29th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကရင်နီပြည်နယ်ကဲ့သို့ ရုန်းထမှုမျိုးနဲ့ တစ်နိုင်ငံလုံးရုန်းထပါက အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်း ပြိုလဲအောင် လုပ်နိုင်ကြမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာ မကြာခင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တွေ အတွက်စံနမူနာကောင်းတစ်ခုလို့ ဝန်ကြီးချုပ်ဆို

📌 ၃။ နွေဦးတော်လှန်ရေးကိုမျက်ခြေမပြတ်ဖို့ ပိုအရေးကြီးတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးကျင်းပ

📌 ၅။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခွန်းစောဖူးအား ခန့်အပ်တာဝန်ပေး

📌 ၆။ Force for Federal Democracy (F.F.D) မှ ညီနောင်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ၆လတာ စစ်ရေးလှုပ်ရှားမှုတွင် ရန်သူ့စခန်း၅ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး ရန်သူ ၁၈၀မှ ၂၅၀ကြား အထိအခိုက်အကျအဆုံးရှိခဲ့

📌 ၇။ "ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် -၁၉ () နှစ်ပြည့်အခမ်းအနား"ကရင်နီပြည် တစ်နေရာတွင်ကျင်းပ

📌 ၈။ ပုလဲမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကျွန်းဘိုကုန်းကျေးရွာနဲ့ လှော်ကားကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်အဖိုးတန်ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့

📌 ၉။ လွှတ်တော်ကိုယ်စားလှယ် (၁၂၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး  (၈၈) ဦးမှာ လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရဆဲဖြစ်

📌 ၁၀။ ကိုရီးယားမှာကျင်းပတဲ့ စစ်ဘေးရှောင်ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲမှ မြန်မာငွေ သိန်း၁၅၀ ၀န်းကျင် မြန်မာပြည်သူတွေအတွက် ထောက်ပံ့ဖို့ရန်ပုံငွေ ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကရင်နီပြည်နယ်ကဲ့သို့ ရုန်းထမှုမျိုးနဲ့ တစ်နိုင်ငံလုံးရုန်းထပါက အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်း ပြိုလဲအောင် လုပ်နိုင်ကြမှာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဇူလိုင်၂၈

ဇူလိုင်၂၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် / ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)တို့အကြား ညှိနှိုင်းအစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားပါတယ်။


"အခု ကရင်နီပြည်နယ်အနေနဲ့လည်း လူထုအားကို အခြေပြုပြီး တော်လှန်ရေးအင်အားစုအားလုံးနဲ့ ဝိုင်းဝန်း ညှိနှိုင်းလုပ်ဆောင်ကြတဲ့အခါ အခုလို အောင်မြင်မှုရလဒ်တွေကို အထင်အရှားတွေ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီပြည်နယ်အတွင်းက တော်လှန်ရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ရေးခေါင်းဆောင် အားလုံးရဲ့ အမြော်အမြင်နဲ့ ကိုယ်စွမ်းကိုယ်စတွေဟာ လက်ရှိ အောင်မြင်မှု ရလဒ်တွေကို ထုဆစ်ပုံဖော်တဲ့ အခြင်းအရာတွေ ဖြစ်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကရင်နီပြည်နယ်ရဲ့ ရုန်းထမှုတွေကို အမြဲတမ်းလိုလို ကြည့်မြင်နေရပါတယ်။ ဒီလို ကြည့်တိုင်း မြင်တိုင်းလည်း ဝမ်းသာပီတိဖြစ်ရသလို၊ အားရတယ်လို့ ပြောရပါလိမ့်မယ်။ ငါတို့ တစ်နိုင်ငံလုံး ဒီလို ရုန်းထမှုမျိုးနဲ့ တစ်ချီ နှစ်ချီလောက် ရုန်းထလိုက်ကြရင်ဖြင့် အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်း ပြိုလဲအောင် လုပ်နိုင်ကြမှာ အသေအချာပဲလို့ စိတ်ထဲမှာ မကြာခဏ ပြောနေမိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ ပေါ်ပေါက်လာတာဟာ တခြားသော ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေအတွက် ပထမဆုံး စံနမူနာပြုစရာတွေ ဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၂။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာ မကြာခင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တွေ အတွက်စံနမူနာကောင်းတစ်ခုလို့ ဝန်ကြီးချုပ်ဆို


ဇူလိုင်၂၈ရက်

ဇူလိုင်၂၈ရက်မှာ ကျင်းပတဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC), ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) & ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောပါတယ်။


"ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ကြီးမားတဲ့ အထောက်အပံ့တစ်ခု ဖြစ်ပြီး နောင်မကြာခင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့တွေအတွက်လည်း စံနမူနာကောင်းတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)  နဲ့အမျိုးသားညီညွတ်ရေးအစိုးရဟာပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခဲ့မှုတွေ  အားကောင်းခဲ့တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားစာနာကိစ္စ၊ Defection ကိစ္စများပါ မကျန် ချိတ်ဆက် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးကိုမျက်ခြေမပြတ်ဖို့ ပိုအရေးကြီးတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


ဇူလိုင်၂၈ရက်

နွေဦးတော်လှန်ရေးကို မျက်ခြေမပြတ်ဖို့ ပိုအရေးကြီးတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင်၂၈ရက် လူမှုကွန်ရက်မှာ သုံးသပ်ပြောဆိုပါတယ်။


"သတင်းတွေကို မျက်ခြေမပြတ်ဖို့တော့ လိုတယ်။ မှန်ခြင်း မှားခြင်းထက် နိုင်ငံရေး အလှုပ် အရွေ့တွေ အကွက်ရွေ့ ကစားဖို့ အားထုတ်မှုတွေ ကြားမှာ သတင်းအချက်အလက် မှန်မှန်ကန်ကန် ရရှိ သုံးသပ်နိုင်ဖို့ကလည်း အတော်အရေး ကြီးပါတယ်။ ဒါ့ကြောင့်မျက်ခြေမပြတ်ဖို့ လိုပါတယ်။ ဒီထက်ပိုအရေးကြီးတာက တော်လှန်ရေး မျက်ခြေမပြတ်ဖို့က ပိုအရေးကြီးပါတယ်။ အရှိန်အဟုန် ရပ်တန့်မသွားဖို့ အရေးကြီးပါတယ်။ ပွဲ ကမပြီးသေးပါဘူး ရှေ့ဆက်ကြဖို့ပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့က စစ်တပ်က နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ရဲတပ်ဖွဲ့အစည်းအဝေးကျင်းပ


 ဇူလိုင်လ ၂၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရဲတပ်ဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၂၃)အား ဇူလိုင်၂၈ရက်က ကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ အဖွင့် အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ပြည်ထဲရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်နှင့် ဌာနကြီးမှူးများနှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးများမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုများနှင့် မြေပြင်အခြေအနေ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ အမြဲတမ်းအတွင်းဝန်မှ ဆွေးနွေး တင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းပေးခြင်းများပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ၊ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်၊ဌာနကြီးမှူးများနှင့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခွန်းစောဖူးအား ခန့်အပ်တာဝန်ပေး


ဇူလိုင်၂၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခွန်းစောဖူးအား ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။


ဇူလိုင်လ၂၈ရက်မှာ ကြေညာချက်အမှတ် (/၂၀၂၃)ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးထုတ်ပြန်ပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သည့်အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ခွန်းစောဖူးအား အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။


မကြာသေးမီကလည်း လူ့အခွင့်ရေး ဒုဝန်ကြီးအဖြစ် ဦးအောင်ကျော်မိုးကို ခန့်အပ်ခဲ့ပါသေးတယ်။


========================


📌📌 ၆။ Force for Federal Democracy (F.F.D) မှ ညီနောင်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ၆လတာ စစ်ရေးလှုပ်ရှားမှုတွင် ရန်သူ့စခန်း၅ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး ရန်သူ ၁၈၀မှ ၂၅၀ကြား အထိအခိုက်အကျအဆုံးရှိခဲ့


ဇူလိုင်၂၈

Force for Federal Democracy (F.F.D) မှ ညီနောင်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ၆လတာ စစ်ရေးလှုပ်ရှားမှုတွင် ရန်သူ့စခန်း၅

ခုကို သိမ်းဆည်းနိုင်ခဲ့ပြီး ရန်သူ ၁၈၀မှ ၂၅၀ကြား အထိအခိုက်အကျအဆုံးရှိခဲ့တယ်လို့ ဇူလိုင်၂၈ရက်မှာ Force for Federal Democracy (F.F.D)က အသိပေးဆိုပါတယ်။


Force for Federal Democracy (F.F.D) သည် ညီနောင်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ စစ်ဆင်ရေးပေါင်းများစွာ ပူးတွဲလုပ်ဆောင်လျှက်ရှိသော လက်ရုံးတပ်ဖွဲ့ဖြစ်သည်။ Drone ဖြင့် ဝေဟင်မှတိုက်ခိုက်ခြင်း၊ ဝေဟင်နှင့် မြေပြင်ပူးတွဲ ချေမှုန်းခြင်းနှင့် တာဝေးပစ်ဒုံးများဖြင့် လျှပ်တပြတ် တိုက်ခိုက်ခြင်း စသည့်စစ်ဆင်ရေးပေါင်းများစွာကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ၆လတာစစ်ရေးလှုပ်ရှားမှုများကို  KNLA စစ်ရေးဦးဆောင်မှု၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စီမံခန့်ခွဲမှုတို့ဖြင့် မဟာမိတ် ပူးပေါင်းတပ်များနှင့်အတူ FFD တိုက်ခိုက်ရေး Squad များမှ ဆင်နွှဲတိုက်ခိုက်ခဲ့သော စစ်ဆင်ရေးများဖြစ်ပါတယ်။ 


ပူးပေါင်းတိုက်ခိုက်ခဲ့သော မဟာမိတ်တပ်များမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ- KNPLF)နှင့် ကရင်နီတပ်မတော်(KA)တို့အပြင် အခြား တော်လှန်ရေးအင်အားစုများလည်း ပါဝင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ "ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် -၁၉ () နှစ်ပြည့်အခမ်းအနား"ကရင်နီပြည် တစ်နေရာတွင်ကျင်းပ


ဇူလိုင်လ (၂၈) ရက်

၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၇) ရက်တွင် ကျရောက်ခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ (KNDF B-19) ၂နှစ်ပြည့်အခမ်းအနားကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ KNDF B19ကဆိုပါတယ်။


အခမ်းအနားတွင် ကရင်နီအမျိုးသားများတပ်ဦးအလံအား အလေးပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်းတွင် ကျဆုံးခဲ့ရသော ရဲဘော်များအား အလေးပြုခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရူံးခဲ့ရသော ရဲဘော်များအားဂုဏ်ပြုခြင်းများပြုလုပ်ခဲ့ပါတယ်။


ထို့နောက်တွင် တပ်ရင်းမှူး၊ ဒုရင်းမှူး၊တပ်ထိန်းနှင့် ဧည့်သည်တော်များမှအမှာစကားပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ပုလဲမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကျွန်းဘိုကုန်းကျေးရွာနဲ့ လှော်ကားကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်အဖိုးတန်ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့


ဇူလိုင်၂၈

ဇူလိုင်လ၂၈ရက်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ပုလဲနယ်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုပါတယ်။


"ပုလဲမြို့ပေါ်ညအိပ်တပ်စွဲခဲ့သည့် စကစစစ်ကြောင်းဟာ၂၈ရက် မနက်၆:၀၀နာရီခန့်မှ စတင်ပြီး ပုလဲတောင်ပိုင်း‌ရွာများဆီ ဦးတည်ထွက်လာပြီး :၀၀နာရီအချိန်ခန့်တွင် ကျွန်းဘိုကုန်းကျေးရွာသို့ဝင်ရောက်ပြီး ပြည်သူပိုင် အဖိုးတန်ပစ္စည်းများ လုယက်ယူဆောင်သွားခဲ့ကြပါတယ်"လို့ဆိုပါတယ်။


အလားတူစကစစစ်ကြောင်းဟာ လှော်ကားကျေးရွာသို့ :၃၀နာရီအချိန်ခန့်တွင် ဝင်ရောက်ပြီး နေ့လည်၁၂:၃၀နာရီခန့်တွင် အင်မထီးပျူစောထီးရွာမှ ပျူစောထီးများမှ စစ်ကြောင်းအမှီပြုပြီး လှည်းများဖြင့် ရောက်လာ၍ လှော်ကားကျေးရွာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုးယူခဲ့တယ်လို့သတင်းရရှိပါတယ်။


စကစစစ်ကြောင်းဟာ နွယ်ရှောက်-အင်ကြင်းစု-လှော်ကား ကျေးရွာများကြားတွင် ဒေသခံပကဖတပ်ဖွဲ့များ၊တပ်ရင်းတပ်ဖွဲ့များမှ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းဖြင့် နာရီဝက်ခန့် တိုက်ပွဲပြင်းထန်ခဲ့ကြပြီး စကစများဘက်မှ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်။


အဆိုပါစစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကံကြီး၊ ညောင်ကုန်း၊ ဖိုကုန်း၊ ကံပေါက်၊ မကျီးခွ၊ ဇောင်ချမ်းကုန်း၊ ကျွန်းဘိုကုန်း၊ နွယ်ရှောက်၊လှော်ကား၊ အင်ကြင်းစု၊ ပန်းရွာ၊ တနယ် ကျေးရွာများရှိ ပြည်သူ ၂သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


📌📌 ၉။ လွှတ်တော်ကိုယ်စားလှယ် (၁၂၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး  (၈၈) ဦးမှာ လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရဆဲဖြစ်


ဇူလိုင်၂၈

ဇူလိုင်၂၈ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ လွှတ်တော်ကိုယ်စားလှယ် (၁၂၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး (၈၈) ဦးမှာ လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အသိပေးဖော်ပြပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့အထိ   လွှတ်တော်ကိုယ်စားလှယ် (၁၂၈) ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။ ထို (၁၂၈) ဦးအနက် အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံတရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၅၄) ဦး အပါအဝင် (၈၈) ဦးမှာ လက်ရှိအချိန်ထိ အကျဉ်းထောင်များ၌ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ဆိုပါတယ်။


ထို (၅၄) ဦးတွင် ထောင်ဒဏ်တစ်ကြိမ်ထက်ပို၍ အမိန့်ချမှတ်ခံရသူ (၂၄) ဦး ပါဝင်ခဲ့ပါတယ်။


ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို မြောင်းမြထောင်တွင်း ခရိုင်တရားရုံးက ၂၀၂၃ ခုနှစ်၊ ဧပြီလ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ () ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့ပါတယ်။


ဦးဝေလင်းအောင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပြီးဖြစ်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၈ နှစ် ချမှတ်ခံထားရပါတယ်။


========================


📌📌 ၁၀။ ကိုရီးယားမှာကျင်းပတဲ့ စစ်ဘေးရှောင်ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲမှ မြန်မာငွေ သိန်း၁၅၀ ၀န်းကျင် မြန်မာပြည်သူတွေအတွက် ထောက်ပံ့ဖို့ရန်ပုံငွေ ရရှိခဲ့


ဇူလိုင်၂၈

တောင်ကိုရီးယားမှာ ကျင်းပတဲ့ စစ်ဘေးရှောင်ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲမှ မြန်မာငွေ သိန်း၁၅၀ ၀န်းကျင် မြန်မာပြည်သူတွေအတွက် ထောက်ပံ့ဖို့ရန်ပုံငွေ ရရှိခဲ့တယ်လို့ ဇူလိုင်၂၈ရက်မှာ KTJ Support groupက အသိပေးဆိုပါတယ်။


"တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ"ဟာ အလွန်အရေးပါ ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တောင်ကိုရီးယားမှာရှိတဲ့ စစ်ဘေးရှောင်ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ အမျိုးသမီး ၆၀ ၀န်းကျင် ပါ၀င်ယှဥ်ပြိုင်ခဲ့ပါတယ်။ အမျိုးသား ၆၀ ကျော်လည်း အားဖြည့်ပါ၀င်ခဲ့ပါတယ်။ ရန်ပုံငွေ ဘောလုံးပွဲစဥ်ကျင်းပအပြီးမှာ ကုန်ကျစရိတ်နှုတ်ပြီး 7136100 ၀မ်၊ မြန်မာငွေ သိန်း၁၅၀ ၀န်းကျင် မြန်မာပြည်သူတွေအတွက် ထောက်ပံ့ဖို့ရန်ပုံငွေ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


ရန်ပုံငွေရှာဖွေတဲ့ဘောလုံးပြိုင်ပွဲအား ပါ၀င်ယှဥ်ပြိုင်ကြတဲ့၊ လာရောက်၀န်းရံပေးကြတဲ့၊ ရန်ပုံငွေရှာဖွေပေးကြတဲ့ အားပေး၀န်းရံကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိတယ်လို့ဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment