၂၀၂၃ ဇွန်လ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးဖို့ဆိုရာတွင်အာဏာရှင်ကို တိုက်ထုတ်ဖို့ ဘုံရည်မှန်းချက်တူညီကြသူ အားလုံးတွင်လည်း တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ အကြမ်းဖက်စစ်တပ်က မေလအတွင်း အကြောင်းမဲ့သတ်ဖြတ်မှု၁၀၄မှု ရှိခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြောကြား
📌 ၃။ အမျိုးသားညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ၂နှစ်ပြည့်မြောက်အဖြစ်ပြည်ထောင်စုဝန်ကြီးနှင့် CDM ဝန်ထမ်းများတွေ့ဆုံမည်
📌 ၄။ စစ်ကိုင်းတိုင်း၊ကနီမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်ရဲစခန်းကို ( Shar Htoo Wow) နည်းပညာသုံး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၅။ မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်များ စစ်ကြောင်းထိုးရာ လမ်းတစ် လျှောက်ရွာများမှ ဒေသခံပြည်သူ လေးဆယ်ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား
📌 ၆။ ထိုင်း ရွေးကောက်ပွဲကော်မရှင်က တနိုင်ငံလုံးရှိ ပြည်နယ် ၁၆ ခုက မဲဆန္ဒနယ် ၄၇ ခုအတွက် မဲတွေပြန်ရေဖို့ အမိန့်ထုတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးဖို့ဆိုရာတွင်အာဏာရှင်ကို တိုက်ထုတ်ဖို့ ဘုံရည်မှန်းချက်တူညီကြသူ အားလုံးတွင်လည်း တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ်ပြောကြား
ဇွန်လ၉ရက်
ဇွန်လအတွင်းကျင်းပတဲ့ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးဖို့ဆိုရာတွင် အာဏာရှင်ကို တိုက်ထုတ်ဖို့ ဘုံရည်မှန်းချက် တူညီကြသူအားလုံးတွင်လည်း တာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"PDF တပ်တွေ အားကောင်းပြီး ပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးဖို့သည် ကာကွယ်ရေးဝန်ကြီးဌာနမှအဓိက တာဝန်ရှိသည်ဆိုသော်လည်း အာဏာရှင်ကို တိုက်ထုတ်ဖို့ ဘုံရည်မှန်းချက်တူညီကြသူ အားလုံးတွင်လည်း တာဝန်ရှိပါကြောင်း၊ ပအဖ၊ ပကဖ၊ ပလဖ၊ PDFအဖွဲ့များသည် ညှိညှိနှိုင်းနှိုင်း စည်းစည်းလုံးလုံးဖြင့် တဖွဲ့နှင့်တဖွဲ့ အထောက်အပံ့ပြုကြ ရန်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ထို့အပြင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို ကြားကာလအခြေအနေအရ တော်လှန်စစ်ကို အထောက်အကူပြုနိုင်မည့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းမျိုးကို အာရုံစိုက်ပေးရန်ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က မေလအတွင်း အကြောင်းမဲ့သတ်ဖြတ်မှု၁၀၄မှု ရှိခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးပြောကြား
ဇွန်လ၉ရက်
၂၀၂၃ ခုနှစ် မေလအတွင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ရရှိခဲ့သော စကစတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုများကို NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအခုလိုထုတ် ဖေါ်ပြောကြားခဲ့ပါတယ်။
"မေလအတွင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ရရှိခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုသတင်းပေါင်း၃၆၇ခုရရှိခဲ့ပါတယ်။ရရှိခဲ့တဲ့သတင်းတွေထဲမှာဆိုရင်တော့ အကြောင်းမဲ့သတ်ဖြတ်မှုအများဆုံးဖြစ်ခဲ့ပါတယ်။စုစုပေါင်း၁၀၄မှုလက်ခံရရှိခဲ့ပါတယ်။"လို့ ဝန်ကြီးကဆိုပါတယ်။
မေလအတွင်း စကစရဲ့လေကြောင်းတိုက်ခိုက်မှု၂၆ခု ရှိခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု များတွင်လူငါးဦးအထက် သတ်ဖြတ်ခံရမှု၇ကြိမ်ရှိခဲ့ပါတယ်။
အဆိုပါ လူငါးဦးအထက် သတ်ဖြတ်ခံရမှုကို စကစဘက်က ကျူးလွန်ရာတွင်ပဲခူးတိုင်း၊ချင်းပြည်နယ်၊ကရင်နီဒေသ၊ မကွေးတိုင်းတို့တွင် တစ်ကြိမ်စီကျူးလွန်ကာ စစ်ကိုင်းတိုင်းတွင် သုံးကြိမ်ကျူးလွန်ခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေး အစိုးရ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ၂နှစ်ပြည့်မြောက်အဖြစ်ပြည်ထောင်စုဝန်ကြီးနှင့် CDM ဝန်ထမ်းများတွေ့ဆုံမည်
ဇွန်လ၉ရက်
အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၂နှစ်ပြည့်အဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှCDM ဝန်ထမ်းများနှင့် ဇွန် လ ၁၀ ရက်နေ့မှာ Zoom Cloud Meeting ကတစ်ဆင့် တွေ့ဆုံသွားမှာဖြစ်တယ်လို့သိရပါတယ်။
ယနေ့ချိန်ထိ ဓမ္မဘက်က ရပ်တည်ပြီး အကြမ်းမဖက်အာဏာ ဖီဆန်လှုပ်ရှားမှုတွင် ပါဝင်ပေးနေကြသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ CDM ဝန်ထမ်း သူရဲကောင်းများကို ဝန်ကြီးဌာနအနေဖြင့် ကျေးဇူးအထူးတင် ရှိပြီး လေးစားဂုဏ်ပြုအပ်ပါတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ဝန်ကြီးဌာနဖွဲ့စည်းခြင်း ၂နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်း၊ကနီမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်ရဲစခန်းကို ( Shar Htoo Wow) နည်းပညာသုံး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်
ဇွန်လ၉ရက်
ဇွန်လ ၈ရက်နေ့မှာ စစ်ရေးသတင်းကို MSPDF စစ်ကိုင်းခရိုင်တပ်ရင်း အမှတ်-(၄)က အခုလိုအသိပေးထုတ်ပြန်ထားပါတယ်။
"စစ်ကိုင်းတိုင်း၊ကနီမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးအား MSDF ဦးဆောင်၍ (450g)ဗုံးသီး ၃လုံးကို(Shar Htoo Wow)နည်းပညာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထွေအုပ်ရုံးမှ ရဲ(၂)ဦးဒဏ်ရာ အပြင်းအထန်ရ၍သေဆုံးခဲ့ပါတယ်။ထို့နောက်ကနီမြို့ပေါ်ရှိ ရဲစခန်းအား (450g)ဗုံးသီး ၃လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ထိုသို့ကြဲချတိုက်ခိုက်ရာတွင် ရဲများ ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်။
MSPDF-(MSDF)နှင့်အတူ ပူးပေါင်းစစ်ဆင်ခဲ့သောအဖွဲ့များမှာGZB(မန္တလေး)၊CDSOM-001၊NDRF၊MRTF-SSTF၊ကျောက်ဒိုးကြီးတပ်မဟာ တို့ဖြစ်ပါတယ်။
========================
📌📌 ၅။ မြိုင်မြို့နယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်များ စစ်ကြောင်းထိုးရာ လမ်းတစ် လျှောက်ရွာများမှ ဒေသခံပြည်သူ လေးဆယ်ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား
ဇွန်လ၉
မြိုင်မြို့နယ်တောင်ပိုင်း မှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်များမှ ဒေသခံပြည်သူ လေးဆယ်ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှုကို ဇွန်လ၉ရက်မှာ မြိုင်မြို့နယ် တော်လှန်ရေးအင်အားစုများက အခုလိုအတည်ပြု ပြောဆိုထားပါတယ်။
"မြိုင်မြို့နယ်တောင်ပိုင်း စက်မှု(၂)မှာဇွန်လ၈ရက်နေ့ညက ညအိပ်တဲ့စစ်ကောင်စီတပ်တွေဟာ ယနေ့မနက်အစောပိုင်းက စက်မှု ၂ ကနေ ထွက်ခွာလာပြီး ကုံးရွာ ဝက်ပုတ်ရွာ အနိးကနေ တစ်ဆင့် ဆိတ်သက်ရွာအနီးကို ရောက်နေတယ်လို့ သိရပါတယ်။စစ်ကောင်စီတပ်တွေဟာ သူတို့စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရွာများမှ ဒေသခံပြည်သူ လေးဆယ်ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လာပါတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဝဲတူးရေနံမြေဘက်ကိုဦးတည်မယ်လို့ ခန့်မှန်းထားကာမြိုင်မြို့နယ်အနောက်ပိုင်းမှ မိဘပြည်သူများသတိဝီရိယနဲ့နေထိုင်ကြဖို့ အသိပေးထားပါတယ်
========================
📌📌 ၆။ ထိုင်း ရွေးကောက်ပွဲကော်မရှင်က တနိုင်ငံလုံးရှိ ပြည်နယ် ၁၆ ခုက မဲဆန္ဒနယ် ၄၇ ခုအတွက် မဲတွေပြန်ရေဖို့ အမိန့်ထုတ်
ဇွန်လ၈
ဇွန်လ၈ရက်နေ့မှာ ထိုင်းရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး အခုလို အသိပေးထုတ်ပြန်လာပါတယ်။
"ထိုင်း ရွေးကောက်ပွဲကော်မရှင်ကပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲရေတွက်ထားတာ မမှန်တာကြောင့်ဆိုပြီး တနိုင်ငံလုံးရှိ ပြည်နယ် ၁၆ ခုက မဲဆန္ဒနယ် ၄၇ ခုအတွက် မဲတွေပြန်ရေဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
ဒီလိုမဲများပြန်ရေတွက်ဖို့အမိန့်ထုတ်ရာမှာ ဖတ်ကောင်းကိုင်ရဲ့အဓိကအမာခံနယ်မြေတွေဖြစ်တဲ့ ဘန်ကောက်မြို့ပေါ်က မဲဆန္ဒနယ်အတော်များများပါသလို အခြားပြည်နယ်များက မဲဆန္ဒနယ်တွေအားလုံးဟာလည်း ဒီအတိုင်းပဲပါဝင်တယ်လို့သိရပါတယ်။
မဲရေတာ မှားတယ်ဆိုတဲ့ပြည်နယ်တွေကတော့ဘန်ကောက်၊ ချွန်ဘူရီ၊ တရန်၊ နခွန်နာယွတ်၊ ပရာကျော့ပ်ခီရီခန် (ပကျော့ပ်)၊ ဖဲ၊ လော့ပ်ဘူရီ၊ စမုစာခွန်၊ စရာ့ဘူရီ၊ စူခိုထိုင်၊ ဖန်ငါ၊ ဖက်ခ်ျဘူရီနှင့် နောင်းခိုင် စတဲ့ပြည်နယ်တွေဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာ့တော်လှန်ရေးအင်အားစုများဟာ ထိုင်းရွေကောက်ပွဲ အနိူင်ရပါတီ ပီတ လင်ဂျာရွန်ရက် အပေါ် မြန်မာ့နိူင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်၍ တွန်းအားပေးလုပ်ဆောင်နိူင်သူလို့ သုံးသပ်နေကြပြီး အနိူင်ရပါတီကို ထောက်ခံအားပေးလျက်ရှိကြပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment