၂၀၂၃ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကျပ်ငွေအပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျ တည်ဆောက်ပေးရလိမ့်မယ်လို့ ယာယီသမ္မတပြော
📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လူထုတွေ့ဆုံပွဲ အမေရိကန် ဝါရှင်တန် ဒီစီမှာကျင်းပမယ်
📌 ၃။ အကြမ်းဖက်စစ်ကောင်စီက ငွေစက္ကူနှစ်သောင်းတန်ထုတ်ဝေခြင်းဟာ ပြည်သူတွေမှာရှိတဲ့ ငွေတန်ဖိုးကို ခိုးယူလိုက်တဲ့ သဘောဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း၊ မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၅။ အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဇွန်လအတွင်း တိုက်ပွဲပေါင်း (၃၇၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၁၇) ဦး သေဆုံး
📌 ၆။ ရှမ်းပြည်နယ် မူဆယ် နမ့်အွမ်ရွာထဲနှင့် စေတီကုန်းပေါ် အကြမ်းဖက် စစ်တပ်ကလေယာဥ်နှင့်ပစ်ခတ်၍ အရပ်သားတစ်ဦး လေယာဥ်ကျည် ထိမှန်သေဆုံး
📌 ၇။ စကစရဲ့ ပဲခူးတိုင်း အစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား M79 ဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၈။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၉၃၁) ဦးရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကျပ်ငွေအပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျ တည်ဆောက်ပေးရလိမ့်မယ်လို့ ယာယီသမ္မတပြော
ဇူလိုင်၂၅
ဇူလိုင်၂၅ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတဒူဝါလရှီးလက “ကျပ်ငွေအပေါ် အမှီသဟဲမပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို စနစ်တကျ တည်ဆောက်ပေးရလိမ့်မယ်"လို့ ပြောပါတယ်။
"တကယ်တော့ လူထုဟာ ကျပ်ငွေအပေါ်မှာ မှီခိုအားထား နေရပါတယ်။ ဒါ့ကြောင့် လူထုလုပ်အားတွေကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်စီးလိုက်သလိုမျိုး မဖြစ်အောင် ကျွန်တော်တို့ဘက်က ခေတ်မှီဘဏ္ဍာရေးမဟာဗျူဟာတွေနဲ့ အကာအကွယ်ပြုပေးဖို့ လိုပါတယ်။ အဲသည့်လို အကာအကွယ် ပြုနိုင်ဖို့အတွက် ယခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က တည်ဆောက်နေတဲ့ ဘဏ္ဍာရေးစနစ်အပေါ်ကို လူထု ယုံကြည်မှု ပိုရလာဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအရလည်း ကျွန်တော်တို့က စည်းရုံး လှုံ့ဆော်ဖို့ လိုသလို၊ လက်တွေ့ အကျိုးခံစားခွင့်ကို သိသိသာသာ ပြနိုင်အောင်လည်း ကြိုးစားရပါလိမ့်မယ်။ လူထုဟာ သူတို့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးသူကိုသာ ယုံကြည်စွာ အပ်နှံလေ့ရှိပါတယ်။ ဒါ့ကြောင့် လူထုရဲ့လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေ အပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျွန်တော်တို့ အနေနဲ့ စနစ်တကျ တည်ဆောက်ပေးရပါလိမ့်မယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ခေတ်အမြင် ခေတ်အတွေးအခေါ်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို သုံးစွဲနိုင်မှု ပိုပြီးမြင့်လာရေး ၊ ခေတ်ရဲ့အားသာချက်ကို ကောင်းကောင်းအသုံးချကိုင်တွယ်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အသွေး ရှိဖို့အရေးကိုလည်း ယာယီသမ္မတကပြောပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လူထုတွေ့ဆုံပွဲ အမေရိကန် ဝါရှင်တန် ဒီစီမှာကျင်းပမယ်
ဇူလိုင်၂၅
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လူထုတွေ့ဆုံပွဲကို ဇူလိုင် ၃၀ရက်မှာ အမေရိကန် ဝါရှင်တန် ဒီစီဧရိယာမှာ ကျင်းပသွားမှာ ဖြစ်ပြီးတော့ တော်လှန်ရေးအင်အားစုများ တက်ကြွစွာလာရောက် ပါဝင်ပူးပေါင်းရန် ဖိတ်ကြားထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ အမေရိကန်ပြည်ထောင်စုကို အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေပြီး လူထုတွေ့ဆုံပွဲများကို ဆက်တိုက်တက်ရောက်လျက်ရှိပါတယ်။
လက်ရှိမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပါ အမေရိကန်ခရီးစဥ်တွင်ရောက်ရှိနေပြီး အမေရိကန် သံတမာန်ရေးရာအသိုင်းအဝိုင်းအပြင်တာဝန်ရှိသူတို့နဲ့ပါတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီက ငွေစက္ကူနှစ်သောင်းတန်ထုတ်ဝေခြင်းဟာ ပြည်သူတွေမှာရှိတဲ့ ငွေတန်ဖိုးကို ခိုးယူလိုက်တဲ့ သဘောဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
ဇူလိုင်၂၅
အကြမ်းဖက်စစ်ကောင်စီက ငွေစက္ကူနှစ်သောင်းတန်ထုတ်ဝေခြင်းဟာ ပြည်သူတွေမှာရှိတဲ့ ငွေတန်ဖိုးကို ခိုးယူလိုက်တဲ့ သဘောဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဇူလိုင်၂၅ရက်မှာ ပြောကြားပါတယ်။
"၂ သောင်းတန်ထုတ်တာက ပြည်သူတွေမှာရှိတဲ့ ငွေတန်ဖိုးကို ခိုးယူလိုက်တဲ့ သဘောပါပဲ။ နိုင်ငံခြားသွင်းကုန်တန်ဖိုးတိုင်းက ၅% နှုန်း တက်သွားတာ ကြည့်ခြင်းအားဖြင့် ငွေကြေးဖေါင်းပွနှုန်း ၅% တက်သွားတဲ့ သဘော။ တစ်လကို ငွေ အလွတ်ချေးတာတောင် ၄% ရဖို့မလွယ်တဲ့ ကာလ မှာ ပြည်သူတွေလက်ထဲက ငွေတန်ဖိုး ၅% နှုန်း နှုတ်ယူလိုက်တာဟာ တစ်နိုင်ငံလုံးအတိုင်းအတာ ဆိုတာမနည်းဘူး။ ပြည်သူတစ်ယောက်ချင်းရဲ့ လုပ်အားတန်ဖိုး ၅% free ယူလိုက်တဲ့ သဘောလဲ တက်ရောက်စေတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဇူလိုင်၂၃ရက်နေ့က အကြမ်းဖက် စစ်ကောင်စီဟာ ငွေစက္ကူနှစ်သောင်းတန်များ ထုတ်ဝေမည်ဟု ကြေညာပြီးနောက် လူသုံးကုန်နဲ့ စားကုန်များ စျေးနှုန်းမြင့်တက်ကာ ကျပ်ငွေတန်ဖိုးများကျဆင်းခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း၊ မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဇူလိုင်လ ၂၅ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း၊ မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၀/၂၀၂၃)အား ဇူလိုင်၂၅ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်မှ နှုတ်ခွန်း ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်သိရှိလိုသည့်အချက်များ၊ မြေပြင်အခြေအနေ အခက်အခဲများအား တင်ပြ ဆွေးနွေးခဲ့ရာ တွဲဖက်အတွင်းဝန်၊ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်နှင့် သက်ဆိုင်ရာဌာနကြီးမှူးများမှ ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်း ဖြည့်ဆည်းပေးခြင်းများပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်၊ ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်နှင့် အရာရှိကြီးများနှင့် စစ်ကိုင်း၊ မကွေး ပြည်သူ့ လုံခြုံရေးအဖွဲ့မှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဇွန်လအတွင်း တိုက်ပွဲပေါင်း (၃၇၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၁၇) ဦး သေဆုံး
ဇူလိုင်၂၅ရက်
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်ဇွန်လအတွင်း တိုက်ပွဲပေါင်း (၃၇၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၁၇) ဦး သေဆုံးခဲ့တယ်လို့ ဇူလိုင်၂၅ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၃၇၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၁၇) ဦး သေဆုံး၍ (၅၂၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မိမိရဲဘော် (၄၇) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၄၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။
ရန်သူ့ထံမှ လက်နက်မျိုးစုံ (၄၈)လက်နှင့် Drone (၂၅) စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီးတိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၆။ ရှမ်းပြည်နယ် မူဆယ် နမ့်အွမ်ရွာထဲနှင့် စေတီကုန်းပေါ် အကြမ်းဖက် စစ်တပ်ကလေယာဥ်နှင့်ပစ်ခတ်၍ အရပ်သားတစ်ဦး လေယာဥ်ကျည် ထိမှန်သေဆုံး
ဇူလိုင်၂၅
ရှမ်းပြည်နယ် မူဆယ် နမ့်အွမ်ရွာထဲနှင့် စေတီကုန်းပေါ် အကြမ်းဖက် စစ်တပ်ကလေယာဥ်နှင့် ပစ်ခတ်၍ အရပ်သားတစ်ဦး လေယာဥ်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဇူလိုင်၂၅ရက်မှာ ရှမ်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုက အတည်ပြုဆိုထားပါတယ်။
"စကစက လေယာဥ်ဖြင့် နမ့်အွမ်ရွာထဲနှင့် စေတီကုန်းပေါ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သွားသဖြင့် အပြစ်မဲ့ရွာသားတစ်ဦး လေယာဥ်ကျည်ထိပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ် ပေါင်း ၅၆ ခုထက်မနည်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ဒီကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ အရပ်သား ၆၉၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၇။ စကစရဲ့ ပဲခူးတိုင်း အစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား M79 ဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်၂၅
ဇူလိုင်၂၄ရက် ည(၉:၁၅)နာရီခန့်တွင် စကစရဲ့ ပဲခူးတိုင်း အစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား M79 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုပါတယ်။
"အကြမ်းဖက်စစ်ကောင်စီ၏ ပဲခူးတိုင်းအစိုးရရုံးနှင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပဲခူးမြို့နယ် ပကဖက ဇူလိုင်လ (၂၄)ရက်နေ့ ည(၉:၁၅)နာရီခန့်တွင် M79 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ထိုပစ်ခတ်မှုကြောင့် အထွေထွေအုပ်ချုပ်ရေးရုံးဝန်း ဂိတ်ပေါက်နား၌ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရှိရပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက်အတည်ပြုစုံစမ်းဆဲဖြစ်ပါတယ်။
အဆိုပါစစ်ဆင်ရေးတွင် ပဲခူးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၉၃၁) ဦးရှိလာ
ဇူလိုင်၂၅ရက်
နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၉၃၁) ဦးရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ သိရှိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၉၃၁) ဦးရှိပါတယ်။ထိုထောင်ဒဏ်ချမှတ်ခံထားရသူများထဲတွင် ထောင်ဒဏ်တစ်ကြိမ်ထက်ပို၍ အမိန့်ချခံရသူ အမျိုးသမီး (၂၆) ဦး၊ အမျိုးသား (၂၁၉) ဦးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူ (၁) ဦး စုစုပေါင်း (၂၄၆) ဦး ရှိပြီး ရန်ကုန်တိုင်းမှာ (၉၀) ဦးဖြင့် အများဆုံးဖြစ်တယ်"လို့ဖော်ပြပါတယ်။
ထိုတစ်ကြိမ်ထက်ပိုသော ပြစ်ဒဏ်ချမှတ်ခံရသူ (၂၄၆) ထဲတွင် ကျောင်းသူ (၃) ဦးနှင့် ကျောင်းသား (၁၆) ဦး စုစုပေါင်း (၁၉) ဦး ပါဝင်တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment