12th SEP 2023 - Evening Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးဘူးလို့ ယာယီသမ္မတ ပြောကြား

📌 ၂။ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့အနေဖြင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးနှင့် Zoom Meeting မှတဆင့်တွေ့ဆုံမှု အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့

📌 ၃။ NUG/MOD အသိအမှတ်ပြုထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ တပ်မှူးတွေခန့်အပ်ခြင်းမပြုသေးဘဲတပ်ခွဲမှူး နဲ့ ယာယီတပ်ရင်းမှူးအဆင့်ပဲ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်အသိပေး

📌 ၄။ ဆက်သွယ်ရေးစနစ်အားကောင်းလာတာနဲ့အမျှ လူထုနှင့် ဗုံးကြဲခံရနိူင်တဲ့ စာသင်ကျောင်းတွေကိုကာကွယ်နိူင်ရုံသာမက  စစ်ဘက်ဆိုင်ရာ အကျိုးအမြတ်တွေလည်း အများကြီးရှိလာနိူင်တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြား

📌 ၅။ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စကစတပ်ရဲ့ ရေယာဥ် စီးအား ဒီပဲယင်း ဗိုလ်ကျားကြီး အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးဘူးလို့ ယာယီသမ္မတ ပြောကြား


စက်တင်ဘာ (၁၂) ရက်မှာကျင်းပသောအမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားလိုက်ပါတယ်။


"အခု နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


"ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်"လို့ ယာယီသမ္မတကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့အနေဖြင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးနှင့် Zoom Meeting မှတဆင့်တွေ့ဆုံမှု အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့


စက်တင်ဘာ၁၂ရက်


စက်တင်ဘာ၁၂ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ သတင်းထုတ်ပြန်ချက်မှာ အခုလိုအတိအလင်းဖော်ပြထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများ၏ အခန်းကဏ္ဍကို လေးနက်စွာ အသိအမှတ်ပြုပြီး ယင်းအဖွဲ့အစည်းအသီးသီး၏ အခြေအနေအရပ်ရပ်ကို မပြတ်စောင့်ကြည့် လေ့လာ ဆန်းစစ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


စစ်အာဏာရှင်နှင့် အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေသည့် မြေပြင်တော်လှန်ရေး ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်းနှင့် တော်လှန်ရေး အတွက် စုစည်းညီညွတ်မှုကို အခြေတည်လျက် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့သည် ၂၀၂၃ခုနှစ်၊ မေလ () ရက်နေ့တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting မှတဆင့် လက်ခံတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတွေ့ဆုံခြင်း၏ အဓိကရည်ရွယ်ချက်များမှာ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC) တွင် ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်တွင် တည်ဆောက်လျက်ရှိသော အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာယန္တရားများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန် ကာလတွင် အကောင်အထည် ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များတွင် လက်ခံပါဝင် ဆောင်ရွက်ရန် အဆိုပါကိစ္စရပ်များကို အလေးထားပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။


နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်အနေဖြင့် အထက်ပါ ဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ NUG/MOD အသိအမှတ်ပြုထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ တပ်မှူးတွေခန့်အပ်ခြင်းမပြုသေးဘဲတပ်ခွဲမှူး နဲ့ ယာယီတပ်ရင်းမှူးအဆင့်ပဲ ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်အသိပေး


စက်တင်ဘာ၁၂ရက်


"NUG/MOD အသိအမှတ်ပြုထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ ခုချိန်ထိ တပ်မှူးတွေမရှိသေးဘူး။ တပ်ခွဲမှူး နဲ့ ယာယီတပ်ရင်းမှူးအဆင့်ပဲ ရှိသေးတာပါ။ တပ်ခွဲမှူးသင်တန်းဆင်းတွေတောင် တနှစ်လုံးလုံး စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေကို မွမ်းမံသင်တန်းတက်ခိုင်းပြီး တပ်ခွဲမှူး ရာထူးပေးတာပါ။ ဘယ်လောက်ပဲ ပညာတတ်တတ် နှစ်တွင်း လူထောင်နဲ့ချီတဲ့ စစ်ကြောင်းကိုစီမံနိုင်တဲ့ တပ်မှူးရာထူးပေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ လေ့ကျင့်မှုသင်တန်းအဆင့်ဆင့် တက်ရအုံးမှာပါ။ တချိန်ချိန်မှာ နိုင်ငံ့လုံခြုံရေးစနစ်တခုလုံးကို ဦးဆောင်လာမဲ့ တပ်ချုပ်တွေဖြစ်လာမှာဖြစ်တဲ့အတွက် ဖြစ်သလို ရာထူးပေးလို့မရပါဘူး။ ကျနော်တို့ တော်လှန်နေတာသည် စနစ်ပြောင်းယုံတင်မကဘူး၊ ဖက်ဆစ်သဓ္ဓေကို အမြစ်ဖြတ်မဲ့ တော်လှန်ရေး ဖြစ်တာကြောင့် ခုချိန်မှစ စနစ်တကျ ပျိုးထောင်သွားရမှာပါ။ ပြီးစလွယ်လုပ်ရင် ပြီးစလွယ်ပဲ ဖြစ်သွားမှာပါ။ အဆင့်တွေ တော်တော်များများကတော့ ပြီးပြတ်နေပါပြီ"လို့ စက်တင်ဘာလအတွင်းမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်မှ အသိပေးဆိုပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၀ ကျော်၊မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော်ဖွဲ့စည်းပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ ဆက်သွယ်ရေးစနစ်အားကောင်းလာတာနဲ့အမျှ လူထုနှင့် ဗုံးကြဲခံရနိူင်တဲ့ စာသင်ကျောင်းတွေကိုကာကွယ်နိူင်ရုံသာမက  စစ်ဘက်ဆိုင်ရာ အကျိုးအမြတ်တွေလည်း အများကြီးရှိလာနိူင်တယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ပြောကြား


စက်တင်ဘာ၁၂ရက်


စက်တင်ဘာလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ အခုလိုဆိုထားပါတယ်။


"ကျနော်တို့ရဲ့လူထုကိုကာကွယ်ဖို့ဆိုရင် ဒီစစ်ကြောင်းကတော့ တစ်နေရာကတစ်နေရာ ဘယ်နေရာကို တက်လာပြီလူအင်အားဘယ်လောက်ရှိတယ်ဆိုတဲ့သတင်းအချက်အလက်ကအစ ဟိုဘက်ရွာကနေ ဒီဘက်ရွာကို လှမ်းပြောလို့ရမယ်။ဒီဘက်ရွာကနေ နောက်တစ်ရွာကိုလှမ်းပြောလို့ရမယ်။ဒီလိုလှမ်းပြောခြင်းအားဖြင့်  ဘယ်နေရာမှာတော့စစ်ကောင်စီရောက်နေပြီ။ဘယ်နေရာမှာတော့ ဖြတ်တားဆီးလို့ရမလဲဆိုတာ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်ဖြန့်ဝေလို့ရမယ်။တားဆီးလို့ရမယ်။ထို့အတူပဲ လူထုနဲ့ စာသင်ကျောင်းက ကလေးတွေကိုလည်းဘေးကင်းရာကိုအချိန်မီရွှေ့ထားလိုက်နိူင်မယ်။ဒါ့အပြင် အခြားသော စစ်ဘက်ဆိုင်ရာ အကျိုးအမြတ်တွေလည်း အများကြီးရှိလာနိူင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


စက်တင်ဘာ၁၀ရက်မှာထုတ်ပြန်ပြောဆိုထားတဲ့NUG အစိုးရ ဝန်ကြီးဌာန Websites များကို DDOS Attack နဲ့ တိုက်ခိုက်ခြင်းကို နေပြည်တော်အခြေစိုက် IT Spectrum Company Limited ရဲ့ ISP တစ်ခုရဲ့ IP Adress တစ်ခုကနေ ပြုလုပ်ခဲ့ပြီး ယင်းသို့တိုက်ခိုက်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department က ချက်ချင်းသိရှိခဲ့ပြီး တိုက်ခိုက်နေသော IP များကို Block နိုင်ခဲ့တယ်လို့ဆိုပါတယ်။


ယင်းသို့ တိုက်ခိုက်ခဲ့သော IP မှာ နေပြည်တော်အခြေစိုက် IT Spectrum Company Limited ရဲ့ ISP ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး IT Spectrum Company Limited မှာ Director အဖွဲ့ဝင် ဦးတို့၏ အမည်များကိုလည်း အတိအကျ ရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ်။


မကြာခင် ယင်းကုမ္ပဏီနှင့် ယင်းဒါရိုက်တာအဖွဲ့ဝင်များကို တည်ဆဲဥပဒေများနှင့် အရေးယူနိုင်အောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားပါတယ်။


ဒါ့အပြင် များမကြာမီ သုံးလနဲ့ခြောက်လကြား လုံခြုံသော Networkကို သုံးကာ ပြည်သူလူထုမှ နယ်မြို့အများစုမှာ အင်တာနက်ကိုအသုံးပြုနိူင်မှာ ဖြစ်တယ်လို့သိရပါတယ်။


လတ်တလောမှာElon Musk ရဲ့ Starlink အင်တာနက် စက် Chinland ကို ရောက်ရှိနေတယ်လို့စက်တင်ဘာလအတွင်းမှာ ChinNationalYouthမှ အသိပေးဖော်ပြထားပါတယ်။


========================


📌📌 ၅။ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စကစတပ်ရဲ့ ရေယာဥ် စီးအား ဒီပဲယင်း ဗိုလ်ကျားကြီး အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့


စက်တင်ဘာ၁၂ရက်


စက်တင်ဘာ၁၁ရက် မွန်းလွဲ၁၂နာရီ၂၆မိနစ်မှာ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသော စကစတပ်ရဲ့ ရေယာဥ် များကို ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။


"ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသောစကစရဲ့ရေယာဥ် စီး အား ဒီပဲယင်း ဗိုလ်ကျားကြီး အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိခိုက်ပျက်စီးမှုများကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပြီးရဲဘော်များဘေးကင်းစွာဆုတ်ခွာနိူင်ခဲ့ပါတယ်။


စကစတပ်များဟာ ထောက်ပို့လမ်းခရီးအား ဧရာဝတီမြစ်ကြောင်းနှင့်ချင်းတွင်းမြစ်ကြောင်းတို့ကိုအဓိကအသုံးပြုလျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment