15th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ရန်သူစစ်အုပ်စုအပေါ် အထိနာစေနိုင်တဲ့ စစ်ရေးဖေါ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ ယာယီသမ္မတအသိပေး

📌 ၂။ လူ့ဘောင်သစ်ကို တည်ဆောက်ဖို့ဆိုရင် ဟောင်းနွမ်းပြီး ဖောက်ပြန်တဲ့ လူမှုအဆောက်အအုံတွေကို ဖြိုချ ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်လို့ဆို

📌 ၃။ ချက်သမ္မတနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီးနှင့် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအပါအဝင် NUGကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေ

📌 ၄။ ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များကို ချမှတ်ရန် ပျက်ကွက်ခြင်းသည်မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် စစ်တပ်အား သွယ်ဝိုက်၍ ခွင့်ပြုပေးခြင်းပင်ဖြစ်တယ်လို့ဆို

📌 ၅။ ကမ္ဘာပေါ်တွင် သတင်းထောက်များအား အကျဉ်းချမှု အများဆုံးဖြစ်သည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး သတင်းထောက် (၁၅၆) ဦးခန့်ကို ဖမ်းဆီးခဲ့

📌 ၆။ စစ်ဘုရင် ဝါဒ ကို ဆက်လက်အသက်သွင်းမယ့် အကြံမျိုး ကို အထူးသတိထား ရမယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို

📌 ၇။ BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက်မူဝါဒစာတမ်းကို အောက်တိုဘာလကုန်အပြီးသတ်ဖို့ရည်မှန်းထားတယ်လို့ဆို

📌 ၈။ ရေစကြိုနယ် ပခန်းကြီးရဲစခန်းမှထွက်လာသော ရဲတပ်ကြပ်နှင့်တပ်သားတစ်ဦးကို လက်ရဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ တစ်ဦးသေဆုံးကာတစ်ဦးလွတ်မြောက်

📌 ၉။ တနင်္သာရီမြို့နယ်၊ တမုတ်ချူံရွာအနီးစကစတပ်များရှိရာသို့ ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင် ()ဦးသေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ရန်သူစစ်အုပ်စုအပေါ် အထိနာစေနိုင်တဲ့ စစ်ရေးဖေါ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ ယာယီသမ္မတအသိပေး


အောက်တိုဘာ၁၄ရက်

အောက်တိုဘာ၁၄ရက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူလူထုထံ လစဉ်ပြောကြားသည့် မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးကာလ နှစ် ကျော်လာတဲ့အချိန်မှာ ကျွန်တော်တို့အနေဖြင့် ရန်သူစစ်အုပ်စုအပေါ် အထိနာစေနိုင်တဲ့ စစ်ရေး ဖေါ်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ခုခံတိုက်ပွဲပေါင်း ခြောက်ထောင့်ရှစ်ရာကျော် ဆင်နွှဲထားနိုင်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စခန်းသိမ်းတိုက်ပွဲပေါင်း ၁၀၀ ကျော်လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါဟာ ခုခံစစ် ပထမနှစ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အချက်အလက်တွေအရကို သိသာထင်ရှားစွာ တိုးမြင့်လာတဲ့ တိုက်ပွဲဖေါ်ဆောင်မှုနဲ့ အောင်မြင်မှုတွေဖြစ်ပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုအတွက် ငြိမ်းချမ်းသာယာ၀ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်နိုင်သည်အထိ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ နောက်ဆုံးတိုက်ပွဲကို အောင်နိုင်သည်အထိ မဆုတ်မနစ် စွမ်းစွမ်းတမံ ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ လူ့ဘောင်သစ်ကို တည်ဆောက်ဖို့ဆိုရင် ဟောင်းနွမ်းပြီး ဖောက်ပြန်တဲ့ လူမှုအဆောက်အအုံတွေကို ဖြိုချ ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်လို့ဆို


အောက်တိုဘာ၁၄ရက်

အောက်တိုဘာ (၁၄) ရက်မှာ ပြုလုပ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလမှ အခုလိုပြောကြားခဲ့ပါတယ်။


"လူ့ဘောင်သစ်ပါတီရဲ့ ဖြစ်တည်မှုကို ကြည့်ရင် စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ပြီး၊ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်မယ်ဆိုတဲ့ လူ့ဘောင်သစ်မူဘောင်အပေါ်မှာ စွဲမြဲခိုင်မာစွာ ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။ လူ့ဘောင်သစ်ကို တည်ဆောက်ဖို့ဆိုရင် ဟောင်းနွမ်းပြီး ဖောက်ပြန်တဲ့ လူမှုအဆောက်အအုံတွေကို ဖြိုချဖျက်ဆီးပစ်ဖို့လိုပါတယ်။ ဒါဟာ တော်လှန်သော သဘောတရားဖြစ်ပြီး၊ လူ့ဘောင်သစ်ကို တည်ဆောက်ခြင်းဟာ တည်ဆောက်ရေးသဘောတရားဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း (၃၅) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာ တော်လှန်သောရဲဘော်ရဲဘက်အပေါင်းနဲ့ ဆုံတွေ့ခွင့်ရလို့ အထူး ဝမ်းမြောက်ဂုဏ်ယူကြောင်း ယာယီသမ္မတကပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ချက်သမ္မတနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီးနှင့် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးအပါအဝင် NUGကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေ


အောက်တိုဘာ၁၄ရက်

ချက်သမ္မတနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီးနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးအပါအဝင် NUGကိုယ်စားလှယ်အဖွဲ့ရောက်ရှိနေတယ်လို့သိရပါတယ်။


အောက်တိုဘာ၁၄ရက်မှာ NUGလူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မေးမြန်းရာမှာ radio NUGကိုပြောကြားခဲ့တာဖြစ်ပါတယ်။


ချက်သမ္မတနိုင်ငံ တာဝန်ရှိသူများနဲ့တွေ့ဆုံသွားမှာဖြစ်ပြီးတော့ မကြာမီသတင်းထုတ်ပြန်မယ်လို့ ဝန်ကြီးကဖြေကြားခဲ့ပါတယ်။


အောက်တိုဘာလအတွင်းမှာပဲ NUGလူ့အခွင့်ရေးဝန်ကြီးဟာ ချက်နိုင်ငံပါလီမန်ရဲ့ မြန်မာမိတ်ဆွေအမတ်များနဲ့တွေ့ဆုံခဲ့ပြီးCRPH နဲ့တရားဝင် ချိတ်ဆက်ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်ဖို့၊ ဥရောပပါလီမန်မှာ ပါတီပေါင်းစုံကအမတ်တွေ မြန်မာအရေးကို ပိုမိုတွန်းတွန်းတိုက်တိုက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။


========================


📌📌 ၄။ ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များကို ချမှတ်ရန် ပျက်ကွက်ခြင်းသည်မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် စစ်တပ်အား သွယ်ဝိုက်၍ ခွင့်ပြုပေးခြင်းပင်ဖြစ်တယ်လို့ဆို


အောက်တိုဘာ၁၄ရက်

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ  အခုလိုပြောပါတယ်။


"နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ဖြေရှင်းပေးရန် တုံ့ဆိုင်းနေပါက မြန်မာပြည်သူများခံစားနေရသည့် ဒုက္ခသည် အချိန်နှင့်အမျှ တိုးပွားနေမည်သာဖြစ်ကြောင်း၊ တစ်နည်းဆိုသော် ကုလသမဂ္ဂအနေဖြင့် ထိရောက်သည့် အရေးယူ ဆောင်ရွက်ချက်များကို ချမှတ်ရန် ပျက်ကွက်ခြင်းသည် အပြစ်မဲ့သည့် မြန်မာပြည်သူပြည်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် စစ်တပ်အား သွယ်ဝိုက်၍ ခွင့်ပြုပေးခြင်းပင်ဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအား ICC သို့ လွှဲပြောင်း တင်သွင်းရန် လုံခြုံရေးကောင်စီကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြောင်း၊ သို့သော် အဆိုပါ တောင်းဆိုမှုများကို ယနေ့တိုင် လေးနက်စွာ အရေးယူဆောင်ရွက်မှုမရှိခြင်းမှာ အလွန်ဝမ်းနည်းနာကျင်ဖွယ်ကောင်းကြောင်းသံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၅။ ကမ္ဘာပေါ်တွင် သတင်းထောက်များအား အကျဉ်းချမှု အများဆုံးဖြစ်သည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး သတင်းထောက် (၁၅၆) ဦးခန့်ကို ဖမ်းဆီးခဲ့


အောက်တိုဘာ၁၄ရက်

ကမ္ဘာပေါ်တွင် သတင်းထောက်များအား အကျဉ်းချမှု အများဆုံးဖြစ်သည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး သတင်းထောက် (၁၅၆) ဦးခန့်ကို ဖမ်းဆီးခဲ့တယ်လို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။


အောက်တိုဘာ၁၂ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ကျင်းပပြုလုပ်သည့် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့် အခြေအနေသည် တရားမဝင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ အလွန် ဆိုးရွားလျက် ရှိကြောင်း၊ ကမ္ဘာပေါ်တွင် သတင်းထောက်များအား အကျဉ်းချမှု အများဆုံးဖြစ်သည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် တစ်နိုင်ငံ အပါအဝင်ဖြစ်ကြောင်း၊ စစ်တပ်သည် လွန်ခဲ့သော (၃၂) အတွင်း၌ သတင်းထောက်များအား နှိမ်နင်းခြင်းကို အရှိန်အဟုန်မြှင့်တင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ သတင်းဌာန (၁၃) ခု ခန့်ကို ပိတ်သိမ်းခဲ့ပြီး သတင်းထောက် (၁၅၆) ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အချို့မှာ မတရား သတ်ဖြတ်ခံ ခဲ့ရကြောင်း"သံအမတ်ကြီးကပြောပါတယ်။


မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်အား ပြန်လည်အသက်သွင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်း၍ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းပင်ဖြစ်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


အဆိုပါ အစည်းအဝေးတွင် Special Rapporteur on the promotion and protection of the right to freedom of opinion and expression Ms. Irene KHAN က ၎င်း၏ အစီရင်ခံစာအား အဓိက တင်ဆက်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၃၀) ခန့်က ပါဝင်ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ဘုရင် ဝါဒ ကို ဆက်လက်အသက်သွင်းမယ့် အကြံမျိုး ကို အထူးသတိထား ရမယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ဆို


အောက်တိုဘာ၁၄ရက်

စစ်ဘုရင် ဝါဒ ကို ဆက်လက်အသက်သွင်းမယ့် အကြံမျိုးကို အထူးသတိထားရမယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဆိုရှယ်မီဒီယာမှာ အောက်တိုဘာ၁၄ရက်က ပြောဆိုထားပါတယ်။


"ထွက်ပေါက် ပိတ်လာနေပြီဖြစ်တဲ့ စကစနဲ့ အပေါင်းအပါများသည် ပြည်သူများ လက်ဝယ်မှာ ရှိတဲ့ အဖိုးသိန်းချီတန်တဲ့ ရွှေခွက်ကို ရွဲလုံးနဲ့ လဲလှယ်ဖို့ ကြိုးစားနေတဲ့ ရွဲကုန်သည်လိုဖြစ်နေတာကိုတွေ့ရမှာပါ။ ဘာတန်ဖိုးမှမရှိတော့တဲ့ NCA ကို ဘယ်သူ့ကိုမှ ကိုယ်စားမပြု၊ သူ့အဖွဲ့ အစည်းကိုတောင်ကိုယ်စားမပြုတဲ့သူတွေကို အသုံးချပြီး လှည့်စားဖို့ ကြံနေတာမျိုး၊ စစ်ခရိုနီဝါဒ အသက်ရှည်စေမယ့်၊ ပြည်သူကို စစ်တပ်က ကျွန်ပြုမယ့်ရွေးကောက်ပွဲအတုလုပ်ပြီး လက်နက်ကိုင် စစ်ဘုရင်ဝါဒကို ဆက်လက်အသက်သွင်းမယ့် အကြံမျိုးကို အထူးသတိထားရပါမယ်"လို့ဆိုပါတယ်။


ဒါ့အပြင်နွေဦးတော်လှန် ရေးမှာစစ်တပ်မပါတဲ့ နိုင်ငံရေးဟာဖြစ်နိုင်တယ်ဆိုတဲ့ စဥ်းစားချက်ဟာ ထင်ရှားပြတ်သားလာပြီဖြစ်တယ်လို့ ဒုဝန်ကြီးဦးမော်ထွန်းအောင်ကပြောပါတယ်။


========================


📌📌 ၇။ BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက်မူဝါဒစာတမ်းကို အောက်တိုဘာလကုန်အပြီးသတ်ဖို့ရည်မှန်းထားတယ်လို့ဆို


အောက်တိုဘာ၁၄ရက်

BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက်မူဝါဒစာတမ်းကို အောက်တိုဘာလကုန်အပြီးသတ်ဖို့ရည်မှန်းထားတယ်လို့ BPLAရဲ့ စစ်ဦးစီးချုပ် မောင်ဆောင်းခကဆိုရှယ်မီဒီယာမှာရေးသားအသိပေးထားပါတယ်။


"BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေး ရပ်တည်ချက်မူဝါဒစာတမ်းကို ကျနော်တို့ရေးနေတာ တစ်နှစ်နီးပါးရှိနေပါပြီ။ သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့ပညာရှင်တချို့နဲ့လည်း ဆွေးနွေးပြီး အကြံဥာဏ်တွေ တောင်းခံနေပါတယ်။ တော်တော်များများကတော့ စိတ်လိုလက်ရပြောပေး၊ ဆွေးနွေးပေးကြပါတယ်။ အခုထိလည်း ပြင်ဆင်တည်းဖြတ်နေရတုန်းပါပဲ။ ဒီလကုန်လောက်တော့ အပြီးသတ်ဖို့မှန်းထားပါတယ်။ အဲ့ဒါပြီးရင်တော့ BPLA ဟာ နိုင်ငံရေးထက် စစ်ရေးကိုပဲ ပိုအားစိုက်ဖို့ ပြင်ဆင်ထားပါတယ်"လို့ဆိုပါတယ်။


BPLAဟာ စစ်တပ်ကို စစ်တပ်နဲ့တူအောင် တည်ဆောက်ပြီးပါက အရပ်သားနိုင်ငံရေးဦးဆောင်မှုအောက်ကို ထားနိုင်ဖို့ ဆောင်ရွက်မယ်လို့ BPLAရဲ့ စစ်ဦးစီးချုပ် မောင်ဆောင်းခကဆိုထားပါတယ်။


========================


📌📌 ၈။ ရေစကြိုနယ် ပခန်းကြီးရဲစခန်းမှထွက်လာသော ရဲတပ်ကြပ်နှင့်တပ်သားတစ်ဦးကို လက်ရဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ တစ်ဦးသေဆုံးကာတစ်ဦးလွတ်မြောက်


အောက်တိုဘာ၁၄ရက်

ရေစကြိုနယ် ပခန်းကြီးရဲစခန်းမှထွက်လာသော ရဲတပ်ကြပ်နှင့်တပ်သားတစ်ဦးကို လက်ရဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ တစ်ဦးသေဆုံးကာတစ်ဦးလွတ်မြောက်သွားခဲ့တယ် အောက်တိုဘာ၁၄ရက်မှာ ရေစကြိုပကဖကအတည်ပြုဆိုပါတယ်။


"ရေစကြိုနယ် ပခန်းကြီးရဲစခန်းမှ ထွက်လာသော ရဲတပ်ကြပ် နိုင်လင်းနှင့် တပ်သားတစ်ဦးတို့အား စခန်းတွင်းမှသတင်းပေးချက်အရ အသင့်စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ကြပ်နိုင်လင်းနှင့်အခြားရဲဘော်တစ်ဦးမှာ အောက်တိုဘာလ၁၄ရက်ညနေ၃နာရီခွဲအချိန်တွင် ပခန်းကြီးကျောင်းတော်ကြီးအနီး ဘီယာဆိုင်မှအထွက်တွင် အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


vသို့သော်ထိုရဲနှစ်ဦးမှာပြန်လည်ခုခံသောကြောင့် ရဲတပ်ကြပ်နိုင်လင်းအား နေရာမှာပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။ 


ထိုဖြစ်တွင် ဆိုင်ကယ်တစ်စီး ဖုန်းတစ်လုံး ဓားတစ်ချောင်းတို့သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၉။ တနင်္သာရီမြို့နယ်၊ တမုတ်ချူံရွာအနီးစကစတပ်များရှိရာသို့ ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင် ()ဦးသေဆုံးခဲ့


အောက်တိုဘာ၁၄ရက်


တနင်္သာရီမြို့နယ်၊ တမုတ်ချူံရွာအနီး စကစတပ်များရှိရာသို့ ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင် ()ဦးသေဆုံးခဲ့ပါတယ်။


အောက်တိုဘာ၁၄ရက်၊ နံနက် :၅၀နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊တမုတ်ချူံရွာအနီးတွင်စကစများကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မြိတ်ခရိုင်၊တပ်ရင်း၂ကအသိပေးဆိုပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်၊တပ်ရင်း-၂၊ တပ်ခွဲ ၊၂ နှင့် တနင်္သာရီမြို့နယ်(ပကဖ) တောင်ပံနီ၊တနင်္သာရီရိုးမ၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့မှ အောက်တိုဘလ ၁၄ ရက်နေ့၊ နံနက် :၅၀နာရီ အချိန်တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချူံရွာအနီးတွင်စကစတပ်များကိုသွားရောက်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိုတိုက်ပွဲတွင် ၃၀မိနစ်ကြာ၍ အကြမ်းဖက်စစ်ကောင်စီဘက်မှ ()ဦးသေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment