၂၀၂၃ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး စီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝမရဘူးလို့ ယာယီသမ္မတ ပြောကြား
📌 ၂။ ကချင်ပြည်နယ် လိုင်ဇာမြို့အနီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ သွေးချင်းတွေအောင်မြင်ပြီး အန္တရာယ်ကင်းကင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြတ်ချေမှုန်းနိုင်ပါစေလို့ ဝန်ကြီးချုပ်ဆို
📌 ၃။ Htout Phoet - ထောက်ပို့ နဲ့ MONREC (NUG) က လုပ်တဲ့ “တော်လှန်သစ်ပင်ကန်ပိန်း” မှာပါဝင်ပေးကြဖို့ ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ဆို
📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ဦးအထိရှိလာ
📌 ၆။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို Sniper ဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
📌 ၇။ အရာတော်မြို့အခြေစိုက် စုဆောင်းရေးတပ် စ.ခ.တ ( ၁၀ )ကို (၁၀၇) မမနဲ့ပစ်
📌 ၈။ မင်းကင်းမြို့နယ် ပိက္ခယားရွာနှင့် အင်းရွာသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ စကစတပ်နဲ့ပျူများ ပါဝင်သည့်စစ်ကြောင်းက နေအိမ်များကိုဖျက်ဆီး၍ ငွေသားနဲ့တန်ဖိုးရှိပစ္စည်းများ ခိုးယူဆောင်သွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး စီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝမရဘူးလို့ ယာယီသမ္မတ ပြောကြား
ဇူလိုင်၁၁ရက်
နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးစီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝမရဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင်၁၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောပါတယ်။
"နွေဦးတော်လှန်ရေးအတွင်းက စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းရေး စီမံချက်ဟာ အင်အားနည်းပါးလို့ လုံးဝမရပါဘူး။ ဒါ့ကြောင့် အားလုံးက ကဏ္ဍစုံကနေ ဝိုင်းဝန်းအားဖြည့်ကြဖို့ အထူးလိုအပ်ပါတယ်။ ဘဏ္ဍာငွေစုဆောင်းမှုမှာလည်း ဟိုနေရာ ဒီနေရာ ပြန့်ကျဲနေတာမျိုးထက် စုစုစည်းစည်းနဲ့ စုဆောင်းရရှိဖို့ လိုအပ်ပါတယ်။ ဘဏ္ဍာငွေ စီးဆင်းရေးလမ်းကြောင်းတွေ အပြန့်ကျယ်တာနဲ့အမျှ ခုခံတော်လှန်စစ် အတွင်းမှာ COC တည်ဆောက်မှုအပေါ်မှာ အားနည်းချက်တွေ ဖြစ်လာနိုင်တာ ရှိပါတယ်။ ဒါ့ကြောင့် ဗဟိုကနေ အမိန့်ပေး ကွပ်ကဲမှုမှာ ပိုမိုစုစည်းခိုင်မာမှုရှိအောင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုက သွယ်ဝိုက်ပြီး အကျိုးပြုဖို့လိုပါတယ်။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း မိမိတို့ အစိုးရအပေါ် ပိုမိုခိုင်မြဲတဲ့ ယုံကြည်မှုတွေ ဖြစ်ထွန်းအောင် ကြိုးစားတည်ဆောက်ကြရပါလိမ့်မယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ လက်နက်ခဲယမ်း မီးကျောက် ဝယ်ယူဖြည့်တင်းရေးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များရဲ့ ရိက္ခာ၊ ဆေးဝါးစတဲ့ အသုံးစရိတ်တွေကို အဓိကထားပြီး ဖြည့်တင်းနေတယ်လို့ ယာယီသမ္မတကပြောပါတယ်။
========================
📌📌 ၂။ ကချင်ပြည်နယ် လိုင်ဇာမြို့အနီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ သွေးချင်းတွေအောင်မြင်ပြီး အန္တရာယ်ကင်းကင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြတ်ချေမှုန်းနိုင်ပါစေလို့ ဝန်ကြီးချုပ်ဆို
ဇူလိုင်၁၁ရက်
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး အကြမ်းဖက်စစ်ကောင်စီနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ သွေးချင်းတွေအောင်မြင်ပြီး အန္တရာယ်ကင်းကင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြတ်ချေမှုန်းနိုင်ပါစေလို့ ဇူလိုင်၁၁ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
" နိုင်ငံအနှံ့ စစ်ရေးအရှိန်က မြင့်နေပြီး ကချင်ပြည်နယ် လိုင်ဇာမြို့အနီး နမ်ဆန်ယန်ရွာဘက်ကို စစ်ကောင်စီက တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲတွေ ဖြစ်နေတာလည်း သီတင်းတစ်ပတ်အတွင်း ရောက်နေပြီဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ သွေးချင်းတွေ တရားသောစစ်မှာ အောင်မြင်ပြီး အန္တရာယ်ကင်းကင်းနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြတ်ချေမှုန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်"လို့ဆိုပါတယ်။
လိုင်ဇာမြို့အနီးသို့ စကစတပ်များဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဇူလိုင်လမှ စတင်၍ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်လာသောကြောင့် KIAတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စကစတပ်များ အထိနာလျက်ရှိပါတယ်။
========================
📌📌 ၃။ Htout Phoet - ထောက်ပို့ နဲ့ MONREC (NUG) က လုပ်တဲ့ “တော်လှန်သစ်ပင်ကန်ပိန်း” မှာပါဝင်ပေးကြဖို့ ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်ဆို
ဇူလိုင်၁၁ရက်
Htout Phoet - ထောက်ပို့ နဲ့ MONREC (NUG) က လုပ်တဲ့ “တော်လှန်သစ်ပင်ကန်ပိန်း” မှာ ပါဝင်ပေးကြဖို့ ဇူလိုင်၁၁ရက်မှာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်က ပြောကြားထားပါတယ်။
"Htout Phoet - ထောက်ပို့ နဲ့ MONREC (NUG) က လုပ်တဲ့ “တော်လှန်သစ်ပင်ကန်ပိန်း” မှာ အပင် ၁၀ ပင်ဝယ်ထားတယ်။ အမ ဘာအပင်ယူမလဲမေးလို့ ကြိုက်တဲ့ အပင်စိုက် ပြောလိုက်တာ ကျွန်းပင် စိုက်ပေးထားတယ်။ ရှုခင်းလည်း လှနေရော၊ သူတို့စိုက်ထားတာလည်း လမ်းတလျှောက် အများကြီးပဲ… ကမ်ပိန်း target မပြည့်သေးဘူး သိန်း (၆၀၀) ပဲ ရသေးတယ် အပင် ၂၀၀၀ စိုက်ဖို့ လုပ်ထားတယ်ပြောပါတယ်။ သွားဝယ်ပြီး အားပေးလို့ရတယ်ဗျို့ တစ်ပင် မြန်မာငွေ ၁သောင်းပဲ"လို့ဆိုထားပါတယ်။
တော်လှန်သစ်ပင် ကမ်ပိန်းကို သစ်ပင်နှစ်သောင်းထိ ရည်မှန်းချက်ထားသော်လည်း အပင်ငါးထောင်ကျော်သာ လူထုက ကမ်ပိန်းမှာ ပါဝင်သေးပြီး ထပ်မံ၍ပြည်သူများမှ သစ်တစ်ပင် ငွေတစ်သောင်းကျပ်နှင့် ပါဝင်စိုက်ပျိုးနိုင်ပြီဖြစ်ပါတယ်။
ရရှိလာတဲ့ငွေကြေးများကို တော်လှန်ရေးအင်အားစုနဲ့ စစ်ဘေးရှောင်များကို ပြန်လည်ထောက်ပို့ပေးအပ်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဇူလိုင် လ ၁၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၃/၂၀၂၃)ကို ဇူလိုင်၁၁ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ဦးအထိရှိလာ
ဇူလိုင်၁၁ရက်
နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရသူ ၁၅၈ဦးအထိရှိလာတယ်လို့ ဇူလိုင်၁၁ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPက ဖော်ပြပါတယ်။
ဇူလိုင်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၇၉၂) ဦးရှိပြီး ထိုအထဲမှ (၁၉၄၁၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၇၂၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၆။ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို Sniper ဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
ဇူလိုင် ၁၁
ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို Sniper ဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင်၁၁ရက်မှာ စစ်ရေးသတင်းကို ရေတာရှည်ပကဖက အတည်ပြုဖော်ပြပါတယ်။
"ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု၊ ကျွဲရိုင်းပြင်ကျေးရွာ အရှေ့တောင်ဘက် စစ်တောင်းမြစ်ကူးတံတားပေါ်ရှိ အင်အား (၅၀)ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ဇူလိုင်လ(၁၀)ရက် နံနက်(၇) နာရီ (၃၀)မိနစ်ခန့်တွင် တော်လှန်ရေးအင်အားစုများက Sniper ဖြင့် သွားရောက်ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ညနေ(၃)နာရီထိုးသည်အထိ ပြန်လည်၍ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ထိုသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်သာကျေးရွာမှ ပြည်သူအိမ် (၁)လုံးနှင့် အခြားကျေးရွာများမှ ပြည်သူအိမ်(စိစစ်ဆဲ)များအားလည်း ထိမှန်ခဲ့ပါတယ်။
အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ၆၊ ရေတာရှည်မြို့နယ် ပကဖ နှင့် ပူးပေါင်း စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ အရာတော်မြို့အခြေစိုက် စုဆောင်းရေးတပ် စ.ခ.တ ( ၁၀ )ကို (၁၀၇) မမနဲ့ပစ်
ဇူလိုင်၁၁ရက်
အရာတော်မြို့အခြေစိုက် စုဆောင်းရေးတပ် စ.ခ.တ ( ၁၀ )ကို (၁၀၇) မမနဲ့ပစ်ခတ်ခဲ့တယ်လို့ ဇူလိုင်၁၀ရက်မှာ စစ်ရေးသတင်းကို Danger Force LPDFကအသိပေးဆိုပါတယ်။
"ဇူလိုင်လ( ၉ )ရက် ၊ ညနေ ( ၄ ) နာရီခွဲခန့်အချိန်တွင် အမှတ်(၁)စစ်ဒေသ ၊ မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အရာတော်မြို့အခြေစိုက် စစ်သားစုဆောင်းရေးတပ် စ.ခ.တ ( ၁၀ ) ( အရပ်ခေါ် အရှေ့တပ် ) အား (၁၀၇) မမ ဖြင့်သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ကတုတ်ကျင်းကင်းတဲဘေးသို့ ကျရောက်ပြီး အထိအခိုက် အကျဆုံးများရှိနိုင်တယ်"လို့ဆိုပါတယ်။
ထို့နောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များမှာ အထိအခိုက်အကျအဆုံး မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
စစ်ဆင်ရေးအား - Danger Force LPDF နှင့် မုံရွာခရိုင်ရင်း( ၆ ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၈။ မင်းကင်းမြို့နယ် ပိက္ခယားရွာနှင့် အင်းရွာသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ စကစတပ်နဲ့ပျူများ ပါဝင်သည့်စစ်ကြောင်းက နေအိမ်များကိုဖျက်ဆီး၍ ငွေသားနဲ့တန်ဖိုးရှိပစ္စည်းများ ခိုးယူဆောင်သွား
ဇူလိုင်၁၁ရက်
မင်းကင်းမြို့နယ် ပိက္ခယားရွာနှင့် အင်းရွာသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ စကစတပ်နဲ့ပျူများ ပါဝင်သည့်စစ်ကြောင်းက နေအိမ်များကိုဖျက်ဆီး၍ ငွေသားနဲ့တန်ဖိုးရှိပစ္စည်းများ ခိုးယူဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။
ဇူလိုင်၁၁ရက်မှာ အမှတ် ၁၁ တပ်ရင်း၊ မင်းကင်းက ဖြစ်စဥ်ကိုအသိပေးဆိုပါတယ်။
"ဇူလိုင်လ ၉ရက်နေ့ စကစတပ်နဲ့ ပျူ စစ်ကြောင်း ၂ကြောင်း မှ ပိက္ခယားရွာနှင့် အင်းရွာသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်၍ ကျူးကျော်ကာ ပြည်သူပိုင်အိမ်များကို ဝင်ရောက်ဖျက်စီးပြီး လိုချင်သည့်အရာများ ခိုးယူသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
ပိက္ခယားရွာရှိ ပြည်သူပိုင် နေအိမ်တစ်လုံးလက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီး အင်းရွာမှ ပြည်သူပိုင် ဖုန်း၈ လုံး ခိုးယူသွားကာ ဆိုင်ကယ် ၁စီး ၊ ဆိုလာ ၁ ချပ် ၊ ရေစက် ၁လုံး ဖျက်စီးခံခဲ့ရပါတယ်။
ဒါ့အပြင် နွား ၁ကောင် ၊ ကျွဲ ၁ကောင်၊ ဝက် ၁ကောင်ကို ပစ်ခတ်ခဲ့ပြီးရွှေဆွဲ ကြိုး ၁ ကုံး ၊ လက်စွပ် ၁ကွင်း ၊ နားကပ် ၂စုံ ၊ ပိုက်ဆံ သိန်း ၂၀ ကျော် ခိုးယူသွားတယ်လို့ဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment