အာဏာသိမ်းပြီး ၃နှစ်အတွင်း ပြိုကျသွားတဲ့ မြန်မာ့စိုက်ပျိုးစီးပွားလုပ်ငန်း

အာဏာသိမ်းပြီး ၃နှစ်အတွင်း ပြိုကျသွားတဲ့ မြန်မာ့စိုက်ပျိုးစီးပွားလုပ်ငန်း

မကြေးမုံ (Radio NUG) မတ် ၃၊ ၂၀၂၄ (သတင်းဆောင်းပါး)



မီးလောင်ပြင်ဖြစ်သွားတဲ့ စစ်မက်သင့် ရွာတွေ

ကင်းမရွာ မီးလောင်ပြင်ကြားကနေ မျက်ရည်စက်လက်နဲ့ နွားလှည်းကိုတအိအိ မောင်းလာ တဲ့ အမျိုသမီးတစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇွန်လ ၁၈ရက်နေ့ နေ့လည်ပိုင်းမှာ ကြေကွဲ စွာနဲ့တွေ့ မြင်ခဲ့ရပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးမီးလောင် ကျွမ်းခဲ့တဲ့ ကျေး ရွာတွေထဲ မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကင်းမကျေးရွာလည်းပါဝင်ခဲ့ပါတယ်။ အိမ် ခြေ ၂၄၀ရှိတဲ့အဲ့ဒီရွာမှာ ပဋိပက္ခတွေကြားအိမ်ခြေ ၁၅၀ ဟာမီးလောင်ကျွမ်းခဲ့ ရတာြဖစ် ပါတယ်။ လှည်းမောင်းလာသူအမျိုးသမီးဟာ ကင်းမရွာကတောင်သူတစ်ဦးဖြစ် ပြီး ပဋိပက္ခတွေကြားမှာ မီးလောင်ကျွမ်းခဲ့ရတဲ့အခြေနေကို ခုလိုပြောပြပါတယ်။

“အိမ်မှာတော့ဘာမှမကျန်ဘူး။ စပါးအိမ်ရော အကုန်လုံးရသမျှ သီးနှံတွေရော အပြောင်ပါသွားပြီ၊ ခလေးတွေက ဒီးဒုတ် မှာ။ ဘာမှကို မသိမ်းခဲ့ရဘူး။ လယ်ထဲကဟာတွေရော အကုန်လုံးကုလားပဲတွေရော အကုန် လုံးဘာမဆို။ ဘာမှကိုမကျန်ဘူး။ ကျွန်မတို့အိမ်က ရွာမြောက်ဆုံးက။ အဲ့ဒါခလေးလေး တွေကို သွားခေါ်ချည်ရအောင်လို့ ”

အဲ့ဒီနေ့က ကင်းမရွာမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေသလို သေနတ်ပစ်ခတ်သံတွေ ကိုကြားခဲ့ရပြီး ရွာထဲက လေဖြတ်ထားတဲ့အဘိုးအို ကိုကူဆွဲရင်း ကျန်းမာရေး ကောင်း မွန်တဲ့ ဇနီးသည်အဘွားအိုပါ သေဆုံးခဲ့ရပါတယ်။ ကျန်ရစ်သူသား တစ်ဦးကို မီးလောင် ပြင်ထဲက မိဘများအရိုးကျရာနေရာမှာ စိတ်မကောင်းဖွယ်ရာတွေ့မြင်ခဲ့ရပါတယ်။ ကင်းမရွာ ရဲ့အဓိက စီးပွား ရေးမှာ စပါးကစားဖို့၊ ကြက်သွန်ကသုံးဖို့လို့ဆိုကြသလို မီးထဲ ပါသွားတဲ့ စပါးနဲ့ ကြက်သွန်တွေကတောင်လိုပုံနေပြီး ကြက်သွန်မီးဖုတ်အနံ့တွေက တစ်ရွာလုံး စိတ် မချမ်းသာစရာကောင်းလောက်အောင်ကို ပျံ့လွင့်လို့နေပါတယ်။ စပါးနဲ့ ကြက်သွန် အပြင် တစ်နှစ်ကိုသုံးသီးစိုက်ပျိုးတဲ့ အဲ့ဒီရွာမှာ နောက်ရာသီအတွက်မျိုးချန်ထားတဲ့မြေပဲ၊ နှမ်း၊ ကုလားပဲနဲ့ ပဲစင်းငုံမျိုးတွေလည်းမီးထဲပါသွားခဲ့ပါတယ်။


စစ်လန့်စာ စား ဘ၀များ

“ စစ်ဖြစ်ကြတယ် သွားရလာရတာနည်းနည်းခက်သွားတာပေါ့။ ဥပမာ ကြောက် စိတ်နဲ့မလုံခြုံဘူး၊ လုပ်ရတာ ပျော်ပျော်ရွှင်ရွှင်မရှိဘူး အဲ့ဒါဖြစ်တာပေါ့။ အဲ့လိုဖြစ်နေတော့ ဘယ်နေ့ကိုယ့်ဆီကိုကျည်ဆန်လာမလဲအဲ့လိုတွေးကြတာပေါ့၊ လယ်ထွန်ရင်းကနေပြီး တော့ကြောက်စိတ်နဲ့အလုပ်လုပ်ရတာပေါ့။ နောက်ပြီးတော့တစ်ခုခုသွားမယ်ဆိုရင်လည်း စရိတ်တွေများတယ်၊ အဖမ်းခံရမလား၊ ဘာဖြစ်သွားမလဲ၊ မနက်အိပ်ရာကနေထရင် စိုးရိမ် ပူပန်စိတ်ဖြစ်နေရတယ်၊ အေးချမ်းတဲ့ဘဝတစ်ခုမဖြစ်ဘူးပေါ့ ”

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၃နှစ်တာကာလအတွင်း မြန်မာ့စိုက်ပျိုး စီးပွားဆုတ် ယုတ်လာပုံကို ကောက်ပဲသီးနှံဈေးကွက်ကြီးနဲ့အနီးဆုံးတည်ရှိရာ ရန်ကုန်တိုင်းအတွင်းက စပါးနဲ့ပဲ ဧက ၂၀ စိုက်ပျိုးသူတောင်သူတစ်ဦးကအခုလိုသုံးသပ်ပါတယ်။

“ အကျိုးမြတ်က ဆုတ်ယုတ်တာပေါ့ ညီမရေ၊ တို့ဘက်ကကျတော့ ဥပမာ ဟိုအ ရင်တုန်းက အာဏာမသိမ်းခင်တုန်းက ပဲတစ်တင်းတန်ကြေးက လေးသောင်းခွဲ၊ ဒေါ်လာ ဈေးက ၁၅၀၀ပဲထားအုန်း ၊ ဒေါ်လာ ၃၀တန်နေပြီ။ အခုချိန်မှာ ဒေါ်လာဈေးအပြင်ပေါက် ဈေးက လေးထောင် နီးပါးလောက်ဖြစ်နေတဲ့အချိန်မှာ ရှစ်သောင်းဆိုတော့ ဒေါ်လာ ၂၀ လောက်ပဲရှိတယ်။ ရှစ်သောင်း ပတ်လည်ပေါ့နော်၊ နည်းနည်းပါးပါး အစွန်းထွက်ရှိမယ်၊ ပြောချင်တာက တို့ဆီကထွက်တဲ့ ပစ္စည်းကျ‌တော့ ဈေးက မရှိတော့ဘူး၊ သူများဆီကဝယ်သုံးတဲ့ ဒီဇယ်ဓတ်ဆီစက်ပစ္စည်း အဲ့ဒါတွေကျတော့ သုံးဆ လောက်တက်တာ၊ အဲ့တော့ ရလာဒ်ကဘာဖြစ်လာမလဲ ဆိုတော့ အများစုကပြောမယ်ဆိုရင် ဆင်းရဲမွဲတေမှုကို ဦးတည် တာပေါ့ ညီမလေးရာ ”



ရောင်းဖို့ စျေးကွက်တွေ ပျောက်ဆုံးကုန်ပြီ

မြန်မာပြည်ရဲ့ စားဖိုဆောင်လို့ ခေါ်ရလောက်အောင် ဟင်းသီးဟင်းရွက်နဲ့ ထောပတ်၊ လိမ္မော်၊ နာနတ် ဥယျာဥ်ခြံများတည်ရှိရာ ရှမ်းပြည်နယ်က နာနတ် စိုက်ပျိုးသူတောင်သူ တွေမှာလည်း အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံကို တစ်ဆင့် တင်ပို့တဲ့ မူဆယ် နယ်စပ်ဈေးကွက် တင်ပို့ မှုရပ်ဆိုင်းသွားသလို ပြည်တွင်းရောင်းဝယ်မှုမှာလည်း ရန်ကုန်နဲ့ မန်းလေး ဈေးကွက်ကို တင်ပို့နိုင်မှုလည်း လျော့ကျသွားခဲ့ပါတယ်။ စစ်အာဏာသိမ်းလိုက် တဲ့နောက်ဆက်တွဲ အကျိုးဆက်တွေက စီးပွားဖြစ်သီးနှံစိုက်မရအောင်ခက်ခဲလာတဲ့ ရှမ်းမြောက်ဒေသကတောင်သူတွေ ရဲ့အခြေနေကို သီပေါမြို့နယ်က နာနတ်စိုက်တောင်သူ တစ်ဦးက အခုလိုပြောပါတယ်။

“အားလုံးတွေးထားတဲ့အတွေးပေါ့နော်၊ လုပ်ငန်းရှင်ရော တောင်သူရော အိမ်မှာ နေတဲ့မှီခိုမိသားစုအသိုင်းအဝန်းတွေရော ဘယ်လိုတွေ စဥ်းစားကြလဲဆိုတော့ မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာက သတင်းတွေကြည့်နေရတဲ့အနေထားမျိုးပါ၊ မနက်ဖြန်ဘာဖြစ်မလဲ မသိတဲ့အနေထားမျိုးမှာ ကိုယ့်မိသားစု မသေအောင်ဘယ်လို အသက်ရှင်အောင်ဖန် တီးရမလဲဆိုတာရယ်၊ တစ်လစာ၊ နှစ်လစာစားမယ့်ရိက္ခာလေးတွေ ကိုယ့်ဆီမှာ ရှိထားဖို့ရယ်လောက်ပဲ အာရုံစိုက်နိုင်တယ်။ ကျန်တဲ့လုပ်ငန်းကမစဉ်းစားရဲဘူးဖြစ်နေတယ် ”

ဒါကြောင့်မူဆယ်နယ်စပ်နဲ့ အနီးဆုံးဒေသတွေမှာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကကျဆင်း သွား သလို ဆက်သွယ်ရေးလမ်းကြောင်းတွေရဲ့ လုံခြုံရေးအခြေနေတွေကြောင့် ကုန်သွယ်မှုက လျော့ကျသွားပြီး ကုန်သွယ်မှုတန်ဖိုးက မနှစ်ကကာလတူတင်ပို့မှုထက် အမေရိကန် ဒေါ်လာ ၇၁သန်းလျော့နည်းနေသလို ပြီးခဲ့တဲ့ အာဏာမသိမ်းခင်၂၀၂၀ပြည့်နှစ်နဲ့ အာ ဏာသိမ်းပြီး ၂၀၂၃ တင်ပို့မှုကိုနှိုင်းယှဥ်ကြည့်ရင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အထိလျော့ကျလာပါတယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅ဘီလီယံ နီးပါးကုန်သွယ်မှု တန်ဖိုးရှိခဲ့တဲ့ မူဆယ်ဈေးကွက်ကြီး ရဲ့ရပ်ဆိုင်းထားရတဲ့ လတ်တလောအခြေနေတွေကြောင့် နာမည်ကြီး သစ်သီးပွဲရုံတာဝန်ခံတစ်ဦးက အခုလိုသတင်းစကားပါးထားပါတယ်။

“ အခုကြုံနေတဲ့အနေထားကတော့ စိတ်ရှည်ရှည်နဲ့သည်းခံရမှာပေါ့၊ ဆိုလိုတာက ဒီလမ်းပိုင်းအနေထားအရ လုပ်လေ မြှုပ်လေ၊ ပိုပြီးတော့ အခြေနေမကောင်း၊ ပိုပြီးဆုံးရှုံးမှု တွေများလာမှာလည်း စိုးရိမ်ရတယ်၊ တောင်သူတွေသတိထားပြီးလုပ်ဖို့တော့လိုတာပေါ့ နော့် ”


စစ်မီး မကူးသေးဘဲ စစ်မီးဟတ်ခံနေရတဲ့ ဒေသတွေရှိ

အာဏာသိမ်းပြီးတဲ့နောက် စစ်ရေးအရထိတွေ့မှုနည်းပါးတဲ့ ဧရာဝတီတိုင်းဒေသ ကြီးမှာလည်း လတ်တလော ကမ္ဘာ့ဆန်ဈေးကောင်းမွန်နေတဲ့အခိုက်တန့်မှာ ဆန်စပါးနဲ့မတ်ပဲ ဈေးတွေကောင်းနေ ပေမယ့် မြေနုကျွန်းတွေမှာအဓိက စိုက်ပျိုးတဲ့ ငရုပ်တွေကတော့ လမ်းခရီးမကောင်းလို့ငရုပ်ဈေးတွေကျနေသလို ဝယ်သူမရှိတဲ့ အခြေနေမှာ ကြုံနေရပါတယ်။ စစ်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့ကာလတွေ ကိုပြန်ကြည့်မယ်ဆိုရင် ကျပ်ငွေတန်ဖိုး မတည်ငြိမ်ပဲ အကျဘက်ကို ရောက်ခဲ့တာကြောင့် ပြည်ပတင်ပို့တဲ့ ငရုပ်လုပ်ငန်းတွေ အ ကျိုးမြတ်နည်းခဲ့ပါတယ်။ အခု နှစ်မှာတော့ ဈေးကွက်တင်ပို့ဖို့ပါ ခက်ခဲလာပြီး စိုက်ပျိုး ထုတ်လုပ်သူတွေ အပါအဝင် တင်ပို့ ရောင်းချသူ ကွင်းဆက်တစ်ခုလုံးအထိ နာရတယ်လို့ ညောင်တုန်း မြို့နယ်မှ ငရုပ်စိုက်ပျိုး ရောင်းချသူတစ်ဦးကပြောပါတယ်။

မြန်မာ့သမိုင်းတစ်လျှောက်မှာ စစ်တပ်ကအာဏာသိမ်းတာ ဖြစ်တောင့်ဖြစ်ခဲကိစ္စမျိုး မ ဟုတ်ပေမယ့် ၂၀၂၁ စစ်တပ်က အာဏာထပ်သိမ်းလာတဲ့အခါမှာတော့ မြန်မာပြည်သူ တွေ ရဲ့ သည်းခံနိုင် စွမ်းဟာ အတိုင်းအတာ တစ်ခုကိုကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာ သိမ်းပြီး ရက် ပိုင်းအတွင်းမှာပဲ ရန်ကုန် မြိုက လှည်းတန်း၊ မြေနီကုန်း၊ ဆူးလေ တစ် လျှောက်မှာ သိန်း သောင်းချီတဲ့ မြန်မာပြည်သူ တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒ ပြခဲ့ကြပါတယ်။ စစ်တပ်ကအာဏာသိမ်းတာကို လက်သင့်မခံကြောင်း မြန်မာပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ပေမယ့် အကြမ်း ဖက်ဖြိုခွင်းလာပြီးတဲ့နောက် အသက်တွေကိုစတေးရင်း မြန်မာ့ နွေဦးတော်လှန်ရေး ကန့်လန့်ကာကို ဖွင့်ချလာခဲ့ရပါ တယ်။ အာဏာ သိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း ၃၃၀အနက် ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာ မြို့နယ်အများအပြားအပါအဝင် မြို့နယ်ပေါင်း ၂၂၀ကျော်မှာ တိုက်ပွဲ ပေါင်း တစ်သောင်းနှစ်ထောင့်ခြောက်ရာနီးပါးဖြစ်ပွားခဲ့ပါ တယ်။



ဖြတ်လေးဖြတ်အောက်က ပြည်နယ်နဲ့ တိုင်းတွေ

ဒါကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းတွေအခြေတည်ရာ မြန်မာ့ကျေး လက်ဒေသတွေထဲက စစ်ကိုင်း၊ မကွေး၊ မန်းလေး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်နီပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်း ထန်လာသလို စစ်တပ်ရဲ့ဖြတ် လေး ဖြတ် ပိတ်ဆို့မှုတွေ၊ လုံခြုံရေး အခြေနေတွေကြောင့် ကောက်ပဲသီးနှံတွေ ပုံမှန်မ စိုက်ပျိုး နိုင် တော့တာ၊ ဈေးကွက်တင်ပို့ဖို့ ခက်ခဲတာတွေဖြစ်လာပါတယ်။ ဒီအခြေနေက ကျေး လက် လူဦးရေအများစုမှီခိုနေကြပြီး ပြည်တွင်းထုတ်လုပ်မှု (GDP) စုစုပေါင်းရဲ့ ၂၃ရာခိုင်နှုန်း လောက်နဲ့ စုစုပေါင်းပို့ကုန်ရငွေ ရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရရှိနေတဲ့ မြန်မာ့ စိုက်ပျိုးစီးပွား လုပ်ငန်းဟာ မကြုံဖူးလောက်အောင်ကို အခက်အခဲအကြပ်တည်းတွေ နဲ့ရင် ဆိုင်နေရ တာဖြစ်ပါတယ်။

စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဥ်ခြံလုပ်ငန်းတွေပါလုပ်ကိုင် နေကြတဲ့ ရခိုင်ပြည်နယ်မှာလည်း ရခိုင့်တပ်တော် AA နဲ့ အာဏာသိမ်းစစ်တပ်အကြားပြီးခဲ့တဲ့ နိုဝင်ဘာလ ကထဲက တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ရခိုင်ပြည်သူတွေကို ကြည်းတပ်နဲ့ ရေတပ်အင်အားပါသုံး ပြီး ပစ်ခတ်နှိမ်နင်း ကြတဲ့အပြင် ဒေသတွင်း ဖြတ်သန်း သွားလာလို့ မရ အောင်ပိတ်ဆို့ထားခဲ့ပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံးမှာ ပေါာဆန်းစိုက် ဧကတွေလျော့ကျလို့အထွက်နည်းပြီး စပါးတင်း တစ်ရာကို ကျပ် ၃၅သိန်းနဲ့အထက် ဈေးပေးပြီး အလုအယက် ရောင်းဝယ်နေကြပေမယ့် ရခိုင်မှာတော့ အရည်သွေးကောင်း ပေါ်ဆန်းတွေ ဝယ်သူမရှိပဲ မီးဘေးမကျနိုင်တဲ့ ကွင်းထဲမှာပဲ သိမ်းဆည်းထားရပါတယ်။ မိုခါမုန်တိုင်းနဲ့ စစ်ဘေး ဒဏ်ကြားက အသက်နဲ့ရင်းစိုက်ပျိုးထားတဲ့ ပေါ်ဆန်းတွေ ပေါ်လာချိန်မှာ ရခိုင်တောင်သူတွေမှာ စားဝတ်နေရေးအတွက် စပါးတစ်တင်းတောင် ရောင်းစရာနေရာမရှိပဲ အဆိုးဆုံး အခက်အခဲတွေ နဲ့ရင်ဆိုင်လာရပါတယ်။ လတ်တလော ရခိုင် တောင်သူတွေရဲ့ အခြေနေကို ကျောက်တော်မြို့နယ်က စပါးစိုက်ဧက၂၀ကျော်စိုက်ပျိုး တဲ့လယ်သမားကြီး တစ်ဦးကအခု လိုပြောပါတယ်။

“ အခုကတော့ တကယ်တမ်းပြောရလို့ရှိရင်တော့ ငွေတက်တာတော့ များတယ် ပေါ့နော်၊ ၂၀၁၉ က ကျွန်တော်တို့စရောင်းတုန်းက ၁၅၀၀၊ ၂၀၀၀ ဆိုတာ တော်တော်ကို ဈေး ကောင်းတာ၊ ဒီတုန်းကကျတော့ ဘတ်ဈေးက ၄၀ ပဲရှိတယ်၊ ဗမာငွေ တစ်ရာကို ၄၀ ရတယ်။ အခုက ဗမာငွေ တစ်ရာနဲ့ ကိုးဆယ်မှ တစ်ဘတ် ရတယ်ဆိုတော့ ကျွန်တော်တို့က အခုရတဲ့ သုံးထောင်ဈေးက အရင်ရတဲ့ နှစ်ထောင်ဈေးကိုမမှီဘူး။ အဲ့တော့သွင်းအားစုနဲ့ လက်ရှိသိရတဲ့အနေထားကတော့ အများကြီးတောင်သူတွေ ဆုတ်ယုတ်တဲ့အနေထားမှာရှိတယ်။ အကုန်လုံး အများအားဖြင့်ခံရတာ ကုန်သည်လုပ်တဲ့ လူတွေက ကြွေးဆုံးတွေများတာပေါ့။ မြေဩဇာချပေး ပြန်မရ၊ လောလောဆယ် အလယ်ကနေ လုပ်တဲ့လူတွေပါ အကုန်ဒုက္ခရောက်တာ ”

စိုက်ပျိုးမြေတွေ ကျဆင်း ပျောက်ဆုံး

အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့အကျိုးဆက်တွေက အမျိုးသားမြေယာမူဝါဒ ခိုင်ခိုင်မာမာမရှိလို့ တစစလျော့ကျလာနေတဲ့ စပါးစိုက်ဧက ၁၇သန်းမှာ သွင်းအားစုဈေး ကြီးမြင့် တာ တွေ၊ လုံခြုံရေးအခြေနေတွေကြောင့် စိုက်ပျိုးမြေပမာဏနဲ့ အထွက်နှုန်းတွေက လျော့ ကျ သထက်လျော့လာပါတယ်။ မြန်မာ့စပါးကျီ လို့တင်စားနေကြတဲ့ ဧရာဝတီတိုင်းနဲ့ ပြည်တွင်း စားသုံးမှုနဲ့ ပြည်ပတင်ပို့ရာမှာ အရေးပါလာတဲ့အတွက် ခေတ်သစ်စပါးကျီလို့ တင်စားလာကြတဲ့ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ စိုက်ဧကအကုန်မစိုက်ပျိုးနိုင်တဲ့အပြင် စနစ်တကျ မစိုက်ပျိုးနိုင်တော့တဲ့အတွက် စပါးအထွက်တွေ လျော့လာတာကလည်း လတ်တလောဆန်ဈေးကြီးမြင့်လာရခြင်းရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

စပါးစိုက်ဧကလျော့ကျလာတာကစစ်ကိုင်းတိုင်း လိုဒေသ မျိုးမှာရွှေဘိုပေါ်ဆန်းစိုက် ဧက ကို လုံခြုံရေးအခြေနေတွေကြောင့် စစ်တမ်းကောက် ယူနိုင် တာမရှိပေမယ့် သက်ဆိုင် ရာဌာနတွေကတော့ စာရင်းဇယားတွေကို ဟန်မပျက် ဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးတစ်ခုလုံးမှာရွှေဘိုပေါ်ဆန်းစိုက်ဧကကို လေးသိန်းနီးပါး ဖော်ပြထားတာက ပြီးခဲ့တဲ့ သုံး နှစ်တာ ကာလမျိုးမှာ ဧက တစ်သိန်းနီးပါး တိုးလာပြီး အပြောင်း အလဲမရှိ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြထားတာက ပျက်စီးဆုံးရှုံးထိခိုက်မှုအများဆုံးဖြစ်နေတဲ့ စစ်ကိုင်း တိုင်းဒေသကြီးမှာ မဖြစ် နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။ ဒါကြောင့် ပန်းတိုင်အထွက်နှုန်းတွေ သတ်မှတ်ပြီး မိုးစပါး တစ်ဧက တင်း တစ်ရာ ထွက်ရှိဖို့ အာ ဏာာရှင်အဆက်ဆက်က ကြွေးကြော် လာကြပေမယ့် မဖြစ်မြောက်လာပဲ တစ်နိုင်ငံလုံး ပျှမ်းမျှ မိုးစပါးအထွက်နှုန်း ၆၅တင်း ထက်ပိုပြီး လျော့ကျလာနေတာဖြစ်ပါတယ်။ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်းကို တစ်သက်လုံး လုပ်ကိုင်လာတဲ့ ဆန်စပါး ပညာရှင်တစ်ဦး ကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို အခုလိုသုံး သပ် ပါတယ်။

“ မြေကြီးချစ်တဲ့သူကတော့ သူ့ဟာနဲ့သူ စိုက်နေမှာပဲ။ မလုပ်လို့မှ မရတာကိုး။ ကျန်တဲ့ သီးနှံပြောင်းဖို့ကလည်း အဆင်မပြေဘူး။ သူကတော့ ပုံမှန်မိရိုးဖလာအတိုင်းစိုက်နေမှာ ပဲ။ သို့သော် တို့မျှော်မှန်းထားတဲ့ အမြင့်ဆုံးအထွက်နှုန်းတို့ ရဖို့ဆိုတာမလွယ်တော့ဘူး၊ ရေရှည်အနေထားမှာပေါ့၊။ ရင်းနှီးမြှုပ်နှံမှုက သူ့မှာအကန့်သတ်ရှိသွားပြီ၊ သွင်းအားစုတန်ဖိုးတွေက တက်လာတော့ ရင်းနှီးမြှုပ်နှံမှုက မလိုက်နိုင်ရင် ထုတ်လုပ်မှုပိုင်း ကျနိုင်တာပေါ့၊ ပုံမှန်အနေထားအရ ကျန်တဲ့သီးနှံကိုပြောင်းဖို့ဆိုတာ တောင်သူအနေထားနဲ့က အခက်အခဲ ရှိတယ်လေ။ လောလောဆယ် ရာသီဥတုအနေထားတွေကလည်း ဘယ်လိုမှ မျှော်မှန်းလို့ မရတာတွေ ရှိနေတယ်။ ကျွန်တော့အမြင်ကတော့ ထုတ်လုပ်မှုက နည်းနည်း ထိခိုက်လိမ့်မယ်ထင်တယ် ”


စိုက်ပျိုးစီးပွား ကွင်းဆက်တွေ ပြတ်တောက် ကုန်ပြီ

လတ်တလောမှာ စပါးနဲ့ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းစတဲ့သီးနှံတွေမှာ ပုံမှန်ကုန်သွယ်ရေးလို့ ခေါ်ကြတဲ့ ရေလမ်းက တင်ပို့နိုင်တဲ့ပြည်ပဈေးကွက်ကောင်းမွန်တဲ့အတွက် စံချိန်တင် ဈေးအမြင့်တွေရရှိနေပါတယ်။ ဒီလိုဈေးတွေရနေတာက အဲ့ဒီသီးနှံတွေစိုက်ပျိုးကြတဲ့ တောင်သူတိုင်း အကျိုးခံစားရတာမရှိပဲ လုံခြုံရေးအခြေအနေကြောင့် ဈေးကွက် မတင်ပို့နိုင် တဲ့ တောင်သူတွေလည်း ရှိနေပါတယ်။ ပဲစင်းငုံက မန်းလေး၊ မကွေးနဲ့ စစ်ကိုင်းလို ဒေသမျိုး အပြင် တောင်ပေါ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မှာလည်း စိုက်ပျိုးထုတ်လုပ်ပေမယ့် လုံခြုံ ရေးအရသွားလာရလွယ်ကူတဲ့ဒေသတွေမှာပဲ ရောင်းဝယ်နိုင်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃နှစ်တာကာလအတွင်း စိုက်ပျိုးထုတ်လုပ်ရာမှာ အလေ့ကျင့်ကောင်းတွေနဲ့ စိုက်ပျိုးကြပြီး ဘေးကင်းတဲ့ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ကိုဖော်ဆောင်ခဲ့ကြတဲ့ ဆီထွက် သီးနှံနဲ့ ပဲမျိုး စုံစိုက်ပျိုးရာ မကွေးတိုင်းဒေသကြီးမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စိုက်ပျိုးထုတ် လုပ်မှုကွင်းဆက်တစ်ခုလုံးအပြောင်းအလဲတွေဖြစ်လာပုံကို ကျွမ်းကျင်သူက အခုလိုပြောပါတယ်။

“ ပြီးခဲ့တဲ့နှစ်တွေက ဓာတ်မြေဩဇာတွေ တင်သွင်းဖို့အခက် အခဲရှိခဲ့တယ်။ ဓာတ်မြေဩဇာတွေအတွက် ကုန်ကြမ်းတွေဈေးကြီးမှုကြောင့်ရော၊ တင် သွင်းဖို့ခက်ခဲတာတွေကြောင့်ရော ဒီစိုက်ပျိုးရေးသွင်းအားစုတွေရဲ့ဈေးနှုန်းတွေက မြင့် တက်ခဲ့တာတွေရှိတယ်၊ မြေဩဇာနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ သွင်းအားစုတွေ ကုမ္ပဏီ တွေကလည်း တောင်သူတွေနဲ့ တိုက်ရိုက်လုပ်နေတဲ့ ကုမ္ပဏီတွေနောက်ဆုတ်သွားတာရှိ တယ်။ နောက်တစ်ခုကတော့ အချို့သော မိုက်ခရိုဖိုင်းနန့်စ်တွေလည်း လျော့သွားတာ၊ ဆုတ်သွားတာဒီနှစ်ပိုင်းတွေမှာ ရှိတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဥပဒေစိုးမိုးမှုလည်း သိပ်ပြီးတော့မရှိတော့ဘူး။ မရှိတော့ကျတော့နောက်တစ်ခုကတော့ တစ်ချို့နယ်တွေကျတော့ Loane တွေချထားတဲ့အကြွေးပေါ့ပေးထားတယ် ဆိုတဲ့ ဟာတွေက ပြန်ပြီးတော့ဆက်သွယ် တဲ့အခါမှာ မသေချာမှုတွေပိုများလာတယ်။ နောက်တစ်ခုက လူမှုရေးပိုင်းမှာလည်း မပေးချင်လည်း ဒီဟာပေါ်မှာ ကြပ်ကြပ်မတ်မတ်မလုပ်နိုင်တာ၊ မလွယ်ဘူးဆိုတောတွေ တွေပို ဖြစ်လာတယ်။ ဒီဥစ္စာတွေ ကတော့ ဆုံးရှုံးလိုက်တယ်ဆိုတာတွေပိုဖြစ်လာတဲ့သဘောပေါ့။ Private Sector တွေက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ Risk တွေများတော့ ပုံမှန်ချေးငွေ တွေနောက်ဆုတ်သွားတဲ့သဘောတွေဖြစ်လာတယ်။ ဖြစ်လာတဲ့ကျတော့ ဒီဟာအတွက် လိုအပ်ချက်တွေပိုများလာတဲ့သဘောပေါ့၊

ဒီတော့အရင်းနှီးတွေစိုက်ဖို့တို့၊ အရင်းနှီးတွေ ဝယ်ဖို့ သွင်းအားစုတွေ စိုက်ထုတ်ဖို့ကိစ္စအတွက်က တောင်သူတွေမှာအခက်အခဲတွေ ပိုပြီး တော့ဖြစ်လာတဲ့အနေထားတွေရှိတယ်။ ပြောရမယ်ဆိုရင်တော့ ထုတ်လုပ်မှုစရိတ်တွေက ပိုပြီးတော့များလာတယ်။ လယ်ယာလုပ်သားမှာ ရှားပါးမှုတွေ လိုအပ်ချက်တွေ ပိုပြီးတော့ ဖြစ်လာတယ်။ အဲ့တော့ ဒီဘက်ကတော့ ပြန်ထွက်လာတဲ့ဟာက ဈေးနှုန်းကတော့မယ် မယ်ရရ သွင်းအားစုဈေး တက်လာတာနဲ့စာရင်ဒီဟာရဲ့သီးနှံဈေးနှုန်းတက်တာက ရာခိုင် နှုန်းနည်းတယ်၊ သွင်းအားစုက ပြီးခဲ့တဲ့နှစ်တွေက ငါးသောင်းခြောက် သောင်း ပေါ့၊ ၂၀၂၀ ပြည့်နှစ်တွေက လေးငါးသောင်းဝန်းကျင်တွေက အခုသိန်းဂဏာန်းကျော်ပြီ။ ရာခိုင်နှုန်းတစ်ရာ နှစ်ရာလောက်တက်သွားတာအနေထားမှာ နှမ်းတစ်တင်းရဲ့ဈေးနှုန်း တက်မှုက နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ လွန်ခဲ့တဲ့ ၃နှစ်ကထက်စာရင် တက်သွားတာပေါ့။ ရှစ်သောင်းလောက်ဈေးနှုန်းရှိနေတဲ့ဈေးနှုန်းက တစ်တင်းသိန်းကျော်လောက်ဆိုတော့ သူ့ ရဲ့ရာခိုင်နှုန်းတက်မှုက နှစ်ဆယ်၊ အစိတ်လောက်ပဲတက်တာပေါ့။ သို့သော် သွင်းအားစု ဓာတ်မြေဩဇာတွေရဲ့ဈေးနှုန်းတက်မှုက လွန်ခဲ့တဲ့ ၃နှစ်ကနဲ့အခုနဲ့စာရင် ရာခိုင်နှုန်း ၂ဆ၊ ၃ဆပေါ့ဗျာ၊ နှစ်ရာ ရာခိုင်နှုန်းလောက်အထိတက်သွားတဲ့ဟာမျိုးတွေဖြစ်တယ်ဆို‌တော့ အ ရင်နှစ်တွေကထက် တွက်ခြေကတော့အရမ်းတော့ကိုက်မနေဘူး၊ သို့သော် ဒီဈေးနှုန်းလေး ဖြစ်နေတယ်ဆိုတော့ နည်းနည်းတော့တော်သေးတာပေါ့နော်”

စစ်ကောင်စီသတ်မှတ်တဲ့ စျေးနှုန်းတွေက အလုပ်မဖြစ်

လုံခြုံရေးအခြေနေတွေကြောင့် စိုက်ဧကနဲ့အထွက်နှုန်းလျော့တာတွေအပြင် ဆန်စပါးအ သင်းချုပ်ရဲ့ ရည်ညွှန်းဆန်စပါးဈေးတွေထုတ်ပြန်တာက လွတ်လပ်စွာကုန်စည်စီးဆင်း ရောင်းဝယ်မှုကိုထိခိုက်စေလာပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့အကြမ်းဖက်စီမံခန့်ခွဲမှုတွေ ကြား ဆန်စပါးသိုလှောင်မှုစာရင်းဇယားတွေကို ကောက်ခံလာတာကလည်း ဆန်စပါးသို လှောင်ဖြန့်ဖြူးသူကုန်သည်တွေအတွက် စိုးရိမ်စရာဖြစ်လာပြီး သိုလှောင်ဖြန့်ဖြူးတဲ့ကွင်း ဆက်ကိုထိခိုက်လာစေပါတယ်။ ဒါကြောင့်ပြည်တွင်းဆန်ဖူလုံဖို့နဲ့ဈေးကွက်တင်ပို့မှုမှာ အပြောင်းအလဲက ဆုတ်ယုတ်လာတဲ့အခြေနေကို ဆန်စပါးသိုလှောင်ကြိတ်ခွဲသူတစ်ဦးက အခုလိုပြောပါတယ်။

“ကိုယ်က သိုလှောင်မှုတွေများ တယ်ဆို ရင်အဲ့လို ပေါ့စစ်ဆေး တာတို့ ဘာတို့ ညာတို့ ဟိုလို၊ ဒီလိုပေါ့လေ၊ ကျန်တဲ့ ဖိအားတွေများလာရင် ဦးတို့လည်းစိုးရိမ်စိတ်ရှိ တယ် လေ၊ အဲ့ဒါကြောင့်မို့လို့ ဒီနှစ်ကတော့ ဦးတို့ လည်နေတဲ့အနေ နဲ့ကတော့ လုပ်ငန်းအားနဲ့ ပြောရင်တော့ အားက တော်တော်ကိုကျသွားတယ်။ လုပ်အားပေါ့ နော်၊ စက်ကော၊ လူ ကော၊ ရောင်းဝယ်ဖောက်ကားသိုလှောင်မှုရောဆို ဘယ်လိုပြောမလဲ တော်တော်လျော့ နည်းသွားတယ်။ အဲ့ပုံစံတော့တွေ့ရတယ်။ အကြောင်းကြောင်းတွေကြောင့်ပေါ့နော်၊ အရင်လို ကိုယ်လုပ်ချင်တဲ့ ပုံစံကိုမရတော့ဘူး။ ဦး တို့လည်း ပြည်သူတစ်ယောက်အနေနဲ့စိုးရိမ်စိတ်ရှိတယ်လေ။ အခက်အခဲပြောရရင် ကြောက်တယ်၊ ကြောက်တော့မထားရင် မိုးတွင်းကျရင် ဦးတို့အခက်အခဲရှိတယ်။ ဦးတို့ အလုပ်မလုပ်ရတော့ဘူးပေါ့တူမရာ၊ ကိုယ့်အင်အားနဲ့လုပ်လို့မရတော့ဘူးဆိုရင်တော့ မိုးတွင်းကျရင် ကိုယ့်ဖောက်သည်မထိန်းနိုင်တော့ဘူး၊ ဒါပါပဲ ”


ဘိန်းစိုက်ပျိုးရေးက ဦးထောင်လာပြီ

အဲ့ဒီလို ဆန်စပါး စိုက်ပျိုး ထုတ်လုပ် သိုလှောင် ကြိတ်ခွဲတဲ့ လုပ်ငန်းစဥ်တိုင်းမှာ အဘက်ဘက် ကကျဆင်းလာသလို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေတဲ့ သီးနှံမျိုးအုပ်စု ခြောက်ဆယ် လောက်က စိုက်ပျိုးထုတ်လုပ်သိုလှောင်ကြိတ်ခွဲဖြန့်ဖြူးတဲ့လုပ်ငန်းတွေ ထိခိုက်ပျက်စီး လာပါတယ်။ ဒါကြောင့် ဈေးကွက် ပျက်စီးလို့ တရားဝင်သီးနှံတွေ စိုက်ပျိုးဖို့ ခက်ခဲ လာတဲ့ အခါမှာ သီးခြားဈေးကွက်နဲ့ ဆက် သွယ်ရေး လမ်းကြောင်းဖြောင့်ဖြူးနေတဲ့ ဘိန်းလိုတရား မဝင်သီးနှံ စိုက်ပျိုးမှုက မြင့်တက် လာပါတယ်။ မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ကမ္ဘာ မှာထိပ်တန်းစိုက်ပျိုးသူနိုင်ငံ ဖြစ် လာတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကုလသ မဂ္ဂက အချက်အလက်နဲ့တကွ ထုတ်ပြန် ခဲ့ပါတယ်။

ဒါ ကြောင့်၂၀၂၁ အာဏာသိမ်းမှု အကျိုး ဆက်က မြန်မာ့စီးပွားရေးကိုချိနဲ့စေပြီး ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအပြီး အခြားနိုင်ငံ အသီးသီးက စီးပွားရေးထူမတ်လာနိုင် ပေမယ့် မြန်မာနိုင်ငံကတော့ နလန်ထူလာတာမရှိပဲ လက်ရှိ ၂၀၂၄ ခုနှစ်မှာလည်း စီးပွားရေး ကအားရစရာကောင်းလောက်အောင် ပြန်ကောင်းလာစရာမရှိဘူးလို့ ကမ္ဘာ့ဘဏ်ကခန့် မှန်းထားပါတယ်။

ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက် အအုံ ဖွံ့ဖြိုး မှုနည်း ပါးတဲ့ ကျေးလက် ဒေသ တွေ မှာတော့ နေအိမ်အဆောက်အအုံပေါင်း ရှစ် သောင်း ခြောက် ထောင်ကျော်မီးရှို့ ဖျတ် ဆီးခံခဲ့ရတဲ့အပြင် ကျေးလက်လူဦးရေ ၄သန်း ကျော်ကလည်း စစ်ဘေးရှောင်တွေ အဖြစ် နေရပ်ကို စွန့်ခွာနေရ ပါတယ်။ ဒါကြောင့် ကျေးလက်နေ ပြည်သူလူထုရဲ့အဓိက ထုတ်ကုန် ဖြစ်တဲ့ စိုက်ပျိုးစီးပွား လုပ်ငန်းဟာ အဓိကကျတဲ့ လူသားအရင်းအမြစ်တွေ ပျက်စီးပျောက် ဆုံးကုန်တဲ့အတွက် မြန်မာ့စိုက်ပျိုး စီး ပွားအနာဂတ်ဟာ အာဏာသိမ်းပြီး ၃နှစ်တာကာလ အတွင်း ထိတ်လန့်စရာ ကောင်း လောက်အောင် ပြိုကျပျက်စီးလာတာဖြစ်ပါတယ်။















Share:

No comments:

Post a Comment