၂၀၂၃ သြဂုတ်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာပြည်သူများ မိမိ သဘောဆန္ဒအလျောက်၊ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့်နေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် အခြေအနေများကို ဖန်တီးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
📌 ၂။ အမေရိကန်အစိုးရရဲ့ပိတ်ဆို့အရေးယူမှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆို
📌 ၃။ တပ်မ ၃၃ က မြစ်ကြီးနား-ဖါးကန့်လမ်းပေါ်ရှိ နမ်ယာရွာမှ လူအယောက် ၁၀၀ ကို ရွေးထုတ်ကာ အထမ်းသမားအဖြစ် ခေါ်ဆောင်သွား
📌 ၄။ ရိုဟင်ဂျာလူမျိုးစုများအပေါ်ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး UK သံရုံးအကြီးအကဲထုတ်ပြန်
📌 ၅။ တပ်ရင်းတပ်ဖွဲ့များထံသို့ ပေးပို့လှုဒါန်းသူ ပြည်သူများထံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ (၁၆၉၄) စောင် ပြန်လည်ပေးအပ်ခဲ့
📌 ၆။ ဦးပိုင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ပျူ ၁၄ ဦးကို ကာကွယ်ရေးတပ်များဖမ်းဆီးရမိ၍ မြို့နယ် ပလဖ ထံသို့လွှဲပြောင်းအပ်နှံခဲ့
📌 ၇။ ရေစကြိုနယ် ဂွေးချို ပျူရွာနှင့် ဆင်ချောင်း ပျူရွာအကူး လမ်းတစ်နေရာတွင် စကစရဲ့ပျူကားကိုကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့
📌 ၈။ ပဲခူးရိုးမအတွင်း ကင်းထောက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့
📌 ၉။ “NUGPay In-App Message Feature ကို Andriod ဖုန်းတွေမှာ ရယူလို့ရပြီဖြစ်ကြောင်းအသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာပြည်သူများ မိမိ သဘောဆန္ဒအလျောက်၊ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့်နေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် အခြေအနေများကို ဖန်တီးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
ဩဂုတ်လ ၂၅ ရက် က ထုတ်ပြန်တဲ့ "၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇဝတ်မှုများ၏ ဆဌမနှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်" မှာ အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုထုတ်ပြန်ဖော်ပြထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူဝါဒသဘောထားနှင့်အညီ ရိုဟင်ဂျာပြည်သူများနှင့် နေရပ်စွန့်ခွာနေရသော ပြည်သူများ မိမိ သဘောဆန္ဒအလျောက်၊ လုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် နေရပ်ပြန်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည့် အခြေအနေများကို ဖန်တီးဆောင်ရွက် လျက်ရှိပါတယ်"လို့ဆိုပါတယ်။
၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ အင်အားသုံး သတ်ဖြတ်ခဲ့မှုကြောင့် ထောင်နှင့် ချီသော ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ရပြီး
ရိုဟင်ဂျာပြည်သူ တစ်သန်း ကျော်မှာ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် ကျပ်တည်းဆင်းရဲစွာ နေထိုင်နေကြရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်မှ ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ ပြုမူခဲ့သော ရာဇ ဝတ်မှုများ၏ ဆဌမနှစ်ပတ်လည်နေ့ကို ဝမ်းနည်းမှုများစွာဖြင့် အထိမ်းအမှတ်ပြုပါတယ်လို့လည်း ဆိုထားပါတယ်။
========================
📌📌 ၂။ အမေရိကန်အစိုးရရဲ့ပိတ်ဆို့အရေးယူမှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆို
သြဂုတ်လအတွင်း စစ်ကောင်စီအပေါ် လေယာဥ်ဆီတင်သွင်းသည့် လူပုဂ္ဂိုလ်နှင့် ကုမ္မဏီများအရေးယူမှုအပေါ် အမေရိကန်အစိုးရကအရေးယူပိတ်ဆို့မှုအားကြိုဆိုတယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဆိုလိုက်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ သည် မြန်မာ့စီးပွားရေး၏ လေယာဉ်ဆီကဏ္ဍတွင် လုပ်ကိုင်နေသောသူတစ်ဦးချင်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။လွန်ခဲ့သည့်လပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုကို စစ်အာဏာရှင်များကရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၃ မေလ ၃၁ ရက်နေ့အထိ အရပ်သားပစ်မှတ်များကို ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၆၀ ကျော် ပြုလုပ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့ (Shoon Energy) ကုမ္ပဏီနဲ့ ယင်းကုမ္ပဏီရဲ့ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်းတို့အပြင် အမေရိကန် အစိုးရက အရင်ကတည်းက ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်တဲ့ (Asia Sun) ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ပေါင်း ၁၁ ခုရဲ့ ပိုင်ရှင် ဖြစ်တဲ့ ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထပ်မံ ထည့်သွင်းလိုက်ကြောင်းသြဂုတ်လ၂၃ ရက်မှာ အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်ခဲ့ပါတယ်။
========================
📌📌 ၃။ တပ်မ ၃၃ က မြစ်ကြီးနား-ဖါးကန့်လမ်းပေါ်ရှိ နမ်ယာရွာမှ လူအယောက် ၁၀၀ ကို ရွေးထုတ်ကာ အထမ်းသမားအဖြစ် ခေါ်ဆောင်သွား
စစ်ကောင်စီတပ်မ ၃၃ က မြစ်ကြီးနား-ဖါးကန့်လမ်းပေါ်ရှိ နမ်ယာရွာမှခရီးသွားများ၊ စစ်ဘေးရှောင်များ၊ ရွာသားများထဲမှ အရွယ်ကောင်း အယောက် ၁၀၀ ကိုရွေးထုတ်ကာ အထမ်းသမား အဖြစ်ခေါ်ဆောင်သွားတယ်လို့ သြဂုတ်လ၂၅ ရက်မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က အသိပေးပြောပါတယ်။
"စကစ တပ်မ ၃၃ တွေ မြစ်ကြီးနား-ဖါးကန့်လမ်းပေါ်ရှိ နမ်ယာ ဆိုတဲ့ရွာမှာ ခရီးသွားများ၊ စစ်ဘေးရှောင်များ၊ ရွာသားများထဲမှ အရွယ်ကောင်း အယောက် ၁၀၀ ရွေးထုတ်ပြီး အထမ်းသမား အဖြစ်သော်လည်းကောင်း၊ လူသားဒိုင်းအဖြစ်သော်လည်းကောင်း အသုံးချဖို့ ခေါ်သွားကြောင်းသိရပါတယ်။ ခရီးသွားများအနေဖြင့် လမ်းခုလတ်နေရာမှာ ကိုယ့်ပစ္စည်း အားလုံးထားခဲ့ရပြီး လူလွတ်ခေါ်သွားကြောင်းလဲ သိရပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နယ်မြို့များမှာ အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်၍ လူသားဒိုင်းများအဖြစ် အသုံးချလျက်ရှိပါတယ်။
========================
📌📌 ၄။ ရိုဟင်ဂျာလူမျိုးစုများအပေါ်ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး UK သံရုံးအကြီးအကဲထုတ်ပြန်
သြဂုတ်လ၂၅ ရက်မှာ UK သံရုံး (ရန်ကုန်) ရဲ့အကြီးအကဲက Ken O’Flaherty က အခုလိုထုတ်ပြန်ပါတယ်။
"ရိုဟင်ဂျာလူမျိုးစုများအပေါ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကို ယူကေနိုင်ငံအနေနဲ့ မည်သည့်အခါမှ မေ့လျော့မှာ မဟုတ်ပါဘူး။ တရားမျှတမှုနဲ့ တာဝန်ခံမှုများအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုများကိုလည်း ကျွန်တော်တို့အနေနဲ့ ဆက်လက်ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာလူမျိုးစုများကို ကာကွယ်ပေးဖို့နဲ့ ၄င်းတို့ရဲ့အခွင့်အရေးများကို မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ပါဝင်လာနိုင်ရေးအတွက် ကျွန်တော်တို့ ဆက်လက် ထောက်ခံကူညီပေးသွားမှာ ဖြစ်ပါတယ်။" လို့ သံရုံးအကြီးအကဲက ဆိုပါတယ်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမှုအသိုက်အဝန်းများအပေါ် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အလွန်ဆိုးရွားတဲ့တိုက်ခိုက်မှုများဟာ ၆ နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ တပ်ရင်းတပ်ဖွဲ့များထံသို့ ပေးပို့လှုဒါန်းသူ ပြည်သူများထံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ (၁၆၉၄) စောင် ပြန်လည်ပေးအပ်ခဲ့
၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်ပေးအပ်သည့် ဌာနအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာထုတ်ယူမှု စာရင်းချုပ်ကို ပြည်သူလူထုသိစေရန် သြဂုတ်လ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း စုစုပေါင်း ခန့်မှန်း အမေရိကန်ဒေါ်လာ (၆၇၅၈၈၃.၃၄) တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိခဲ့ပြီး ပေးပို့လှုဒါန်းသူ ပြည်သူများထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ (၁၆၉၄) စောင် ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပေးပို့လှုဒါန်းသူ ပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အစစ်/အတု စစ်ဆေးရန် တိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ဆေးရာတွင် ပြုလုပ်ရမည့် နည်းလမ်းများမှာအလှုရှင်များအနေဖြင့် မိမိတို့လက်ခံရရှိလာသည့် ဂုဏ်ပြုမှတ်တမ်းလွှာတွင် ပါဝင်သော QR Code ကို Scan ဖတ်ပြီး Scan ဖတ်ချိန်တွင် ပေါ်လာသော URL Link verify.modnug.org ဟုတ်/မဟုတ် စစ်ဆေးရန်လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ဦးပိုင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ပျူ ၁၄ ဦးကို ကာကွယ်ရေးတပ်များဖမ်းဆီးရမိ၍ မြို့နယ် ပလဖ ထံသို့လွှဲပြောင်းအပ်နှံခဲ့
ဦးပိုင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ လာရောက်သော ပျူ ၁၄ ဦးကို ကာကွယ်ရေးတပ်များဖမ်းဆီးရမိ၍ မြို့နယ် ပလဖ ထံသို့လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ၂၄ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်မှာ စစ်ကိုင်းတိုင်ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်း လမ်းပိုင်းတနေရာမှာ ပျူများကို ဖမ်းမိခဲ့တာလို့ တော်လှန်ရေးအင်အားစုက ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်နှင့် ပူးတွဲဆောင်ရွက်နေသော တရုတ်၊ ဦးပိုင်ကြေးနီစီမံကိန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် သင်တန်းဆင်း ပြည်သူ့စစ် (ပျူစောထီး ၁၄ ဦး၊ ကုမ္မဏီအတွင်း ရောက်လျှင် သင်တန်းထပ်မံတက်ရောက်ရမည်ဟု ထိုသူများ၏ ထွက်ဆိုချက်) အား လမ်းပိုင်းတနေရာတွင် ULF အဖွဲ့ဝင် Alpha Column တပ်ခွဲ (၁) Alpha Special Force နှင့် တပ်ခွဲ (၃) Chindwin Galone Yarzar Guerrilla Defense Force မှ ရဲဘော်များက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၎င်း ပြည်သူ့စစ်(ပျူ) တရားခံများအား ဥပဒေကြောင်းအရလိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် မြို့နယ်ပလဖထံသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
========================
📌📌 ၇။ ရေစကြိုနယ် ဂွေးချို ပျူရွာနှင့် ဆင်ချောင်း ပျူရွာအကူး လမ်းတစ်နေရာတွင် စကစရဲ့ပျူကားကိုကာကွယ်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့
ရေစကြိုနယ် ဂွေးချို ပျူရွာနှင့် ဆင်ချောင်း ပျူရွာအကူး လမ်းတစ်နေရာတွင် စကစရဲ့ပျူကားကို ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ရာပျူ ၆ ဦး သေဆုံးပြီး ကာဘိုင်သေနတ် ၅ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သြဂုတ်လ၂၅ ရက် စစ်ရေးသတင်းကို ရေစကြိုပကဖက အတည်ပြုဆိုပါတယ်။
"ရေစကြိုမြို့နယ်၊ နံနက် ၆ နာရီအချိန်ခန့်တွင် ဂွေးချိူ ပျူရွာမှ ပျူ ၆ ဦးကို ဂွေးချို ပျူရွာနှင့် ဆင်ချောင်း ပျူရွာအကူး လမ်းတစ်နေရာတွင်စောင့်ဆိုင်းကာ တိုက်ခိုက်နိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် ပျူစောထီး ၆ ဦးသေဆုံးပြီး ကာဘိုင် ၅ လက်၊ ကျည်ဘောက် ၈ ဘောက်နှင့် ကျည် ၁၀၆ တောင့်တို့အား သိမ်းယူရှိခဲ့ပါတယ်။
တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၈။ ပဲခူးရိုးမအတွင်း ကင်းထောက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ခဲ့
ပဲခူးရိုးမအတွင်း ကင်းထောက်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်ရာ (၄)ဦး သေဆုံး၍ ဆိုင်ကယ်(၃)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက သြဂုတ်လ၂၅ ရက်မှာ စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကြို့ပင်ဆိပ်ကျေးရွာဘက်မှ ပဲခူးရိုးမအတွင်း ကင်းထောက်ရန် ဆိုင်ကယ် (၃) စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် (၅) ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ မှ ရဲဘော် (၃) ဦး ဦးဆောင်သည့်အဖွဲ့က ဩဂုတ်လ(၂၃) ရက်နေ့ ညနေ (၃) နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး MA-4 ကိုင်ဆောင်ထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင် (၁)ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၉။ “NUGPay In-App Message Feature ကို Andriod ဖုန်းတွေမှာ ရယူလို့ရပြီဖြစ်ကြောင်းအသိပေး
NUGPay In-App Message Feature ကို Andriod ဖုန်းတွေမှာ ရယူလို့ရပြီဖြစ်ကြောင်းကို သြဂုတ်လ ၂၅ ရက်မှာ NUG Pay က ရှင်းလင်းအသိပေးဖော်ပြပါတယ်။
"NUGPay ရဲ့ လုပ်ငန်းစဉ်တွေ ရေးဆွဲကြတဲ့အခါ သမားရိုးကျမိုဘိုင်းပိုက်ဆံအိတ်တွေလို မဟုတ်ပဲ၊ တော်လှန်ပြည်သူတွေဆီ တိုက်ရိုက်အကျိုးရှိစေမယ့် နည်းပညာအသစ်တွေ ထည့်သွင်းဖို့ စီစဉ်ကြရပါတယ်။ ပြည်သူတွေရဲ့ ဝန်းရံမှုနဲ့ NUGPay သုံးစွဲသူတွေ များလာတဲ့ အခါ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ငွေကြေးစီးဆင်းရာ နေရာတစ်ခု ဖြစ်လာတဲ့ အခါမှာ အတွေးတစ်ခု ရခဲ့ကြပါတယ်။ တော်လှန်သူတွေရဲ့ နှလုံးသားတွေ နီးစပ်စေဖို့ပါပဲ။ NUGPay ရဲ့ in-App Message Feature အသစ်နဲ့ အတူ နတ်ပေးသုံးစွဲသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ သတင်းစကား စီးဆင်းစေမှာပါ"လို့ ဆိုပါတယ်။
NUGPay App ကနေ လက်ရှိလုပ်ဆောင်နေတဲ့ campaign တွေအကြောင်းသိရှိလာနိူင်ပြီး campaign တွေအတွက် NUGPay Application ထဲကနေပဲ လွယ်လွယ်ကူကူ ငွေလှူလို့ရလာမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment