၂၀၂၃ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံခြားရေး ဝန်ကြီး၊ ဒေါ်ဇင်မာအောင် အိုဆာကာရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲတွင် ဖဲကြိုးဖြူ ကမ်ပိန်း ပါဝင်ဆင်နွဲခဲ့
📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၃။ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး လုပ်ငန်းစဥ်များတွင် NUG အနေဖြင့် တစ်စိတ်တစ်ပိုင်း ပူးပေါင်းပါဝင်နေပြီး စီမံဘဏ္ဍာ ချိတ်ဆက်မှုပိုင်းတွင် ပိုမိုပူးပေါင်းပါဝင်
📌 ၄။ လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်ခဲ့သော Non CDM ဝန်ထမ်းနှင့်မိသားစုများကို နယ်နှင်ဒဏ်ပေး၊ ပါချုပ်နှင့်ဒုချုပ်နှင့် ၎င်းတို့၏မိသားစုဝင်များကို ဥပဒေနှင့်အညီတရားစွဲဆို
📌 ၅။ စစ်တပ်က နှစ်ပေါင်း ၃ဝ နီးပါးထိန်းချုပ်ထားသော ကုန်းကြမ်းတပ်စခန်းကို MNDAA သိမ်းပိုက်၊ ခလရ ၁၂၅ တပ် တပ်ရင်းလိုက်အလင်းဝင်
📌 ၆။ ချင်းရွှေဟော်လဝကရုံးမှ ဝန်ထမ်းများ ဒုက္ခသည်အဖြစ် ရုပ်ဖျက်ကာ လောက်ကိုင်မှထွက်ပြေးစဉ် ဖမ်းဆီးရမိ
📌 ၇။ ထီးချိုင့်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဒီဇင်ဘာ ၂၇ နောက်ဆုံးထားအလင်းဝင်ရန် သတိပေး
📌 ၈။ ခင်ဦးမြို့နယ် ကျေးရွာနှစ်ခုတွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်
📌 ၉။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံခြားရေး ဝန်ကြီး၊ ဒေါ်ဇင်မာအောင် အိုဆာကာရှိ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲတွင် ဖဲကြိုးဖြူ ကမ်ပိန်း ပါဝင်ဆင်နွဲခဲ့
နိုဝင်ဘာလ ၂၉ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အိုဆာကာရှိ မြန်မာနိုင်ငံသားတွေ ၊ မြန်မာ့အရေးကို ထောက်ခံတဲ့ ဂျပန်လူမျိုးတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ ၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တင်ပြခဲ့ပြီး တက်ရောက်လာသူတွေဆီကနေ မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် အမျိုးသမီးနဲ့ မိန်းကလေးများကို အကြမ်းဖက်မှု ရပ်တန့်စေရေး လှုပ်ရှားမှုအနေဖြင့် ဖဲကြိုးဖြူများ တပ်ဆင်ကာ တက်ရောက်လာသူများမှ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားတဲ့ နယ်မြေများအတွင်း အမျိုးသမီးနဲ့ မိန်းကလေးများကို အကြမ်းဖက်မှု ရပ်တန့်စေရေး “၁၆ ရက်တာ လှုပ်ရှားမှု” ဖဲကြိုးဖြူ ကမ်ပိန်းကို ဝန်ကြီးဌာနနဲ့ မြို့နယ်အသီးသီးက တာဝန်ခံများရဲ့ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ကြတယ်လို့ MOWYCA က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
========================
📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
နိုဝင်ဘာလ ၂၉ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို -ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၂/၂၀၂၃) ကို နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ ဌာနနဲ့သက်ဆိုင်တဲ့ လုပ်ငန်းများကို မှာကြားဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနဲ့ ပတ်သက်ပြီး သိရှိလိုတဲ့ အချက်များကို မေးမြန်းခဲ့ရာမှာ ဝန်ကြီးဌာန တာဝန်ရှိ -သူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာတူးခေါင်မှ ဦးဆောင်ကာ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် ၂ နာရီ ၄၅ မိနစ် အချိန်မှာ အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။
========================
📌📌 ၃။ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေး လုပ်ငန်းစဥ်များတွင် NUG အနေဖြင့် တစ်စိတ်တစ်ပိုင်း ပူးပေါင်းပါဝင်နေပြီး စီမံဘဏ္ဍာ ချိတ်ဆက်မှုပိုင်းတွင် ပိုမိုပူးပေါင်းပါဝင်
နိုဝင်ဘာလ ၂၉ရက်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လုပ်ငန်းစဉ် တစ်ချို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တစ်စိတ်တစ်ပိုင်း ပူးပေါင်းပါဝင်နေပြီး အဓိကအားဖြင့် စီမံဘဏ္ဍာချိတ်ဆက်မှု အပိုင်းတွင် ပိုမိုအားကောင်းစွာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဟာ ပြည်နယ်အစိုးရတစ်ရပ်အနေနဲ့ ရေးရာဌာန ၁၂ ခု ဖွဲ့စည်းထားရှိနိုင်ရန် ရည်ရွယ်ထားပြီး ယခုအခါ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားစာနာနှင့် ပြန်လည်ထူထောင်ရေး၊ အခွန်ဏ္ဍာစီမံ၊ အမျိုးသမီးနှင့်ကလေးရေးရာ စသည်ဖြင့် ဌာန ၆ ခုကို ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
NUG အနေဖြင့် IEC ရဲ့ အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ဆောင်ရွက်တာထက် ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုများ၊ လူသားချင်း စာနာထောက်မှုနှင့် ပြန်လည် ထူထောင်ရေးဌာနနဲ့ ချိတ်ဆက်မှုများ၊ ကျန်းမာရေး၊ ပညာရေးဌာနများနှင့် ချိတ်ဆက်မှုများရှိနေပြီး အတူပူးပေါင်း ဆောင်ရွက်နေကြောင်း IEC ထံက သိရပါတယ်။
ထို့ပြင် ပြည်ထောင်စုနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေး ကော်မရှင် (FFCC) ကို ဖွဲ့စည်းထားပြီး အဆိုပါကော်မရှင်တွင် NUG မှ ယာယီသမ္မတနှင့် ဝန်ကြီးချုပ်၊ IEC မှ ဥက္ကဋ္ဌ နှင့် ဒု-ဥက္ကဋ္ဌ၊ KSCC မှ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တို့ပါဝင်လျှက်ရှိတယ်လို့ သိရပါတယ်။
ထို့ပြင် NUG အစိုးရအနေနဲ့ ကရင်နီပြည်နယ်အတွင်း IEC နှင့် ဘဏ္ဍာငွေ မျှဝေသုံးစွဲမှုများ ရှိနေပြီး NUG လက်အောက်ခံ PDF နဲ့ KA၊ KNDF တို့မှာ အတူတကွ စစ်ရေးဖော်ဆောင်မှုများရှိကာ စစ်လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်းများကို မျှဝေသုံးစွဲမှုရှိတယ်လို့ Frontier Myanmar ကို IEC ဒု-ဥက္ကဋ္ဌခွန်ဘီထူးရဲ့ ဖြေကြားချက်အရ သိရပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်မှာ ရှိနေပြီး KSCC ရဲ့ နိုင်ငံရေးလမ်းညွှန်မှုဖြင့် ပြည်နယ်အစိုးရ တစ်ရပ်အနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်ခဲ့သော Non CDM ဝန်ထမ်းနှင့်မိသားစုများကို နယ်နှင်ဒဏ်ပေး၊ ပါချုပ်နှင့်ဒုချုပ်နှင့် ၎င်းတို့၏မိသားစုဝင်များကို ဥပဒေနှင့်အညီတရားစွဲဆို
နိုဝင်ဘာလ ၂၉ရက်။
လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်းနှင့် မိသားစုများကို နယ်နှင်ဒဏ်ပေးခဲ့ပြီး ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ၎င်းတို့၏မိသားစုဝင်များကို ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမှာဖြစ်တယ်လို့ ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကနိုဝင်ဘာလ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လွိုင်ကော်တက္ကသိုလ်ကနေ ကယ်ထုတ်ခဲ့တဲ့ Non CDM ဝန်ထမ်းနှင့် မိသားစုဝင်တွေကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်မှုမရှိတဲ့ Non CDM ဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း ၁၉၃ ဦးကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး နိုဝင်ဘာလ ၂၈ ရက်မှာ နယ်နှင်ဒဏ်ပေးလိုက်တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနဲ့ ၎င်းတို့မိသားစုဝင်တွေကိုတော့ ကရင်နီပြည် ရဲဌာနက တရားလိုအနေနဲ့ အမှုဖွင့် တရားစွဲဆိုကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းကာ ဥပဒေနဲ့အညီတရားစွဲဆို အရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေတဲ့ စစ်တပ်မိသားစုဝင် ၃ ဦးကိုတော့ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာစစ်ခုံရုံးကို လွှဲပြောင်းပြီး အရေးယူမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ရေးအရှိန် ယခုထက်ပိုမြင့်လာဦးမှာဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းများအားလုံး ပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင်ကြဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ စစ်တပ်က နှစ်ပေါင်း ၃ဝ နီးပါးထိန်းချုပ်ထားသော ကုန်းကြမ်းတပ်စခန်းကို MNDAA သိမ်းပိုက်၊ ခလရ ၁၂၅ တပ် တပ်ရင်းလိုက်အလင်းဝင်
နိုဝင်ဘာလ ၂၉ ရက်။
ကိုးကန့်ဒေသမှာ နှစ်ပေါင်း ၃ဝ နီးပါး ထိန်းချုပ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကုန်းကြမ်းတပ်စခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၁၂၅ တပ်ရင်းက တပ်ရင်းမှူးဦးဆောင်ကာ တပ်ရင်းလိုက် အလင်းဝင်လာတယ်လို့ ကိုးကန့်တပ် MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
ရှင်ဝမ်းဒေသ ကုန်းကြမ်းနေရာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို MNDAA က နိုဝင်ဘာလ ၂၄ ရက်နေ့က စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းတပ်စခန်းကြီးတခုလုံးကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။
သမိုင်းဝင် စစ်အောင်ပွဲကြီးလို့သတ်မှတ်နိုင်တဲ့ အောင်မြင်မှုတခုကို ထပ်မံဖော်ဆောင်နိုင်ခဲ့တာ လို့ MNDAA က ညွှန်းဆိုထားပါတယ်။ MNDAA က ကုန်းကြမ်းဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုနဲ့ ဘေးပတ်လည်မှာရှိတဲ့ ယာယီစခန်းတွေကို သိမ်းပိုက်ရာမှာ MNDAA ရဲ့ အရှိန်အဟုန်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းက တရင်းလုံး အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ဖို့ အချက်ပြခဲ့တယ်လို့သိရပါတယ်။
ခလရ ၁၂၅ တပ်ရင်းက တပ်ရင်းမှူးဟာ ရဲဘော်တယောက်နဲ့အတူ MNDAA ထံ ရောက်လာပြီး ဒဏ်ရာရလူနာတွေကို ကုသ ကယ်ဆယ်ပေးဖို့နဲ့ မိသားစုဝင်များနေထိုင်ရေး နေရာချပေးရန် အကူအညီတောင်းခံခဲ့တာကို သဘောတူညီပြီးတဲ့နောက် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်မှာ တပ်ရင်းမှူးက လက်အောက်ငယ်သားအားလုံးခေါ်ဆောင်ပြီး MNDAA ထံ လက်နက်ချ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ စကခ ၁၆ က စကခမှူးဟာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တပ်ဖွဲ့ဝင်အင်အား တစ်ရာကျော်နဲ့အတူ ထွက်ပြေးသွားတယ်လို့ ခလရ ၁၂၅ တပ်ရင်းမှူးက ပြောဆိုခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
လက်နက်ချအလင်းဝင်သူတွေဟာ ဗမာလူမျိုး ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး၊ ခလရ -၁၂၅ တပ်ဖွဲ့ဝင် ၉၃ ဦး၊ စကခ ၁၆ မှ ၃၆ ဦး၊ စကခ ၁၂ မှ ၁၄ ဦး၊ စစ်တပ်မိသားစုဝင် ၈၆ ဦး၊ စစ်ဆင်ရေးအကြံပေး ၅ ဦးနှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း ၂၇၂ ဦးရှိကြောင်း MNDAA က ထုတ်ပြန်ထားပါတယ်။
ခလရ ၁၂၅ တပ်က တပ်ရင်းလိုက် လက်နက်ချအလင်းဝင်လာကို ထုတ်ပြန်ထားပေမယ့် သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း စာရင်းကိုတော့ MNDAA က ထုတ်ပြန်ထားတာမရှိသေးပါဘူး။
========================
📌📌 ၆။ ချင်းရွှေဟော်လဝကရုံးမှ ဝန်ထမ်းများ ဒုက္ခသည်အဖြစ် ရုပ်ဖျက်ကာ လောက်ကိုင်မှထွက်ပြေးစဉ် ဖမ်းဆီးရမိ
နိုဝင်ဘာလ ၂၉ ရက်။
ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးရုံးက ဝန်ထမ်းတွေ ဒုက္ခသည်အဖြစ် ရုပ်ဖျက်ပြီး လောက်ကိုင်ကနေ ထွက်ပြေးချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ချင်းရွှေဟော်မြို့ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက) က တာဝန်ခံတဦးနဲ့ ဒုတာဝန်ခံ ၃ ဦးဟာ မိသားစုနဲ့အတူ ဒုက္ခသည်အဖြစ် ရုပ်ဖျက်ပြီး မြန်မာပြည်တွင်းကို ပြန်ဝင်ဖို့ကြိုစားခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ညမှာ ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
ချင်းရွှေဟော်လဝကရုံးတာဝန်ခံ စိုးသက်ချမ်း၊ ဒုတာဝန်ခံတွေဖြစ်တဲ့ ကျော်ဇောလင်း၊ ဝင်းထွန်းနဲ့ ဝင်းညိုဦးတို့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကစပြီး မိသားစုတွေနဲ့အတူ တရုတ်နိုင်ငံဘက်ခြမ်းမှာ ရက်ပေါင်းများစွာ တိမ်းရှောင်နေထိုင်ခဲ့ပြီးတဲ့နောက် ကိုးကန့်ဒေသ ၁၂၅ နယ်စပ်ဂိတ်ကနေ လောက်ကိုင်ကို ပြန်ဝင်လာတာဖြစ်တဲ့အကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ချင်းရွှေဟော်လဝကရုံးတာဝန်ခံ စိုးသက်ချမ်းရဲ့ဇနီးဟာ ချင်းရွှေဟော်မြို့မှာတိုက်ပွဲစတင်ခဲ့တဲ့နေ့မှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ လဝကရုံးတာဝန်ခံနဲ့ မိသားစုတွေကို တရက်တာ ချုပ်နှောင်စစ်ဆေးခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်မှာ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ MNDAA က ထုတ်ပြန်ထားပါ တယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်မှာ MNDAA ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကိုရှင်းပြခဲ့ပြီး စစ်ကောင်စီလက်အောက်မှာ ထပ်မံတာဝန်မထမ်းဆောင်ဖို့၊ MNDAA နဲ့ တိုင်းရင်းသားတွေရဲ့အကျိုးကိုထိခိုက်စေမယ့်အလုပ်တွေမလုပ်ဖို့ သတိပေး တားမြစ်ခဲ့တယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားပါတယ်။
MNDAA ဘက်က သက်ဆိုင်ရာလမ်းကြောင်းတွေဖွင့်ပေးပြီးတဲ့နောက် လောက်ကိုင်မှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ ချင်းရွှေဟော်ကနေတဆင့် လုံခြုံတဲ့နေရာမှာ ပြန်လည်ရွှေ့ပြောင်းနေထိုင်လျက်ရှိတာမှာ လက်ရှိအချိန်အထိ ဒုက္ခသည် ၃သောင်းကျော်ကို လုံခြုံနေရာတွေကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီလို့ သိရပါတယ်။
========================
📌📌 ၇။ ထီးချိုင့်မြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဒီဇင်ဘာ ၂၇ နောက်ဆုံးထားအလင်းဝင်ရန် သတိပေး
နိုဝင်ဘာလ ၂၉ရက်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းမှာရှိတဲ့ Non CDM ဝန်ထမ်းများအားလုံး ဒီဇင်ဘာလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ကြဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ရုံးလုပ်ငန်းတွေကို ရပ်တန့်ပြီး ဌာနဆိုင်ရာစာရွက်စာတမ်းတွေ၊ ပြည်သူပိုင်ပစ္စည်းတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရထံမှာ အလင်းဝင်ကြဖို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။
အလင်းဝင်မယ့် Non CDM ဝန်ထမ်းတွေအနေနဲ့ အစိုးရဌာဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာအာဏာပိုင်တို့က ပိုင်ဆိုင်သည့် သို့မဟုတ် လွှဲအပ်ထားတဲ့ သို့မဟုတ် အသုံးပြုရန်ကြံရွယ်ထားတဲ့ သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ သို့မဟုတ် အခြားပစ္စည်းတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှာ စနစ်တကျအပ်နှံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၂၇ နေ့အတွင်း အလင်းမဝင်တဲ့ Non CDM ဝန်ထမ်းတွေကို တည်ဆဲဥပဒေနဲ့အညီ ထိရောက်တဲ့ အရေးယူ အပြစ်ပေးအရေးယူမှာဖြစ်တဲ့အတွက် ပြည်သူလူထုဘက်ကရပ်တည်ပြီး အလင်းဝင်ကြဖို့လည်း သတိပေးထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရထံမှာ အလင်းဝင်မယ်ဆိုရင် မိမိတို့ရောက်ရှိနေတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်နိုင်တယ်လို့လည်း အသိပေးတိုက်တွန်း ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်မရင်ဆိုင်ရဲတာကြောင့် ထီးချိုင့်မြို့ပေါ်ရပ်ကွက်တွေနဲ့ ရဲစခန်းတဝိုက်ကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာလည်း ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ Tigyaing Revolution- TR ကလည်း အသိပေးထားပါတယ်။
========================
📌📌 ၈။ ခင်ဦးမြို့နယ် ကျေးရွာနှစ်ခုတွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်
နိုဝင်ဘာလ ၂၉ရက်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှာ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့မှ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်မှာ (၁၂၉၊ ၁၃၀) ရွာမြောက်သော ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နှင့် (၁၃၂၊ ၁၃၃) ရွာမြောက်သော ကျေးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့များကို ပြည်သူလူထု အများဆန္ဒနှင့်အညီ အဆိုပြု၊ ထောက်ခံ၊ အတည်ပြု ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှ ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် ကျေးရွာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့နဲ့ ကျေးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ဖွဲ့စည်းမှုကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်၊ မြို့နယ် ပြည်သူ့ကာကွယ်ရေး တာဝန်ခံ၊ ပြည်သူ့ရင်ခွင်၊ မြို့နယ်တရားရေး ဥက္ကဋ္ဌနှင့် အဖွဲ့၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်သတင်းပြန်/ကြား တာဝန်ခံ၊ မြို့နယ် အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ တာဝန်ခံ၊ မြို့နယ်ရုံးအဖွဲ့မှူး၊ မြို့နယ်ပကဖ စစ်ရေးတာဝန်ခံ၊ ထောက်ပို့တာဝန်ခံ၊ တိုက်နယ် ခေါင်းဆောင်/ ဒုခေါင်းဆောင်နှင့် အဖွဲ့ဝင်များနဲ့ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ညနေ (၃) နာရီ အချိန်မှာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၉။ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်
နိုဝင်ဘာလ ၂၉ရက်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ စစ်ကောင်စီနဲ့ စစ်တပ်ကို ဟန့်တားနှောက်ယှက်မှုတို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ပုဒ်မ ၁၂၄ (ဃ) အရ ထောင်ဒဏ် ၇ နှစ်နဲ့ ပုဒ်မ ၅၀၅ (က) အရ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် ရေးသားချက်များဟာ ပြည်သူလူထုကို ထိတ်လန့်စေရန် ကြံရွယ်ပြီး မမှန်သတင်းများ ဖြန့်ဝေခြင်း၊ အစိုးရ ဝန်ထမ်းများကို ပြစ်မှုကျူးလွန်လာစေရန် ရည်ရွယ်လှုံ့ဆော်တယ်ဆိုပြီး အလုံရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရေးသားမှုများကို လူမှုကွန်ရက်ပေါ်တွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ရေးသားဖော်ပြခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment