23rd MAR 2024 - Morning Daily News by Radio NUG

၂၀၂၄ မတ်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ယာယီသမ္မတအမိန့်ဖြင့် ထပ်မံထုတ်ပြန်

📌 ၂။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်ကို ကျေးဇူးတင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၃။ စစ်တပ်၏ တရားမဝင် အဓမ္မစစ်သားစုဆောင်းမှုမှာ  လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ ရခိုင်ပြည်နယ် အနှံ့အပြားက ရိုဟင်ဂျာလူငယ် ရာနဲ့ချီပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အဓမ္မနည်းနဲ့ စစ်သားအဖြစ် စုဆောင်းခြင်းခံနေရ

📌 ၅။ မြန်မာလူငယ်၂၃ဦးတရားမဝင် ဝင်ရောက်၍ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်ထဲမှာ ထိုင်းအာဏာပိုင်များကဖမ်းဆီး


၂၀၂၄ ခုနှစ် မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KNDF စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သော KNDF တပ်ရင်းအမှတ်() ရဲဘော်ရဲဘက်များ စုစုပေါင်း(၄၂)ဦး ရှိပြီး ကိုယ်လက်အစိတ်အပိုင်းများ ထိခိုက်ချို့ယွင်းခဲ့သော ရဲဘော် (၁၀)ဦးရှိ

🚩 ၂။ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူကာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အတွင်းသို့ ဝင်ရောက်တိုက်ခိုက်

🚩 ၃။ တန့်ဆည်မြို့နယ်အရှေ့မြောက်ဘက်ရှိ ကျွန်းလည်ရွာနှင့် ကဘဲရွာများဘက်မှအကြမ်းဖက် စကစတပ်များနှင့်ပျူများ မတ်လ(၁၈)ရက်နေ့မှစပြီး တန့်ဆည်မြို့နယ်ရှိကျေးရွာများသို့ မွှေနှောက်သောင်းကျန်းနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များလိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ယာယီသမ္မတအမိန့်ဖြင့် ထပ်မံထုတ်ပြန်


မတ်လ ၂၂ရက်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ယာယီသမ္မတအမိန့်နဲ့ မတ်လ ၂၂ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအားလုံး လိုက်နာရမယ့် စစ်သည် ကျင့်ဝတ်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်က ပြဌာန်းထားခဲ့ပြီးဖြစ်ပေမယ့် အဲဒီပြဌာန်းချက်တွေထဲက  လိုအပ်နေတာတွေကို ထပ်မံဖြည့်စွက် မွန်းမံပြီး စစ်သည်ကျင့်ဝတ်အသစ်ကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ယခုထုတ်ပြန်လိုက်တဲ့ စစ်သည်ကျင့်ဝတ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာရှိတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံး မဖြစ်မနေ လေးစားလိုက်နာဖို့နဲ့ စစ်သည်ကျင့်ဝတ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ဖို့ ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတအမိန့်နဲ့ ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။

နိုင်ငံတဝန်း စစ်ရေးအရှိန်များ တိုးမြှင့်ဖော်ဆောင်နေတဲ့ အခြေအနေမှာ ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်ကို ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရမယ့် အချက်တွေကို အလေးထား ဖော်ပြထားတဲ့အပြင် လက်နက်ချ အညံ့ခံသူတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရန် ရက်စက်ကြမ်းကြုတ်သော လူသားမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာကျစေသော ပြုမူဆက်ဆံမှု၊ အပြစ်ပေးမှုမျိုး မလုပ်ရန် ပြဌာန်းထားတာကိုတွေ့ရပါတယ်။

အမျိုးသမီး၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ ကလေးများအပေါ် ပြုမှုဆက်ဆံခြင်းဆိုင်ရာ အချက်များကိုလည်း ပြဌာန်းထားရာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း၊ အရှက်ခွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ စော်ကားခြင်းမပြုကြဖို့ တားမြစ်ထားပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးငယ်များကို တပ်သားသစ်စုဆောင်းခြင်း၊ လက်နက်ကိုင်လှုပ်ရှားမှုတွင် ပါဝင်စေခြင်း သို့မဟုတ် အခြား အန္တရာယ်ရှိစေမယ့်လုပ်ငန်းတွေမှာ အသုံးမပြုဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်ကို ကျေးဇူးတင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဆို


မတ်လလ၂၂ရက်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်ကို ကျေးဇူးတင်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကမတ်လ၂၂ရက်မှာ ဆိုရှယ်မီဒီယာမှာ အသိပေးရေးသားထားပါတယ်။


"မင်းရဲ့ ကတိသစ္စာ၊ သစ္စာတရားနဲ့ အပ်နှံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"လို့ဆိုထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၅ ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အပေါ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကဆွေးနွေးပြောဆိုခဲ့ပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏လူသတ်ပွဲကို လက်နက်နှင့် ဝင်ငွေကို ငြင်းပယ်ခြင်းဖြင့်ချက်ချင်း ရပ်တန့်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ချက်ချင်းဆောင်ရွက်ရန် အထူးကိုယ်စားလှယ်ကဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ စစ်တပ်၏ တရားမဝင် အဓမ္မစစ်သားစုဆောင်းမှုမှာ  လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


မတ်လ၂၂ရက်။

စစ်တပ်၏ တရားမဝင် အဓမ္မစစ်သားစုဆောင်းမှုမှာ  လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားပါတယ်။


မတ်လ၁၈ရက် ကုလသမဂ္ဂဆိုင်ရာ လူဇင်ဘတ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် International IDEA တို့မှ ကြီးမှူး၍ Womens Political Participation and Empowerment in Post-Coup Myanmar ခေါင်းစဉ်ဖြင့် Side-event ကို ကျင်းပရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ အပိတ်အမှာစကားကိုပြောကြားခဲ့ပါတယ်။

"အမျိုးသမီးများနှင့် လူငယ်လူရွယ်များသည် တရားမဝင်သော စစ်အာဏာရှင်အား ခုခံတွန်းလှန်ရာတွင် ရှေ့တန်းမှ တစ်စိုက်မတ်မတ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း မိမိတို့၏ လူငယ်လူရွယ်များသည် စစ်အာဏာရှင်များ၏ အမျိုးမျိုးသော ပစ်မှတ်ထားခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ စစ်တပ်၏ တရားမဝင် အဓမ္မစစ်သားစုဆောင်းမှုမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ယင်းမှာ လူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာလျက်ရှိကြောင်း၊  ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ လုပ်ပိုင်ခွင့် ပိုမိုရရှိနိုင်ရေးနှင့် ကျားမတန်းတူညီမျှမှုရှိရေး၊ စစ်အာရှင်စနစ် ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းတည်ငြိမ်၍ တရားမျှတသော၊ အားလုံးပါဝင်သော ဒီမိုကရေစီအသိုက်အဝန်း ပေါ်ထွန်းလာစေရေးအတွက် ဦးဆောင်လှုပ်ရှားနေသူများအား လိုအပ်သည့် အကူအညီများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ငြိမ်းချမ်းရေးတည်ဆောက်သူများ၊ ငြိမ်းချမ်းရေးထိန်းသိမ်းသူများနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အပြောင်းအလဲ ဖန်တီးပေးနိုင်သူများ ဖြစ်ကြောင်း သံအမတ်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ ရခိုင်ပြည်နယ် အနှံ့အပြားက ရိုဟင်ဂျာလူငယ် ရာနဲ့ချီပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အဓမ္မနည်းနဲ့ စစ်သားအဖြစ် စုဆောင်းခြင်းခံနေရ


မတ်လ၂၂ရက်။

ရခိုင်ပြည်နယ် အနှံ့အပြားက ရိုဟင်ဂျာလူငယ် ရာနဲ့ချီပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အဓမ္မနည်းနဲ့ စစ်သားအဖြစ် စုဆောင်းခြင်းခံနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက မတ်လ၂၂ရက်မှာ ဆိုရှယ်မီဒီယာမှာအသိပေးဆိုပါတယ်။


"ရခိုင်ပြည်နယ် အနှံ့အပြားက ရိုဟင်ဂျာလူငယ် ရာနဲ့ချီပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အဓမ္မနည်းနဲ့ စစ်သားအဖြစ် စုဆောင်းခြင်းခံနေရပါတယ်။ အချို့ ရိုဟင်ဂျာလူငယ်တွေဟာ စစ်တပ် လက်ကလွတ်အောင် နည်းလမ်းမျိုးစုံနဲ့ ထွက်ပြေးလွတ်မြောက်အောင် ကြိုးစားနေတာတွေလည်း ရှိနေပါတယ်။ အဖက်ဖက်က ဖိနှိပ်ပိတ်ဆို့ခြင်း ခံထားရတဲ့ ရိုဟင်ဂျာတွေအတွက် အခုလို စစ်ကောင်စီရဲ့ အဓမ္မနည်းနဲ့ စစ်သားစုဆောင်းနေမှုကိစ္စဟာ တုန်လှုပ်ခြောက်ချားဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေဆီကနေ သိရပါတယ်။ မောင်တောမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာလူငယ်တွေဟာ အကြမ်းဖက် စစ်တပ်ရဲ့ ရိုဟင်ဂျာရွာတွေကို ဝင်ရောက်စီးနင်းပြီး စစ်သားအဖြစ် စုဆောင်းနေတာကနေ လွတ်မြောက်ဖို့ ထွက်ပြေးနေရပါတယ်"လို့ဆိုပါတယ်။


မောင်တောမြို့ မြောက်ဘက် နှစ်မိုင်အကွာရှိပေါင်းဇား(ဒုလီယာဖါရာ)မှ လူငယ်များဟာမတ်လ၂၂ရက်နေ့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။


========================


📌📌 ၅။ မြန်မာလူငယ်၂၃ဦးတရားမဝင် ဝင်ရောက်၍ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်ထဲမှာ ထိုင်းအာဏာပိုင်များကဖမ်းဆီး


မတ်လ၂၂ရက်။

မြန်မာလူငယ်၂၃ဦးတရားမဝင် ဝင်ရောက်၍ ထိုင်းနိုင်ငံ ဖုတ်ဖရမြို့နယ်ထဲက ထိုင်းအာဏာပိုင်များကဖမ်းဆီးခဲ့ပါတယ်။


မတ်လ၂၂ရက်မှာ ထိုင်းအာဏာပိုင်ဘက်က ထုတ်ပြန်ဖော်ပြပါတယ်။


ထုတ်ပြန်ဖော်ပြချက်အရ မြန်မာလူငယ်၂၃ဦးကို ထရပ်ကားနောက်တွင် တရားမဝင်လိုက်ပါလာတာကို တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


ထို့နောက်၄င်းတို့အား ရဲစခန်းသို့လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ဆိုပါတယ်။


ထိုင်းနိူင်ငံ မဲဆောက်နှင့် မဲ့ရမယ့်၊ ဖုတ်ဖရမြို့နယ်တို့တွင် နယ်စပ်လုံခြုံရေးများတိုးမြှင့်ထားသည့်အပြင် စစ်ဆေးရေးဂိတ်များပါ ထပ်တိုးဖွင့်လှစ်၍ စစ်ဆေးမှုများနေ့စဥ်လုပ်ဆောင်လျက်ရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ KNDF စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သော KNDF တပ်ရင်းအမှတ်() ရဲဘော်ရဲဘက်များ စုစုပေါင်း(၄၂)ဦး ရှိပြီး ကိုယ်လက်အစိတ်အပိုင်းများ ထိခိုက်ချို့ယွင်းခဲ့သော ရဲဘော် (၁၀)ဦးရှိ


မတ်လ ၂၂ရက်။

KNDF စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သော KNDF တပ်ရင်းအမှတ်() ရဲဘော်ရဲဘက်များ စုစုပေါင်း(၄၂)ဦး ရှိပြီး ကိုယ်လက်အစိတ်အပိုင်းများထိခိုက်ချို့ယွင်းခဲ့သော ရဲဘော် (၁၀)ဦးရှိလာပြီလို့ မတ်လ၂၂ရက်မှာ KNDF Battalion-02က တရားဝင် အသိပေးဖော်ပြပါတယ်။


"KNDF စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သော KNDF တပ်ရင်းအမှတ်() ရဲဘော်ရဲဘက်များ စုစုပေါင်း(၄၂)ဦး ရှိပြီး ကိုယ်လက်အစိတ်အပိုင်းများ ထိခိုက်ချို့ယွင်းခဲ့သော ရဲဘော် (၁၀)ဦးရှိပါတယ်။ သူတို့ဟာ ထောက်ပို့၊ မိုင်း၊ တိုက်ပွဲမှတ်တမ်း၊ တိုက်ခိုက်ရေး၊ ကွပ်ကဲရေး စတဲ့နယ်ပယ်များမှာ အသီးသီးတာဝန်ထမ်းရွက်ခဲ့ကြသူတွေ ဖြစ်တယ်။ ချစ်ခင်ရတဲ့ မိတ်ဆွေတွေဖြစ်တယ်။ မိသားစုရဲ့ တန်ဖိုးထားရသူတွေ၊ မိဘတွေ၊ သားသမီးတွေဖြစ်ပါတယ်။ နက်ရှိုင်းတဲ့ မိသားစုဝင်များရဲ့ ဆုံးရှုံးမှုအတွက် ကြေကွဲကြရပါတယ်"လို့ဖော်ပြပါတယ်။


စစ်မြေပြင်မှာတိုက်ပွဲအပြင်းထန်ဆုံးအခြေအနေမှာဆိုရင် နာရီပိုင်းကို ရာဂဏန်းနီးပါးထိ အမြောက်ဆံတွေပစ်နိုင်တဲ့ စစ်ကောင်စီအမြောက်တပ်တွေနဲ့ ရင်ဆိုင်ရဖို့ သေချာပြီး ၆၀မမ ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ လေထုဖိအားသက်ရောက်မှုက နားစည်တွေကိုထိခိုက်စေနိုင်ကာ အနည်းဆုံး (၁၀၀-၁၅၀)မီတာ အကွာကနေတောင် တုန်ခါမှု ခံစားရနိုင်တယ်လို့ဆိုပါတယ်။


နောက်ပိုင်း စစ်မြေပြင်မှာတော့ ၁၂၀မမ နဲ့ လေယာဉ်ဗုံးသီးတွေ ဖောသီသီသုံးပြီး တိုက်ခိုက်တာ ကြုံလာရတယ်လို့လည်းဖော်ပြပါတယ်။


========================


🚩🚩 ၂။ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖြစ်အသွင်ယူကာ ရန်ကုန်တိုင်းစစ်ဌာနချုပ် အတွင်းသို့ ဝင်ရောက်တိုက်ခိုက်


မတ်လ ၂၂ရက်။

ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ရဲဘော်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဖြစ် အသွင်ယူပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းဝင်ရောက်ကာ စစ်ကောင်စီအရာရှိကြီးတွေ ဂေါက်သီးရိုက်ကစားနေတဲ့နေရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၂ ရက်နေ့ သောကြာနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း စစ်ကောင်စီအရာရှိကြီးတွေ ဂေါက်သီးရိုက်ကစားတဲ့ ဂေါက်ကွင်းနေရာကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က အသွင်ယူဝင်ရောက်ပြီး ပြင်းအားမြင့် အဝေးထိန်းမိုင်းသုံးကာ တိုက်ခိုက်ခဲ့ရာမှာ အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အထူးထောက်လှမ်းရေးအဖွဲ့အသွင်ယူထားတဲ့ ရန်ကုန်ပကဖရဲဘော်တွေက တိုင်းစစ်ဌာနချုပ်သို့ စစ်ကောင်စီရဲ့ ကစထ - မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနဲ့အဖွဲ့ လာရောက်မှာဖြစ်ကြောင်းနဲ့ ၎င်းနဲ့အတူ စစ်ကောင်စီဝန်ကြီးအချို့၊ ရန်ကုန်တိုင်း စစ်တိုင်းမှူး၊ မြို့တော်ဝန်နဲ့ အခြား စစ်ဘက် အရပ်ဘက်အရာရှိကြီးများ လာရောက်ဖို့ရှိကြောင်း သတင်းအတိအကျ ပေးပို့ လာတဲ့အတွက် ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ရဲဘော်တွေက တိုင်းစစ်ဌာနချုပ်အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဖြစ် အသွင်ယူဝင်ရောက်ပြီး အချိန်မီတိုက်ခိုက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ခဲ့ရတယ်လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိပ်တန်းအရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိ၊ အရာခံများ ထိခိုက် ဒဏ်ရာရရှိမှု များခဲ့ပေမယ့်  သေဆုံးစာရင်းကို အတိအကျမသိရသေးဘူးလို့ ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) တာဝန်ရှိ သူက ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုက ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံကို ဘေးပတ်ဝန်းကျင်မြို့နယ်တွေက ကြားရပြီး တိုင်းစစ်ဌာနချုပ် အတွင်းသို့ မီးသတ်ကားနဲ့ လူနာတင်ကားတွေဝင်သွားကြောင်း သိရတယ်လို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က ပြောပါတယ်။

ဒီတိုက်ခံရမှုဟာ အကြမ်းဖက် စစ်တပ်အနေနဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့ ရဲ့ အချက်အခြာနေရာမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်ကိုတောင် လုံခြုံအောင် ကာကွယ်နိုင်ခြင်းမရှိဘူးဆိုတာ သက်သေပြရာရောက်တယ်လို့ စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြုပါတယ်။ 

တရားမဝင်တဲ့ စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီး ပြည်သူလူထုအပေါ်  ဗိုလ်ကျစိုးမိုး၊ နိုင်ထက်စီးနင်းလုပ်ဆောင်ကာ အာဏာ အလွဲသုံးစားလုပ်နေတာကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်း ပကဖ က ထုတ်ပြန်ထားပါ တယ်။

ဒါကြောင့် ဖက်ဆစ်စစ်တပ်အလိုတော်ရိ၊ နောက်လိုက်နောက်ပါ၊ ထောက်တိုင်၊ သတင်းပေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ စသဖြင့် အဆင့်ဆင့် တာဝန်ယူလုပ်ကိုင်နေသူများကိုလည်း ပြည်သူလူထုအပေါ် ဆက်လက်မောက်မာကျူးလွန် နေမယ်ဆိုရင် စနစ်တကျလေ့လာပြီး အပြီးသပ်ချေမှုန်းတိုက်ခိုက်မှုများ ဆက်တိုက်ဆောက်ရွက်သွားမယ်လို့လည်း ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) က သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တန့်ဆည်မြို့နယ်အရှေ့မြောက်ဘက်ရှိ ကျွန်းလည်ရွာနှင့် ကဘဲရွာများဘက်မှအကြမ်းဖက် စကစတပ်များနှင့်ပျူများ မတ်လ(၁၈)ရက်နေ့မှစပြီး တန့်ဆည်မြို့နယ်ရှိကျေးရွာများသို့ မွှေနှောက်သောင်းကျန်းနေ


မတ်လ၂၂ရက်။

တန့်ဆည်မြို့နယ်အရှေ့မြောက်ဘက်ရှိကျွန်းလည်ရွာနှင့် ကဘဲရွာများဘက်မှ အကြမ်းဖက်စကစတပ်များနှင့် ပျူများ မတ်လ(၁၈)ရက်နေ့မှစပြီး တန့်ဆည်မြို့နယ်ရှိကျေးရွာများသို့ မွှေနှောက်သောင်းကျန်းနေတယ်လို့ မတ်လ၂၂ရက်မှာ TAZE LOCAL PDFကတရားဝင်အသိပေးဖော်ပြပါတယ်။


"တန့်ဆည်မြို့နယ်အရှေ့မြောက်ဘက်ရှိ ကျွန်းလည်ရွာနှင့် ကဘဲရွာများဘက်မှ အကြမ်းဖက်စကစတပ်များ၊ ပျူများအုပ်စုဟာ ယခုလမတ်လ(၁၈)ရက်နေ့မှစပြီး တန့်ဆည်မြို့နယ်အရှေ့မြောက်ဘက်ရှိ မြောက်အင်းကျေးရွာ၊ အိုးသည်ကုန်းကျေးရွာ၊ ညောင်လေးပင်ကျေးရွာ၊ ညံသာကျေးရွာနှင့် တုတ္တလုပ်ကျေးရွာများအား အကြမ်းဖက်ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးမှုများ ကျုးလွန်ခဲ့ကြပြီး ထိုကျေးရွာများမှတဆင့် မတ်လ(၂၁)ရက်နေ့မနက်ပိုင်းမှာ တန့်ဆည်မြို့ပေါ်သို့ရောက်ရှိလာကြပြီး ညနေအစောပိုင်းအချိန်မှာ တန့်ဆည်တောင်ဘက်ခြမ်းရှိ တနယ်ကျေးရွာအတွင်းဝင်ရောက်ညအိပ်နေကြောင်းသိရှိရပါတယ်"လို့ဖော်ပြပါတယ်။


မတ်လ(၂၂)ရက်နေ့မနက်အစောပိုင်း တနယ်ကျေးရွာမှ ထွက်ခွာသွားကြပြီး ထိုရွာမှတဆင့်စိန်းစားကျေးရွာနှင့် ချောင်းရိုးကျေးရွာများဘက်မှာ ရောက်ရှိသွားကြပြီလို့သိရှိရပါတယ်။


တန့်ဆည်မြို့နယ်တောင်ဘက်ခြမ်း စကစစစ်ကြောင်းအနီးအနားရှိ ကျေးရွာများမှာ နေထိုင်ကြတဲ့ကျေးရွာများမှ ပြည်သူများအားလုံးအကြမ်းဖက်အုပ်စုများရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ထပ်ပြီးမခံကြရစေရန် မြေပြင်သတင်းများအတည်ပြု ချိတ်ဆက်ပြီးတော့ စစ်ကြောင်းများနှင့်ဝေးရာများမှာ ရှောင်တိမ်းနေထိုင်ကြရန်အသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နဲ့ ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment