန်မှုတွကြောင့်ဆိုသည်မှာ လက်ရှိအခြေအနေတွေက သက်သေပဲဖြစ်ပါ ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၂/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ NUGလူ့အခွင့်ရေးအကြံပေး၏ အကိုဖြစ်သူလုပ်ကြံသတ်ဖြတ်ခြင်းခံရ
ဇွန်လ၈
NUGလူ့အခွင့်ရေးအကြံပေး၏ အကိုဖြစ်သူလုပ်ကြံသတ်ဖြတ်ခြင်းခံရတယ်လို့ သတင်းရရှိပါတယ်။
ဇွန်လ၇ရက် ညပိုင်းမှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အကိုဖြစ်သူဟာ လုပ်ကြံခံရတယ်လို့ဆိုပါတယ်။
"ကျနော့်အကိုအကြီးဆုံး (ဇွန်လ ၇ ရက်နေ့) ည ၁၁ နာရီလောက်မှာ အမည်မသိလူတစ်စုရဲ့ သတ်ဖြတ်ခြင်းကို ခံရပါတယ်"လို့ဆိုထားပါတယ်။
ဇွန်လ၇ရက်ညပိုင်း ရန်ကုန်မြို့ သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်းအတွင်း အမည်မသိ လူတစုက ဓါးနဲ့ထိုးသတ်ဖြတ်ခဲ့တာလို့ သတင်းရရှိပါတယ်။
အသတ်ခံရသူဟာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အကိုတော်စပ်သူ ဦးသန်းမြင့် ဖြစ်တယ်လို့လည်းသိရပါတယ်။
========================
📌📌 ၃။ ဇွန်လအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူတွေ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းကိုယ်တိုင်ရေးသားထားတဲ့ လက်ဆောင်ပို့စကတ်ရရှိမယ်
ဇွန်လ၈
ဇွန်လအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူတွေနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းကိုယ်တိုင်ရေးသားထားတဲ့ လက်ဆောင်ပိုစကတ်ရရှိမယ်လို့ ယူနိုက်တက်ဘွန်းက ဇွန်လ၈ရက်နေ့မှာ အသိပေးဆိုပါတယ်။
"ဇွန်လမှာ ငွေစုစာချုပ်ဝယ်ယူသူတွေကတော့ အထူးအစီအစဥ်အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အတွက် ရုပ်ရှင်သရုပ်ဆောင် ဒေါင်းကိုယ်တိုင်ရေးသားထားတဲ့ မွေးနေ့ဆုတောင်းစာ၊ bond ဝယ်ယူကြသူတွေအပေါ် ကျေးဇူးတင်စကားနဲ့ ဒေါင်းရဲ့ ထိုးမြဲလက်မှတ် ပါတဲ့လက်ဆောင်ပို့စကတ်လေးကို လက်ခံရရှိကြမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနှံ့က ပြည်သူ့တပ်မတော်တပ်ရင်းတွေကို NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တွေ တပ်ဆင်ပေးလျက်ရှိပြီး ၄င်းရန်ပုံငွေများထဲမှာ EODရှယ်ယာများရောင်းချရငွေနဲ့ ငွေတိုက်စာချုပ်များရောင်းချရငွေတို့လည်းအပါအဝင်ဖြစ်ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်လို့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အရပ်သားအချို့သေဆုံး
ဇွန်လ၈ရက်
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်လို့ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အရပ်သားအချို့သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၈ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPPက ဖော်ပြပါတယ်။
ဇွန်လ ၇ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်အချိန်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ လှိုင်ဝအမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင်မှာ ကျည်စထိမှန်၍ သေဆုံးခဲ့ပြီး ၎င်း၏မိခင်နှင့် အသက် ၄ နှစ်အရွယ် ညီမဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ထို့ပြင် ဇွန်လ ၇ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်၍ ကုသမှုခံယူနေချိန် အမျိုးသားတစ်ဦးဖြစ်သူ ဦးဖိုးချောင်မှာ ထိုဒဏ်ရာများဖြင့် သေဆုံးခဲ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၃၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ပခုက္ကူမြို့နယ်အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ(၂)ဦးသေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိ
ဇွန်၈
ပခုက္ကူမြို့နယ်အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ(၂)ဦးသေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန်လ၈ရက်မှာ စစ်ရေးသတင်းကို မြိုင် ပကဖက အတည်ပြုဆိုပါတယ်။
"ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(ပ.က.ဖ)တပ်ရင်း(၂)တပ်ခွဲ(၁)/Earthquake People`s Defence Force နှင့် Middle Revolution Task Force - MRTFတို့ပူးပေါင်းပြီး နေ့လည်(၁) နာရီခန့်အချိန်တွင် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မြေပြင်မှ ပစ်ခတ်နေချိန်အတွင်း ဝေဟင်မှလည်း Earthquake people's Defence Force ၏(Drone Team) မှ ဗုံးသီးများဖြင့်လည်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ(၂)ဦးသေဆုံးပြီး ၃ ဦးခန့် ဒဏ်ရာရရှိကြောင်းသိရပါတယ်။
စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်ရဲဘော်များ အထိခိုက်မရှိကောင်းမွန်စွာပြန်လည်ဆုတ်ခွာနိူင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment