၂၀၂၃ ဇူလိုင်လ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စကစထုတ် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရက တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ကြေညာ
📌 ၂။ အမေရိကန်ပြည်ထောင်စုရောက် NUG ဝန်ကြီးများနဲ့ လူထုတွေ့ဆုံပွဲမှာ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ၂၅၀၀၀ ရရှိ
📌 ၃။ နိုင်ငံရေးအကျဉ်းသားများ မတရားသဖြင့် သတ်ဖြတ်ခံရခြင်းအတွက် တရားမျှတမှုဖော်ဆောင်ရမှာဖြစ်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်ဒီမိုကရက်တစ်တွေဟာ နိုင်ငံသားအားလုံးကို အေးချမ်းလုံခြုံတဲ့ အခြေအနေတွေကို အခိုင်အမာ တည်ရှိစေဖို့ ရုန်းကန်တည်ဆောက်နေကြတာဖြစ်တယ်လို့ဆို
📌 ၆။ အမေရိကန်ပြည်ထောင်စုရောက်သဘာဝတရားရိပ်သာ ဆရာတော် ကို မြန်မာကွန်မြူနတီအင်အားစုများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချ ဆန္ဒပြ
📌 ၇။ အခုဆက်လက်ပြီး စိုက်ပျိုးရေးသတင်းတစ်ပုဒ်ကိုတင်ပြပေးချင်ပါတယ်။မြန်မာ့ဆန်တင်ပို့မှုကာလတူ တင်ပို့ခဲ့တဲ့ပမာဏထက် တန်ချိန် သုံးသိန်းနီးပါးလျော့နည်းနေတဲ့သတင်းကို သတင်းထောက်မကြေးမုံကပေးပို့ထားပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စကစထုတ် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရက တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း ကြေညာ
ဇူလိုင် (၂၇) ရက်မှာ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၃ ကို အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဗဟိုဘဏ် ဥက္ကဋ္ဌ ဦးတင်ထွန်းနိူင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်းခံထားရသည့် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟိုဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည် ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။
အဆိုပါလုပ်ရပ်သည် အဖက်ဖက်က အကြပ်တည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုးအစားသစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုအဖြစ် ကျွန်ုပ်တို့မှတ်ယူတယ်လို့ ဆိုထားပါတယ်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖြစ်စေ၊ ယင်းအားဆက်ခံသော အဖွဲ့အစည်းတခုခုကဖြစ်စေ၊ ယင်း၏လက်အောက်ခံ အဖွဲ့အစည်းတခုခုကဖြစ်စေ ငွေစက္ကူအမျိုးအစားသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသော လုပ်ရပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။
တရားမဝင်ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်စေခြင်းသည် ကျွန်ုပ်တို့ ပြည်သူများ၏ လုပ်အားနှင့် ချွေးနှဲစာ စုဆောင်းငွေများကို တဖက်လှည့်ခိုးယူခြင်းပင် ဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံသည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် ယခင် မကြုံဖူးသည့် ပဋိပက္ခအန္တရာယ်၊ ဆင်းရဲမွဲတေမှုနှင့် ကပ်ရောဂါတို့ကို စုပြုံခံစားနေရချိန်၌ အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအပေါ် ထပ်မံ၍ ဒုက္ခအကြပ်အတည်း ဆိုက်ရောက် စေသည့် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေခြင်းသည် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်တယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေ မည့် နှစ်သောင်းကျပ်တန်ငွေစက္ကူများအား အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော အစိုးရ များက အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့်တရားမဝင်ငွေစက္ကူများအဖြစ်သတ်မှတ်ကြေညာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စုရောက် NUG ဝန်ကြီးများနဲ့ လူထုတွေ့ဆုံပွဲမှာ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ၂၅၀၀၀ ရရှိ
အမေရိကန်ပြည်ထောင်စုရောက် NUGဝန်ကြီးများနဲ့လူထုတွေ့ဆုံပွဲမှာ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ၂၅၀၀၀ ရရှိခဲ့တယ်လို့ ဇူလိုင်၂၇ ရက်မှာ DFW Myanmar Ethnic Community မှ ဦးဇာနည်ဝင်း ထံမှ သတင်းရရှိပါတယ်။
ဇူလိုင်လ (၁၆) ရက်က NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဝန်ကြီး ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့နဲ့လူထုတွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
Town Hall Meeting with Minsters of National Unity Government ပွဲဖြစ်မြောက်ရေးအတွက် နေရာထိုင်ခင််းအကူအညီများစွာပေးပါသော Chin Baptist Church, Lewisville,TX မှ Rev. Dr Chum Awi, Pastor Ni Thang, and church members များ၊ ကြွရောက်လာသော NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဝန်ကြီး ဦးထင်လင်းအောင်၊ ဒုဝန်ကြီး ဦးအောင်ကျော်မိုး၊ Lewisville City Mayor Gilmore၊ Saginaw City Manager Gabriel Reaume နှင့် တိုင်းရင်းသာညီအကိုမောင်နှစ်မများအားလုံးတို့အား Texas Myanmar Community မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်လို့ ဆိုပါတယ်။
========================
📌📌 ၃။ နိုင်ငံရေးအကျဉ်းသားများ မတရားသဖြင့် သတ်ဖြတ်ခံရခြင်းအတွက် တရားမျှတမှုဖော်ဆောင်ရမှာဖြစ်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို
ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသားများနဲ့ပတ်သက်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။
"အာဏာရှင်စနစ်အဆက်ဆက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေကို ဖိနှိပ်မှု၊ ဖမ်းဆီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကြောင့်မို့ နိုင်ငံရေးအကျဉ်းသားဆိုတာ အာဏာရှင်ကိုဆန့်ကျင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ အမြဲတမ်းရှိခဲ့တဲ့အရာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေရှိခြင်းက နိုင်ငံရေးလွတ်လပ်မှုတွေမရှိသေးဘူး၊ ဖိနှိပ်မှုတွေရှိတယ်ဆိုတဲ့သက်သေဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဖမ်းဆီးဖိနှိပ်မှုတွေမကဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်ပြောင်းမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထောင်ပြင်ပကို ခေါ်ထုတ်ပြီး လမ်းမှာ ထွက်ပြေးပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်မှုတွေဖြစ်ပွားနေတာတွေ့ရပါတယ်။ ဒါတွေကို ရှုတ်ချပါတယ်။ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုဖော်ဆောင်ရမှာဖြစ်ပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။
ဇွန်လ (၂၇) ရက်နေ့တွင် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့များတွင် ကိုခန့်လင်းနိုင် (ခ) ကိုခန့် (ခ) လက်ဝဲနှင့် ပြည့်ဖြိုးဟိန်း(ခ) ကိုပြည့်တို့၏ မိသားစုများထံသို့ ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိထံမှ ဇွန်လ (၂၇) ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၄/၂၀၂၃)ကို ဇူလိုင်လ ၂၆ ရက်တွင် ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား
ခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်ဒီမိုကရက်တစ်တွေဟာ နိုင်ငံသားအားလုံးကို အေးချမ်းလုံခြုံတဲ့ အခြေအနေတွေကို အခိုင်အမာ တည်ရှိစေဖို့ ရုန်းကန်တည်ဆောက်နေကြတာဖြစ်တယ်လို့ဆို
ဇူလိုင်လ နောက်ဆုံးပတ်မှာ NUG ချက်နိူင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်က အခုလိုဆိုထားပါတယ်။
"အကြမ်းဖက် စစ်အုပ်စုဟာ နိုင်ငံသူ နိုင်ငံသားတွေကို ရန်သူလို သဘောထားပြီး ငါတို့ အာဏာမြဲဖို့ ဒီအာဏာကို အလွဲသုံးစားနဲ့ လုပ်ပိုင်ခွင့် ရောင်းစားတဲ့ အခွင့်အရေးအသုံးချဖို့ပဲသိနေတဲ့ အချိန်မှာ သူ့နောက်လိုက်တွေက ပြည်သူကို အမျိုးမျိုး ဒုက္ခပေးဖို့နဲ့ လာဘ်ယူပြီး နှိပ်စက်မယ်ဆိုတဲ့ အသိပဲ ရှိကြတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရကတော့ ဒီလို မဟုတ်ဘူး။ ပြည်သူကို အထိအခိုက်အနည်းဆုံးနဲ့ တော်လှန်ရေးအောင်ဖို့၊ တော်လှန်ရေးဆိုတာ စစ်မိစ္တာတွေ မြန်မာ့နိုင်ငံရေးမှာ အဆုံးသတ်ဖို့ပဲ။ ပြီးတော့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်ဒီမိုကရက်တစ်တွေဟာ နိုင်ငံသားအားလုံးကို ကျောသားရင်သားမခွဲခြားပဲ အေးချမ်းလုံခြုံတဲ့ ဘဝတွေ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့ အခြေအနေတွေကို အခိုင်အမာ တည်ရှိစေဖို့ ရုန်းကန်တည်ဆောက်နေကြတာဖြစ်တယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ နယ်မြို့များမှာ အရပ်သားနဲ့ကာကွယ်ရေးတပ်ဖွဲ့များကို ခွဲ ခြားခြင်းမရှိတော့ဘဲ အရပ်သားများကိုပါ သတ်ဖြတ်လျက်ရှိနေပါတယ်။
========================
📌📌 ၆။ အမေရိကန်ပြည်ထောင်စုရောက်သဘာဝတရားရိပ်သာ ဆရာတော် ကို မြန်မာကွန်မြူနတီအင်အားစုများက ဝိုင်းဝန်းကန့်ကွက်ရှုတ်ချ ဆန္ဒပြ
ဇူလိုင် (၂၇) ရက် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကို ဘေးဧရိယာ နယူးဝပ်စျေးကြီး၏ ကားရပ်ကွင်းမှာ မြန်မာများက အမေရိကန်ပြည်ထောင်စုရောက်သဘာဝတရားရိပ်သာ ဆရာတော် ကို ၃နာရီကြာ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။
စကစ၏ ဘုန်းကြီး သဘာ၀ရိပ်သာသင်္ကန်းဝတ်တဦးက အလှူခံဖို့ ကြိုးစားရာမှာ ဘေးဧရိယာ မြန်မာများက ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချ ဆန္ဒပြကြလို့ ၃ နာရီလောက် ကားထဲက မထွက်ရဲဘဲနေခဲ့ကြတယ်လို့ ဆန်ဖရန်စ္စကို ဘေးဧရိယာမှ ဒေသခံတစ်ဦးက အတည်ပြုဆိုပါတယ်။
အဆိုပါ ကန့်ကွက်ဆန္ဒထုတ်ဖော်ရာတွင် စစ်မိစ္ဆာ ထောက်ခံသည့် သက်န်းခြုံ အလိုမရှိ စတဲ့ကြွေးကြော်သံများနဲ့အတူ ဘန်နာများကိုင်စွဲကာ မြန်မာအင်အားစုများက လှုပ်ရှားခဲ့ကြပြီး အဆိုပါ ဆရာတော်ပါသည့် ကားမှာ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်။
သန်လျင်သဘာ၀တရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ နာယက ဦးတင်ဦးအား ဇွန်လ ၈ ရက် နေ့လယ် ၂ နာရီခန့်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ရွှေတောင်ကြားရပ်ကွက် ၊ ဗောဓိရိပ်သာလမ်းနေအိမ်၌ သွားရောက်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးမှစွန့်လွှတ်၍ လက်ရှိမြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ငြိမ်းချမ်းရန် ငြိမ်းချမ်းရေးတွင် ဦးဆောင်သင့်ကြောင်း ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌 ၇။ အခုဆက်လက်ပြီး စိုက်ပျိုးရေးသတင်းတစ်ပုဒ်ကိုတင်ပြပေးချင်ပါတယ်။မြန်မာ့ဆန်တင်ပို့မှုကာလတူ တင်ပို့ခဲ့တဲ့ပမာဏထက် တန်ချိန် သုံးသိန်းနီးပါးလျော့နည်းနေတဲ့သတင်းကို သတင်းထောက်မကြေးမုံကပေးပို့ထားပါတယ်။
စစ်ကောင်စီက အခုနှစ်ဆန်တင်ပို့မှုကို ပုံမှန်အခြေနေပြန်ရောက်အောင်ရည်မှန်းထားပေမယ့် ဆန်တင်ပို့မှုက တိုးတက်မလာပဲ ၃လတာကာလတူချင်းနှိုင်းယှဉ်ပါက တန်ချိန် ၃ သိန်းလောက်လျော့နည်းနေပြီး အဲ့ဒီကနေရရှိမယ့် တန်ဖိုးကလည်း အမေရိကန်ဒေါ်လာ ၇၁သန်းလောက်လျော့နည်းနေပါတယ်။ ဆန်တင်ပို့မှုလျော့ကျရာမှာ နယ်စပ်ကတစ် ဆင့်ဆန်ကုန်သွယ်ရေးလုပ်ငန်းမှာ ပို့ကုန်ရငွေအပြင် ဆန်ဖိုးကြိုတင်ပေးချေထားတဲ့ နိုင် ငံခြားငွေတွေကိုပါ စစ်ကောင်စီကသတ်မှတ်ထားတဲ့နှုန်းထားအတိုင်းလဲလှယ်ဖို့ ကြေငြာပြီးတဲ့နောက် ဆန်တင်ပို့မှုတွေ တရှိန်ထိုးကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကို နယ်စပ်ဆန်တင်ပို့သူတစ်ဦးကအခုလိုပြောပါတယ်။
“ တို့နိုင်ငံက အခုလောလောဆယ်အရ တန်ဖိုးမြှင့်ထုတ်ကုန်မထုတ်နိုင်ပဲ ကုန်ကြမ်းကိုပဲ တင်ပို့ရောင်းချတဲ့နိုင်ငံဖြစ်တယ်။ ကုန် ကြမ်းရောင်းတဲ့နိုင်ငံဖြစ်တဲ့အတွက် ဆန်ကလုပ် တဲ့မုန့်လေးတွေထုတ်မယ်ဆိုရင် ဘယ်နိုင်ငံဖြစ်ဖြစ်ပို့လို့ရတယ်။ အခုက ကုန်ကြမ်း ကိုပဲပို့ တာဖြစ်တဲ့အတွက် နယ်စပ်ကုန် သွယ်ရေးကိုတော့အဓိကထားရမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပို့ဆောင်ဆက်သွယ်ရ တဲ့လမ်းကြောင်းတိုတယ်။ အဲ့ဒီလမ်းကြောင်း တစ် လျှောက်လုံးမှာရှိတဲ့အလုပ်သမားတွေ လယ်သမားတွေ ကားသမားတွေ၊ မော်တော်သ မားတွေအကုန်လုံးအလုပ်ဖြစ်တဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကိုပဲ အဓိကထား ရမှာပေါေ့နာ်။
အခုအတိုင်းကျတော့ နယ်စပ် ကုန်သွယ်ရေးက တစ်လအတွင်း ၆၅၊ ၃၅သတ်မှတ်တဲ့ကာလအတွင်းနယ်စပ် ကုန်သွယ်ရေးအတော်ကိုကျသွားတယ်”
နယ်စပ်လမ်းကြောင်းကနေဆန်တင်ပို့တဲ့လုပ်ငန်းမှာ ဆန်ကရတဲ့နိုင်ငံခြားဝင်ငွေကို သတ်မှတ်နှုန်းထားအတိုင်းလဲလှယ်ဖို့ ကြေငြာလိုက်ပြီးတဲ့နောက် ဆန်တင်ပို့မှုတွေ သိသိသာသာလျော့ကျသွားခဲ့ပါတယ်။ ကြေငြာချက်မထုတ်ပြန်ခင် ၂၀၂၃ခုနှစ်၊ ဖေဖေါ်ဝါရီလ မှာ နယ်စပ်ကုန်သွယ်ရေးကနေ ဆန်တင်ပို့မှုပမာဏကတန်ချိန်ငါးသောင်းသုံးထောင် ကျော်ကနေ မတ်လကိုအရောက်မှာ တန်ချိန် ၂၇၀အထိကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ နွေစပါးရာသီကစလို့ ဓာတ်မြေသြဇာဈေး တွေအဆမတန်တောက်လျှောက်မြင့်တက်ခဲ့ပါတယ်။ ဒါ့ကြောင့် ဈေးကြီးတဲ့သွင်းအားစု တွေကို လျှော့သုံးရတဲ့အတွက် စပါးအထွက်တောက်လျှောက် ကျဆင်းခဲ့တဲ့အပြင် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်လည်း လယ်ယာလုပ်ငန်းကိုစွန့်ခွာရတာတွေရှိပါ တယ်။ ဒါကြောင့် ဆန်ထွက်ရှိမှုတောက်လျှောက်ကျလာပြီး ဆန်တင်ပို့မှုပမာကိုလျှော့ချ ရည်မှန်းရတဲ့အခြေအနေကို ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ ပုံမှန်အားဖြင့်တော့ ၂.၅၊ ၂.၄ အဲ့ ဝန်းကျင်မှာတော့ တောက်လျှောက်၊ နှစ် သန်းခွဲဝန်းကျင်လျာထားတာပေါ့။ ဒါမယ့် ပြီးခဲ့တဲ့ နှစ်မှာတော့ ၂.၂လောက်တင်မယ်လို့ လျာထားတာရှိတယ်။ ဒီစပါးထွက်ရှိမှုအခြေအနေတွေ၊ ဈေးနှုန်းတွေ ကြီးမြင့်လာမှု အနေ ထားတွေ၊ နောက် ငွေလဲနှုန်းအနေထားတွေစသည်ဖြင့်ပေါ့၊ အဲ့လိုမျိုးနည်းနည်းလေး ၂.၂ လောက်လျာထားတာပေါ့၊ လျာထားတော့ တစ်လအလို ဖေဖေါ်ဝါရီလအထိဆို ၂သန်း လောက်ရောက်သွားပြီ၊ ရောက်သွားတော့ရည်မှန်းချက်အထိ ရောက်လားမရောက်လားဆိုတာက ပြောလို့မရတော့ဘူး။
လတ်တလောမှာ စစ်ကောင်စီက ပြည်တွင်းဆန်ဖူလုံရေးအတွက် ဦးစားပေးဆောင်ရွက် နေသလို နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ဆန်တင်ပို့မှုကိုလည်း အာရုံ စိုက် နေပါတယ်။ ဒါကြောင့် ဆန်သိုလှောင်မှု သတင်းအချက်အလက်တွေကို ဥပဒေပြ ဌာန်းပြီးကောက်ယူဖို့ ကြိုးစားနေသလို စပါးအထွက်တိုးဖို့ကိုလည်း မူဝါဒတွေချမှတ် နေ ပေမယ့် သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကိုကာလတိုအတွင်းအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ မလွယ်ကူဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment