၂၀၂၃ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
📌 ၂။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
📌 ၃။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၃၀၉ ဦးသေဆုံး
📌 ၄။ မြန်မာဘက်မှ စစ်ဘေးရှောင်များကို လက်ခံရန်အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
📌 ၅။ မုန်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU အတည်ပြုထုတ်ပြန်
📌 ၆။ မြင်းမူနယ် ထီးဆောင်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်
📌 ၇။ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ကွင်းနေရာကို ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှု ရဟတ်ယာဉ်များ ထိခိုက်ပျက်စီးဟုဆို
📌 ၈။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim) ဦးစီးတဲ့ GLOBAL FREEDOM TATTOO CAMPAIGN ကို နယူးယောက်မြို့မှာ ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
ဒီဇင်ဘာလ ၄ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၄/၂၀၂၃) ကို ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးကို ဒုတိယဝန်ကြီး၊ တွဲဖက်အမြဲတမ်း အတွင်းဝန်၊ ပြည်သူ့ -အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ဒီဇင်ဘာလ ၄ရက်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းညှိုနှိုင်း အစည်းဝေးကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် မြို့နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ မြို့နယ်သယံဇာတအဖွဲ့ ဖွဲ့စည်းရန်နှင့် မြို့နယ်အတွင်းရှိ သယံဇာတ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ စတင်တာဝန်ယူ ကောက်ခံတဲ့ အခွန်ငွေများအား ခွဲဝေရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နှင့် ရေးရာတာဝန်ခံ အသီးသီးတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ၃၀၉ ဦးသေဆုံး
ဒီဇင်ဘာလ ၄ရက်။
၁၀၂၇ စစ်ဆင်ရေး တစ်လတာနီးပါးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ဝ၉ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီဇင်ဘာလ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ၂၄၄ ကြိမ်ရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ဝ၉ ဦး သေဆုံးခဲ့ကာ ၄၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ဘာသာရေးအဆောက်အအုံအပါအဝင် အဆောက်အအုံတွေကို တိုက်ခိုက်မှု ၂၁၂ ကြိမ်ရှိခဲ့ပြီး လူ ၅ဦးနဲ့အထက် အစုလိုက်အပြုလိုက်သတ်ဖြတ်မှု ၁၁ ကြိမ်ကျူးလွန်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လက်ရှိအချိန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ လူ့အခွင့်အရေးချိုးဖောက်မှု ၃၇၆ ကြိမ်ရှိခဲ့ပြီး နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်လောက်တဲ့ ခိုင်မာတဲ့အမှု ၂၄ မှုနဲ့ နိုင်ငံတကာတရားရုံးတွေမှာ အရေးယူဆောင်ရွက်နိုင်ဖို့ IIMM ကို ပေးပို့ထားတဲ့အမှု ၂၄ မှုရှိတယ်လို့လည်း သိရပါတယ်။
ထို့ပြင် စစ်ဆင်ရေး ၁၀၂၇ တစ်လတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသများတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အထိနာပြီး ကျဆုံးမှုများစွာရှိခဲ့ပြီး တပ်ရင်းအလိုက် လက်နက်ချ၊ အလင်းဝင်မှုတွေလည်းဖြစ်ပေါ်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးနေတဲ့ အနေအထားဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။
အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများနှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှိဖျက်စီးမှုများ ပိုမိုကျုးလွန်လာတာကိုတွေ့ရှိရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောပါတယ်။
အခုကောက်ယူထားတဲ့အချက်အလက်တွေဟာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မြေပြင်အချက်အလက်တွေကို စနစ်တကျ ကောက်ယူစုဆောင်းတာဖြစ်ပေမယ့် မြေပြင်မှာ ယခုထက်ပိုများနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှု ရရှိရေးဆိုတဲ့ ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ထားပြီး အကြမ်းဖက်စစ်တပ်ရဲ့ ကျုးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မြန်မာဘက်မှ စစ်ဘေးရှောင်များကို လက်ခံရန်အသင့်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဒီဇင်ဘာလ ၄ရက်။
မြန်မာဘက်က စစ်ရှောင်ပြည်သူတွေကို နယ်စပ်မှာလက်ခံနေရာချပေးဖို့ အသင့်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာက ပြောတယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပါက စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်ခံပေးဖို့ နယ်စပ်တလျှောက်မှာ နေရာထိုင်ခင်းနဲ့ စခန်းတွေ အဆင့်သင့်ဖြစ်နေပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နုကာရာ က ပြောဆိုခဲ့တာပါ။
ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဒေသမှာ စစ်ရှောင်ဖို့ရောက်ရှိလာတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့အသင့်ရှိနေသလို မြန်မာဘက်ခြမ်းက ပဋိပက္ခတွေကို သတိထားစောင့်ကြည့်နေတဲ့အကြောင်းလည်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ စစ်ဘေးရှောင်တွေကို လက်ခံနိုင်ပေမယ့် စစ်ပွဲမှာပါဝင်နေတဲ့ အစုအဖွဲ့အားလုံး အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းကြဖို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်မှာ စစ်ဘေးရှောင်ပြည်သူတွေ အလုံးအရင်းနဲ့ ဝင်မလာသေးပေမယ့်လို့ တိုက်ပွဲအရှိန်မြင့်လာမယ်ဆိုရင် ထိုင်းနိုင်ငံဘက်တင်မဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေဆီကိုပါ လမ်းကြောင်းအမျိုးမျိုးနဲ့ ရောက်လာနိုင်တယ်လို့လည်း ၎င်းက မှတ်ချက်ပြုထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က မြို့တခုဖြစ်တဲ့ မြဝတီမြို့နဲ့ နီးကပ်စွာရှိနေတဲ့ ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေရာ ယင်းနေရာသည် ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ ၁ဝ ကီလိုမီတာသာကွာဝေးတယ်လို့လည်း ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။
ထိုင်းစစ်တပ်ရဲ့ အမှတ် ၃ စစ်ဒေသအကြီးအကဲ ဗိုလ်ချုပ် ပရာဆန် ဆန်ဆီရီ ရက်ခ် ကလည်း လတ်တလောမှာ မြန်မာဘက်ကစစ်ပွဲတွေဟာ ထိုင်းအပေါ် တိုက်ရိုက်သက်ရောက်မှုမရှိသေးပေမယ့် စစ်ရှောင်တွေတိုးပွားလာရင်တော့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ပြင်ဆင်ထားမယ်လို့ပြောပါတယ်။
========================
📌📌 ၅။ မုန်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU အတည်ပြုထုတ်ပြန်
ဒီဇင်ဘာလ ၄ရက်။
ပဲခူးတိုင်း၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား ‘၁,၅၀၀’ ခန့်ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ KNU က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
၎င်းစခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအဆင့် အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်မှာ စတင်ပြီး မုန်းမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ ခမရ ၅၉၉၊ ခမရ ၅၉၀၊ မုန်းမြို့မရဲစခန်းနဲ့ တံတားဂိတ် စခန်းများကို KNLA ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ထိုစခန်းမျာဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေတာကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့တာကြောင့် ပြည်သူ့လူထုရဲ့ သဘောဆန္ဒနဲ့အညီ ထိုစခန်းများကို တိုက်ခိုက်ချေမှုန်းရတာ ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်အရ မုန်းဒေသရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်ရရှိရန် နာရီပေါင်း ၄၂ နာရီ နီးပါးသာ ကြာမြင့်ခဲ့ပါတယ်။
========================
📌📌 ၆။ မြင်းမူနယ် ထီးဆောင်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်
ဒီဇင်ဘာလ ၄ရက်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်က မုံရွာ- မန္တလေးလမ်းပေါ်မှာရှိတဲ့ ထီးဆောင်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေတဲ့ နေရာတွေကို မောင်းသူမဲ့လေယာဉ်ငယ်တွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း MSPDF က ဒီဇင်ဘာလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ထီးဆောင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်အထိုင် စခန်း၊ ဆေးရုံနဲ့စစ်ဆေးရေးဂိတ်တွေကို မောင်းသူမဲ့လေယာဉ်အသုံးပြုကာ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးကို Shar Htoo WAW"နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wing Droneများ အသုံးပြုကာ စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနဲ့အတူ စစ်ကိုင်းခရိုင်အမှတ် ၆ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁-မြေလတ် PDF၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဟာ ဒီဇင်ဘာလ ၁ ရက်နေ့က မြောင်ရဲစခန်းကို Shar Htoo WAW"နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wing Drone များ အသုံးပြုကာ ဗုံးသီးချတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၂ ရက်နေ့မှာ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်ရုံးမှာ အခြေချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း လက်နက်ကြီး လက်နက် ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်ကွင်းနေရာကို ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှု ရဟတ်ယာဉ်များ ထိခိုက်ပျက်စီးဟုဆို
ဒီဇင်ဘာလ ၄ရက်။
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ရဟတ်ယာဉ်များထားရှိရာနေရာကို ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ ရဟတ်ယာဉ်တွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KNDO ဒရုန်းတပ်ဖွဲ့ထံကနေ သိရပါတယ်။
KNDO တပ်ရင်း ၆ ဒရုန်းတပ်ဖွဲ့က ပုဇင်းကြော်တွေရမယ် ပုဇင်းကြော်တွေ ဆိုပြီး ဒီဇင်ဘာလ ၄ ရက်နေ့ညပိုင်းမှာ အသိပေးထားပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်များထားရှိရာ နေရာကို KNDO တပ်ရင်း ၆ ဒရုန်းတပ်ဖွဲ့နဲ့ Alpha Bats အဖွဲ့တို့က ဒရုန်းအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သတ်လို့ အခုလိုအသိပေးလိုက်တာဖြစ်ပါတယ်။
KNDO တပ်ရင်း ၆ နဲ့ Alpha Bats အဖွဲ့ တို့ဟာ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခွဲခန့်အချိန်ကလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဝင်းအတွင်းမှာရှိတဲ့ တိုင်းမှူးရဲ့လျှို့ဝှက်နေအိမ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နေအိမ်အပါအဝင် နေရာ ၄ ခုကို ဒရုန်းအသုံးပြုကာ ဗုံးသီးတွေနဲ့ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
KNDO တပ်ရင်း ၆ နဲ့ Alpha Bats အဖွဲ့ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေရှိရာနေရာတွေကို ရက်ပေါင်း ၂ဝ ကျော် နေ့စဉ် မနားတမ်းတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
၈။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (Kim) ဦးစီးတဲ့ GLOBAL FREEDOM TATTOO CAMPAIGN ကို နယူးယောက်မြို့မှာ ကျင်းပ
ဒီဇင်ဘာလ ၄ရက်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Pitti Adult Daycare Center (လူကြီးမိဘများ နားခိုရာ ခန်းမ) မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ဦးစီးကျင်းပတဲ့ GLOBAL FREEDOM TATTOO CAMPAIGN ကို Helping Hands for Burma (H2B) အဖွဲ့က စီစဉ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ကျင်းပခဲ့တဲ့ အဆိုပါ ကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်၊ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် Dr. သက်ကိုကို၊ အလှမယ် Model မေမြတ်နိုးတို့က zoom ကနေတဆင့် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ရုပ်ရှင်ဒါရိုက်တာ ကိုပေါက် ကလဲ Freedom Tattoo Campaign နဲ့ ပတ်သက်ပြီး အမှတ်တရ စကားပြောကြားခဲ့ပါတယ်။
အခန်းအနားမှာ H2B အဖွဲ့က ယာယီတက်တူးတွေအပြင် နဂါးရုပ်တက်တူးပါ T-Shirts, Hoodies နဲ့ Tote Bags တွေကိုလဲ ရံပုံငွေအတွက် ရောင်းချပေးခဲ့ပြီး ပွဲလာ ပရိတ်သတ် တွေကို မြန်မာအစားအသောက်တွေနဲ့ ကျွေးမွေးဧည့်ခံခဲ့တယ်လို့ ဆိုပါတယ်။
၎င်းကမ်ပိန်းတွင် လှူဒါန်းသူတွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် Kim (ကင်မ်) ရဲ့ လက်မှတ်ပါရှိတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကို Freedom Tattoo Campaign ကို ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment