၂၀၂၄ မေလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် (IACC) အစည်းအဝေး ပြုလုပ်
📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် MFDMC အဖွဲ့ တွေ့ဆုံ
📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ဦးဆောင်သည့် အဖွဲ့သည် အိုတာဝါ တက္ကသိုလ်(University of Ottawa) တွင်ပြုလုပ်သည့် "Putting Women Up: Gender Equality and Politics in Myanmar" စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ဆွေးနွေး
📌 ၄။ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးနှင့်ကနေဒါလွှတ်တော် Parliamentary Friends of Burma Group တို့တွေ့ဆုံ
📌 ၅။ စစ်ရှုံးနေတဲ့စစ်ကောင်စီတပ် မြစ်ဆုံစီမံကိန်းကိုစစ်ရေးထွက်ပေါက်အဖြစ် အသုံးပြုလာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆိုကြောင်း ကချင်သတင်းဌာနက ရေးသား
📌 ၆။ ကရင်လူငယ်အစည်းအရုံး ဗဟို၌ (၃၅) နှစ်ပြည့် ကေဝိုင်အို ကရင်လူငယ်အစည်းအရုံးနေ့အခမ်းအနား ကျင်းပ
📌 ၇။ စစ်ကောင်စီကို လေယာဉ်ဆီ အပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို ဟန့်တား၊ ရပ်တန့်ဖို့ နိုင်ငံတိုင်းကို EU နှင့် နိုင်ငံ ၉ နိုင်ငံ ပူးတွဲတိုက်တွန်း
၂၀၂၄ ခုနှစ် မေလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သတင်းတု သတင်းမှားများဖြင့် မည်သူက မည်သို့ပင် ပြောဆိုရေးသားနေစေကာမူ မိမိတို့ရဲ့ ရပ်တည်ချက်နှင့် ဝတ္တရားများအတိုင်း ကျေပွန်စွာ ထမ်းဆောင်နေကြောင်း AA ထုတ်ပြန်
🚩 ၂။ တောင်ငူနယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ၃ နာရီကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး
🚩 ၃။ တန့်ဆည်တွင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့
🚩 ၄။ ကင်းလှည့်နေတဲ့ ပျူစောထီး စကစများနှင့် ပျူစောထီးရွာများကို ဗုံးကျဲဖောက်ခွဲတိုက်ခိုက်
🚩 ၅။ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ PDF ထောက်ပို့များကို ဖမ်းဆီးခဲ့သူ ရဲအရာခံကို မြို့နယ် ပလဖ ဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် (IACC) အစည်းအဝေး ပြုလုပ်
မေလ ၂၄ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် (IACC)အစည်းအဝေးကို မေလ ၂၄ရက် မနက် ၁၀ နာရီခွဲမှာ ပြုလုပ်ခဲ့ပြီး ယာယီသမ္မတ ၊ ပြည်ထောင်စုဝန်ကြီးချုပ် ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က "နိုင်ငံတကာကူညီ ထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင်အနေနဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနတွေအလိုက် နိုင်ငံတကာက ရရှိနေတဲ့ အကူအညီအထောက်အပံ့တွေကို ပိုမိုထိထိရောက်ရောက် ဖြစ်စေရေးနဲ့ ထပ်မံလိုအပ်တဲ့ အကူအညီတွေကို ပေးနိုင်မယ့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို တောက်လျှောက် စီမံဆောင်ရွက်နေကြရာမှာ အခုဆိုရင် Europe Union(EU)မှ ကျွန်တော်တို့အစိုးရကို အသိအမှတ်ပြုပြီး တိုက်ရိုက် အကူအညီ အထောက်အပံ့ပြုအောင် ကြိုးပမ်းဆောင်ရွက်ပေးကြတဲ့အတွက်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦး အပါအဝင် အဖွဲ့ဝင်များကို အထူးတလည် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်သလို ၎င်းထောက်ပံ့ကူညီမှုများကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာကျကျ ထိထိ ရောက်ရောက် ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း " ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ လိုအပ်ချက်များကို နိုင်ငံတကာအဖွဲ့ အစည်းများနှင့်သာမက ကျွန်တော်တို့ ဝန်ကြီးဌာနများအချင်းချင်းကြားမှာပါ သေသေချာချာညှိညှိ နှိုင်းနှိုင်းနားလည် သဘောပေါက်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့နဲ့ ရှေ့ဆက်လုပ်ငန်းဆောင်တာများကို ပိုမိုတိုးချဲ့ကာ ယုံကြည်ရပြီး လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကိုပါ လိုအပ်တဲ့နေရာမှာ ရှာဖွေအားဖြည့် ဖော်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ တော်လှန်ရေးဟာ အရင်းအနှီးကြီးသလို နေရာစုံ ကဏ္ဍစုံမှာ ငွေကြေး လိုအပ်ချက်ကလည်း အရမ်းကို ကြီးမားပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာကူညီထောက်ပံ့မှုများမှ တော်လှန်ရေး လိုအပ်ချက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုများ ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေး ကော်မရှင်ကို ဖော်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာမှဖော်ဆောင်စေလိုသော ကဏ္ဍများကိုဘဲ လိုက်ပါစီမံခြင်းမပြုလုပ်ဘဲ ကျွန်တော်တို့ရဲ့ အမှန်တကယ် မဟာဗျူဟာကျကျ လိုအပ်သောအစီအမံများနှင့် နိုင်ငံတကာမှ အကူအညီပေးနိုင်မှုများကို ချိန်ညှိပြီး လိုအပ်ချက်ကို တစ်တပ်တစ်အား ကူညီပံ့ပိုးနိုင်မယ့် အကူအညီများ ရရှိနိုင်ရေးအတွက် ဆက်လက်ပြီး အားလုံး ဝိုင်းဝန်းကြိုးပမ်းပေးကြပါဦး" လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦး နဲ့ IACC WG အတွင်းရေးမှူးတို့က IACC Working group က လုပ်ငန်းစဉ် update များတင်ပြတာ ၊ ဝန်ကြီးဌာန အသီးသီးရဲ့
နိုင်ငံတကာ အကူအညီ ရရှိမှု အခြေအနေ ၊ EU proposal ဆက်လက်ဆောင်ရွက်ရန် ကိစ္စများ ၊ USAID Appropriation bill နဲ့ USAID - IACC - ERO တွေ့ဆုံမှုအတွက် ပြင်ဆင်မှုများ၊
ရှေ့လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုများအပေါ် ယာယီသမ္မတက နိဂုံးချုပ်ဆွေးနွေးခဲ့ပြီး အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် MFDMC အဖွဲ့ တွေ့ဆုံ
မေလ ၂၄ရက်။
Radio NUG
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်သည် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC နှင့် မေလ ၂၃ ရက်နေ့ ညနေပိုင်းက သီးခြားတွေ့ဆုံ၍ နွေဦးတော်လှန်ရေး၏ ထောက်ပို့လုပ်ငန်းများ၊ မေးမြန်းလိုသည်များကို ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးက ယနေ့ တော်လှန်ရေး၏ လက်ရှိ ပကတိအခြေအနေများကို ရှင်းလင်း ပြောဆိုပြီး၊ တော်လှန်ရေးတစုံလုံးကို ကြည့်ရှုဆောင်ရွက်ကြရန် တိုက်တွန်းထားပါတယ်။
MFDMC ရဲဘော်များ၏ မေးမြန်းဆွေးနွေးမှုများကို ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ဦးဆောင်သည့် အဖွဲ့သည် အိုတာဝါ တက္ကသိုလ်(University of Ottawa) တွင်ပြုလုပ်သည့် "Putting Women Up: Gender Equality and Politics in Myanmar" စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ဆွေးနွေး
မေလ ၂၄ရက်။
Radio NUG
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့ဦးဆောင်သည့် အဖွဲ့သည် အိုတာဝါ တက္ကသိုလ်(University of Ottawa) တွင်ပြုလုပ်သည့်
"Putting Women Up: Gender Equality and Politics in Myanmar" စာအုပ်မိတ်ဆက်ပွဲသို့ မေလ (၂၃) ရက်နေ့က တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ၏ တော်လှန်ရေး၊ နိုင်ငံရေး အခန်းကဏ္ဍများတွင် အမျိုးသမီးများပါဝင်မှု အခြေအနေများနှင့် စာအုပ်တွင် ပါရှိသည့် တွေ့ရှိချက်၊ ဖော်ပြချက်များအားမှတ်ချက်ပေး ဆွေးနွေးမှုများပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးနှင့်ကနေဒါလွှတ်တော် Parliamentary Friends of Burma Group တို့တွေ့ဆုံ
မေလ ၂၄ရက်။
Radio NUG
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး နှင့်အဖွဲ့သည် ကနေဒါလွှတ်တော် Parliamentary Friends of Burma Group ၏ ပူးတွဲဥက္ကဋ္ဌများဖြစ်သော Hon. Adam Chambers နှင့် Garnett Genius တို့နှင့် ၂၀၂၄ခုနှစ် မေလ (၂၃) ရက်နေ့တွင် ကနေဒါနိုင်ငံ၊ အော်တိုဝါမြို့ရှိ Parliament Hill ခန်းမတွင် တွေ့ဆုံခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး၊ ပဋိပက္ခဒေသများ၏ အမျိုးသမီးနှင့် ကလေးသူငယ်များ၏ ငြိမ်းချမ်းရေး ၊လုံခြုံရေးအတွက် ပံ့ပိုးကူညီရေး၊ အကြမ်းဖက်စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာအကောင်အထည်ဖော်ရေး၊ ဒေသတွင်းလုံခြုံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် "မြန်မာနိုင်ငံအတွက် အများပါဝင်မှုရှိသော ဒီမိုကရေစီ အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲသို့ အထက်လွှတ်တော်ကိုယ်စားလှယ်များ၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကနေဒါရောက် မြန်မာပြည်သူများ၊ ကနေဒါ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ စစ်ရှုံးနေတဲ့စစ်ကောင်စီတပ် မြစ်ဆုံစီမံကိန်းကိုစစ်ရေးထွက်ပေါက်အဖြစ် အသုံးပြုလာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆိုကြောင်း ကချင်သတင်းဌာနက ရေးသား
မေလ ၂၄ရက်။
စစ်ကောင်စီတပ်အနေနဲ့ ဆယ်စုနှစ်ကြာရပ်နားထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကို နိုင်ငံရေးအာရုံလွှဲဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးဖို့အကြောင်းရှာနေတာဖြစ်တယ်လို့ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူအားလုံးရဲ့ ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ် စက်တင်ဘာ၃၀ရက်နေ့မှာစီမံကိန်းကိုရပ်ဆိုင်းထားဖို့ ထုတ်ပြန်ခဲ့တာခုဆိုရင်၁၃နှစ်ကျော်ကြာပြီဖြစ်ပါတယ်။
လက်ရှိကချင်ပြည်နယ်မှာ KIAပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်မြင့်တက်နေပြီး စစ်တပ်ဘက်က စစ်ရေးမှာရှုံးပွဲမလှ ရှုံးနေတာကြောင့်ဒီမြစ်ဆုံစီမံကိန်းကြီးကို အကြောင်းပြပြီး ပြည်သူတွေကို အာရုံလွှဲတာဖြစ်နိုင်သလို တစ်ဖက်မှာတရုတ်ရဲ့အကူညီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အကြောင်းဖြစ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။
”စစ်ရှိန်ရနေခိုက် စစ်ကောင်စီဟာ ဧပြီလ ၂၄ရက်နေ့မှာ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ဦးဆောင်ကော်မတီ(၁၁)ဦးပါကို ဖွဲ့စည်းလိုက်ပါတယ်။ KIAကမေလ(၄)နေ့မှာစစ်ဆင်ရေး ဒုတိယလှိုင်းကိုပြန်စတင်ခဲ့တယ်။ စခန်းကြီးစခန်းငယ်ပေါင်း တော်တော်များများ သိမ်းပိုက်နိုင်ခဲ့တယ်။
အဲဒီအခြေအနေမှာ စစ်ကောင်စီကမေလ(၁၇)ရက်နေ့မှာ မြစ်ဆုံစီမံကိန်း ဦးဆောင်ကော်မတီဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်တယ်။ ဒီအချက်ကိုကြည့်လိုက်ရင် တရုတ်ရဲ့အကူအညီကိုယူပြီး စစ်ရှိန်ရပ်ဖို့အလောတကြီး လုပ်ဆောင်နေတာတွေ့ရပါတယ်။
အဓိကစီမံကိန်းဧရိယာဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်တွေမှာ စစ်မဖြစ်ဖို့နည်းလမ်းရှာဖွေတာများလားလို့တွေးနေမိတယ်။”လို့သုံးသပ် ပြောဆိုပါတယ်။
စစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲက အဲဒီစီမံကိန်းဦးဆောင်အဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ တရုတ်SPIC Yunnan International Power investment ကုမ္မဏီနဲ့အတူ ပူးပေါင်းပြီး ရေကာတာဆောက်လုပ်ဖို့ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကို စီမံဆောင်ရွက်ဖို့နဲ့ တရုတ်နဲ့မြန်မာကြား စီမံကိန်းကိစ္စညှိနှုင်းဆောက်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ဆောက်ရွက်ပေးရန်ဖြစ်ကြောင်းဖော်ပြထားပါတယ်။
========================
📌📌 ၆။ ကရင်လူငယ်အစည်းအရုံး ဗဟို၌ (၃၅) နှစ်ပြည့် ကေဝိုင်အို ကရင်လူငယ်အစည်းအရုံးနေ့အခမ်းအနား ကျင်းပ
မေလ ၂၄ရက်။
Radio NUG
၂၀၂၄ ခုနှစ် မေလ (၂၃) ရက်နေ့တွင် ကျရောက်သော (၃၅) နှစ်ပြည့် ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံး အထိမ်းအမှတ် အခမ်းအနားနှင့် အစီအစဥ်များအား ကရင်လူငယ် အစည်းအရုံး-ဗဟိုဌာနချုပ်တည်ရှိရာ သေ့ဘေးထတွင် ပြုလုပ်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ကေဝိုင်အို-ကရင်လူငယ် အစည်းအရုံး (၃၅) နှစ်ပြည့် နေ့ရက်အား ဂုဏ်ပြုသော အားကစားပြိုင်ပွဲများ၊ လူငယ်စကားဝိုင်း အစီအစဥ်နှင့် ကေဝိုင်အိုတွင်ပါဝင် ဆောင်ရွက်ခဲ့သော ခေါင်းဆောင်များတို့အား ဂုဏ်ပြုခြင်းအစီအစဥ်များ ပြုလုပ်ခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်းများ အပါအဝင် လူငယ်ခေါင်းဆောင် ၁၂၀ ကျော် တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားသို့ ကေအဲန်ယူ ဗဟို စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး ဌာနမှူး ၊ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာနမှူး ၊ ဗဟိုအမြဲတမ်းကော်မတီဝင်တို့မှ အားပေးစကားများ အသီးသီး ပြောကြားခဲ့ပြီး ကေဝိုင်အို ဗဟိုမှ ပေးပို့သော သဝဏ်လွှာနှင့် မဟာမိတ် အဖွဲ့အစည်းများမှ ပေးပို့သော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ ကေဝိုင်အို တွင်တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်များအား ဂုဏ်ပြုခြင်းနှင့် (၃၅)နှစ်ပြည့် ကရင်လူငယ် အစည်းအရုံးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးခြင်း အစီအစဥ် များပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီကို လေယာဉ်ဆီ အပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို ဟန့်တား၊ ရပ်တန့်ဖို့ နိုင်ငံတိုင်းကို EU နှင့် နိုင်ငံ ၉ နိုင်ငံ ပူးတွဲတိုက်တွန်း
မေလ ၂၄ ရက်။
Radio NUG
မြန်မာစစ်တပ်ကို လေယာဉ်ဆီ အပါအဝင် စစ်လက်နက်နဲ့ အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကရိယာများ စီးဆင်းနေမှုကို ဟန့်တားရပ်တန့်ရန် နိုင်ငံတိုင်းကို ဥရောပသမဂ္ဂနှင့် နိုင်ငံ ၉ နိုင်ငံတို့က ပူးတွဲ ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
မေလ ၂၄ ရက်နေ့မှာ ဥရောပသမဂ္ဂ (EU) နှင့် သြစတြေးလျ၊ ကနေဒါ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝှမ်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဆိုးရွားလာလျှက်ရှိတဲ့ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို တွန်းအားပေးနေတဲ့ ပိုမိုတိုးပွားလာလျက်ရှိနေသော အရပ်သားပြည်သူ ထိခိုက်နစ်နာမှုများအပေါ် လွန်စွာစိုးရိမ်မိကြောင်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်၊ ရိုဟင်ဂျာနှင့် အခြားလူမျိုးစုများ အပါအဝင် အရပ်သား ပြည်သူအားလုံးအတွက် ဘေးအန္တရာယ် ပိုမိုများပြားလာစေပြီး တာဝန်ရှိသော အဖွဲ့အစည်းများ အားလုံးအနေဖြင့် အရပ်သား ပြည်သူများကို အကာကွယ် ပေးရေးကို အဓိက ဦးစားပေး လုပ်ဆောင်ကြဖို့ကို တိုက်တွန်းထားပါတယ်။
မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူ အားလုံးကို လွှတ်ပေးပြီး အာဆီယံ အဖွဲ့ရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိုလည်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှု အားလုံးအတွက် တာဝန်ခံမှု ရှိရမယ်လို့လည်း ပူးတွဲ ကြေညာချက်မှာ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် လေးနက်ပြီး အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုများကို ဖန်တီးပေးရန်အတွက် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးကို ပူးတွဲကြေညာထားတဲ့နိုင်ငံများက တောင်းဆိုထားပါတယ်။
မြန်မာပြည်သူပြည်သားများအတွက် အားလုံးပါဝင်ပြီး အကြမ်းဖက်ခြင်းကင်းတဲ့ ဒီမိုကရေစီအနာဂတ်ကို ဦးတည်ပြီး ငြိမ်းချမ်းစွာ လက်တွဲလုပ်ဆောင် သွားမယ်လို့ သံန္နိဌာန် ချမှတ်ထားသူများ အားလုံးကို ၎င်းတိုက ပြတ်ပြတ်သားသား ဆက်လက် ထောက်ခံပေးသွားမဘ်လို့လည်း အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းနွေဦး၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သတင်းတု သတင်းမှားများဖြင့် မည်သူက မည်သို့ပင် ပြောဆိုရေးသားနေစေကာမူ မိမိတို့ရဲ့ ရပ်တည်ချက်နှင့် ဝတ္တရားများအတိုင်း ကျေပွန်စွာ ထမ်းဆောင်နေကြောင်း AA ထုတ်ပြန်
မေလ ၂၄ ရက်။
Radio NUG
ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေများနှင့် ပတ်သက်ပြီး မည်သူက မည်သို့ပင် ပြောဆိုရေးသား နေစေကာမူ မိမိတို့ရဲ့ ရပ်တည်ချက်နှင့် တာဝန် ဝတ္တရားများအတိုင်း ပြည်သူ့ဝန်ဆောင်မှု အပိုင်းတွင် ကျေပွန်စွာ တာဝန်ထမ်းဆောင်နေကြောင်း အာရက္ခတပ်တော် (AA) က မေလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ အကြမ်းဖက်မှုများနှင့် ရှုပ်ထွေးလျက်ရှိနေပြီး လက်ရှိ အခြေအနေကို လူအမျိုးမျိုးက ရှုထောင့်အမျိုးမျိုးမှ ၎င်းတို့ရဲ့ အကျိုးစီးပွားအတွက် အဖြစ်မှန်များကို မျက်ကွယ်ပြုကာ လိုရာဆွဲ ပြောဆိုရေးသား နေကြတာကို ခပ်စိပ်စိပ် တွေ့မြင်လာနေတယ်လို့ AA က ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများကို အခြေခံပြီး တစ်ဖက်သတ် အပြစ်တင်ပြောဆို ရေးသားနေမယ့်အစား ပကတိ မြေပြင်က အမှန်တရားကို သိရှိ နားလည်အောင် ဦးစွာ ပြုလုပ်သင့်တယ်လို့ အသိပေးထားပါတယ်။
ပြည်သူလူထုအတွက် မြေပြင်မှာ အမှန်တကယ် ကာကွယ်ပေး ဆောင်ရွက်နေတဲ့ ULA/AA နှင့် ပူးပေါင်း လုပ်ဆောင်ခြင်းကသာ အားလုံးအတွက် ပိုအကျိုးရှိနိုင်လိမ့်မှာ ဖြစ်ပြီး ဒေသတွင်း အတူနေလူမျိုးများ
အချင်းချင်းကြားမှာ သဟဇတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ တရားမျှတမှု ရရှိရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေသည်များကို အထောက်အကူ ပြုစေနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ AA ထိန်းချုပ်နယ်မြေများမှာ စစ်ဘေးရှောင် ၅ သိန်းကျော် ရှိနေပြီး ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်များမှာတင် နှစ်သိန်းခန့် ရှိနေကာ ၈၀ ရာခိုင်နှုန်းမှာ မွတ်ဆလင်များဖြစ်ပြီး ရခိုင်နဲ့ တခြား လူနည်းစုများမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့ သိရပါတယ်။
ရခိုင်ဒေသ တိုက်ပွဲများ ဒေသခံ ပြည်သူလူထုများ ၎င်းတို့ရဲ့ အသက်အန္တရာယ် ဘေးကင်းလုံခြုံစေရေးနဲ့ တိုက်ပွဲများကြား မညှပ်သွားစေရေးအတွက် AA မှ အလုံးစုံ ထိန်းချုပ်ထားသော နေရာများကို စစ်ရှောင်လာခဲ့ကြပြီး စစ်ဘေးရှောင်အဖြစ် ရောက်ရှိလာတဲ့ ပြည်သူတိုင်းကို တန်ဖိုးထားလျက် လူမျိုး၊ ဘာသာမရွေး မခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ် စောင့်ရှောက်ပေးလျက် ရှိနေကြောင်း အသိပေးထားပါတယ်။
စစ်ဘေးရှောင်များအား ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး အပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက် ထားနိုင်ပေမယ့် နောက်လာမယ့် ကာလများတွင် အခြေခံအစားအစာများအပြင် ကလေးနှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မကြာမှီရောက်လာမယ့် မိုးတွင်းကာလအတွက် အမိုးအကာနဲ့ အိမ်သာများ အရေးတကြီး လိုအပ်လာနိုင်တယ်လို့ AA က ဆိုပါတယ်။
ထိုကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ စေတနာရှင် အဖွဲ့များ၊ NGO အဖွဲ့များနှင့် အလှူရှင်များမှ အကူအညီနဲ့ လိုအပ်ချက်များအတွက် ကူညီပေးကြဖို့ကို အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ တောင်ငူနယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား ၃ နာရီကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံး
မေလ ၂၄ရက်။
ပဲခူးတိုင်း တောင်ငူမြို့နယ်ထဲက မြပင်ကူးကျေးရွာအနီးမှာဖြစ်ခဲ့တဲ့ ၃ နာရီကြာတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားတယ်လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ က ထုတ်ပြန်ပါတယ်။
မေလ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်အချိန်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၅၀၁ က မေလ ၂၄ ရက် ညနေပိုင်းမှာ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ကညင်မြောင်တိုက်နယ် မြပင်ကူး ကျေးရွာအနီးတဝိုက် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အထိုင်ချနေတဲ့ အကြမ်းဖက် စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ က ရဲဘော်တွေ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး စစ်သား ၁၅ ဦးသေဆုံးသလို ၃ ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့လည်း အတည်ပြုထားပါတယ်။
ဝက်ခေါက်စိန်ဘက်ကနေ မြပင်ကူးကျေးရွာဘက်ကို ထွက်လာတဲ့ အင်အား ၆ဝ ပါ စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ က ရဲဘော်တွေ မေလ ၂၁ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၂ ဦး သေဆုံးခဲ့သလို မေလ ၂၂ ရက်နေ့ကလည်း မြပင်ကူးကျေးရွာမှာ အထိုင်ချနေတဲ့ အင်အား ၈ဝ ကျော်ပါစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၃ ဦး
သေဆုံးခဲ့တာကြောင့် ၃ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
ခုလို တိုက်ခိုက်ခံရတာကြောင့် အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးမှာရှိတဲ့ သာယာကုန်းကျေးရွာက အိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးကာ မြပင်ကူးကျေးရွာမြောက်ဘက်က ကျွဲဒိုင်ရွာဘက် ဆုတ်ခွာသွားပြီး သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သား အလောင်းတွေကို ကျွဲဒိုင်ရွာအနီးသို့ သယ်ဆောင်ကာ ထန်းရွက်တွေနဲ့ အုပ်ထားတယ်လို့ အသိပေးပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ က ရဲဘော်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ကျန်ရှိနေတဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံရှာဖွေ ချေမှုန်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ တန့်ဆည်တွင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့
မေလ ၂၄ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည် ပျူစောထီးကျေးရွာက လေသာကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Fix Wing ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၁၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
မေလ ၂၄ ရက်နေ့၊ နေ့လည် ၂ နာရီခွဲ အချိန်ခန့်မှာ လေသာကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၆၁) နှင့် ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်ခန့်ကို Fixed Wing Drone များဖြင့် ဗုံးသီး (၄) လုံးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပစ်မှတ်တိကျစွာ ထိမှန်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများနိုင်ချေရှိပြီး နောက်ဆက်တွဲ သတင်းများကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယခု တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း၊ ဗျူဟာအမှတ် (၅၂) နှင့် ကန့်ဘလူခရိုင် တပ်ရင်း (၁) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၄။ ကင်းလှည့်နေတဲ့ ပျူစောထီး စကစများနှင့် ပျူစောထီးရွာများကို ဗုံးကျဲဖောက်ခွဲတိုက်ခိုက်
မေလ ၂၄ရက်။
Radio NUG
မေလ ၂၂ ညနေ 6 နာရီအချိန်တွင် ပခုက္ကူမြို့နယ် မြစ်ခြေမြို့၏ အရှေ့ဘက်ရှိ့ နယ်စဥ်လှည့်မီးရှို့သည်ဟု နာမည်ကြီးသည့် အောင်သာပျူစောထီးရွာအား Drone ဗုံးသီး 5လုံး ကျဲချရာ ပျူစခန်းအတွင်းရှိ စခန်းတဲနှစ်ခု မီးလောင်ပြာကျသွားကာ ပျူခေါင်းဆောင်ကျော်မောင်၏ ဒုလက်ထောက် တင့်ဇော်နေရာတင် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင်ပကဖက ထုတ်ပြန်ပါတယ်။
မေလ ၂၃ တွင် မကွေးတိုင်း ပခုက္ကူမြို့နယ် ရှင်မကန်ပျူဆောထီးရွာအား မနက် 6နာရီမှနေ့လယ် 11နာရီ အချိန်ထိ droneဗုံးသီး 50 ခန့် ဖြုတ်ချတိုက်ခိုက်ရာ အများအပြားထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူများလဲရှိတယ်လို့ သိရပါတယ်။
နေ့လယ် ၂နာရီ အချိန်ခန့်တွင်လည်း မြိုင်မြို့ပေါ် သစ်တောရုံးအနီးတွင် တပ်စွဲထားသော စကစနှင့် ပျူ ၇ဦးမှ ၎င်းတို့ ကင်းအနီးပတ်ကင်းလှည့်ပတ်နေစဉ် မြိုင် ပကဖ ၏ တပ်ဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မိုက်ခဲအဖွဲ့နှင့် ဘပြောင်အဖွဲ့တို့နှင်အတူ အသွင်ယူပုံဖြတ်ထားသောအထူးလက်ရုံး တပ်တို့မှ အထူးပြုလုပ်ထားသော ကွဲအားပြင်းမိုင်းဖြင့် တိုက်ခိုက်နိုင်ခဲ့ပါတယ်။
ထိုတိုက်ခိုက်မှုတွင် ဗိုလ်မှူးသက်ဝေထွန်းမှာ ဝဲ လက်၁ဖက် ဖြတ်တောက်ရသည်အထိ ဖြစ်ပွားခဲ့ပြီး ကျန်၆ ဦးမှာလဲ ပြင်းထန်ဒဏ်ရာရရှိသည်ဟု သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ, Black cobra force, kamma defence force (KMDF), DMG (ဓားမင်းကြီး),Kamma underground, pakokku people defence force ( PPDF), pakokku special task force, ဒေါင်းရင်သွေး, နယ်စည်းမခြား freedom ဖက်ဒရယ်စစ်ကြောင်း ၁, BLY ပျောက်ကြားတပ်ဖွဲ့, Joker ပျောက်ကြားတပ်ဖွဲ့ , ဒေသကာကွယ်ရေးအဖွဲ့များနင့် ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ PDF ထောက်ပို့များကို ဖမ်းဆီးခဲ့သူ ရဲအရာခံကို မြို့နယ် ပလဖ ဖမ်းဆီး
မေလ ၂၄ရက်။
စစ်ကိုင်းတိုင်းထဲက မုံရွာမြို့မှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ PDF ထောက်ပို့များကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့ပြီး ငွေကြေး ချမ်းသာသူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ရဲအရာခံဝင်းနိုင်ကို မုံရွာမြို့ထဲ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။
မုံရွာမြို့ ချမ်းမြသာစည်ရပ်ကွက် နေဇာလမ်းမှာ "လွင်" ငါးပိထောင်းဆိုင် ဖွင့်ထားတဲ့ ရဲအရာခံဝင်းနိုင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က မေလ ၁၉ ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ရဲအရာခံဝင်းနိုင်ဟာ အခြေခံရဲတပ်သားသစ်သင်တန်းကို ရဲတပ်ရင်း ၅ မှော်ဘီမှာ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်း- ငပုတော၊ ယင်းမာပင်၊ ရခိုင်ပြည်နယ်နယ်က မောင်တော၊ အမ်း၊ မန္တလေးနဲ့ မုံရွာတို့မှာ တာဝန်ထမ်းဆောင်ခဲ့သူလို့ ၎င်းရဲ့ ဝန်ခံထွက်ဆိုက်ချက်အရ သိရပါတယ်။
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာခံဝင်းနိုင်ဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ မုံရွာ ခရိုင် မှုခင်းဌာနနဲ့ချိတ်ဆက်ပြီး အရပ်သားအဖြစ်အသွင်ယူကာ မုံရွာမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ရတနာပုံ၊ချမ်းမြသာစည်၊ လယ်တီ စတဲ့ရပ်ကွက်တွေမှာ သတင်းပိုင်းဆိုင်ရာ ထောက်လှမ်းရေးအဖြစ် ထမ်းဆောင်ခဲ့သူလို့လည်း သိရပါတယ်။
ခုလို တာဝန်ထမ်းဆောင်နေချိန်မှာ ရဲအရာခံဝင်းနိုင်ဟာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဖမ်းဆီးနိုင်ဖို့ သတင်း ထောက်လှမ်းပေးခဲ့တာကြောင့် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ မုံရွာမြို့ စရဖရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။
ထို့ပြင် NLD လွှတ်တော်အမတ် မောင်တာကို ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်ခဲ့ရာမှာ ဖမ်းမမိတဲ့အတွက် နေအိမ်ကို ချိတ်ပိတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။
ဒါ့အပြင် မုံရွာသပိတ်အဖွဲ့ကို ထောက်ပံ့နေတဲ့ ကောင်းစစ်မိုးနဲ့ လူငယ် ၅ ဦး၊ တော်လှန်ရေးရဲဘော်တွေကို ထောက်ပို့နေတဲ့ ရတနာပုံရပ်ကွက်က မဆွေမာဦးနဲ့ မအိအိဖြူကို ဖမ်းဆီးရာမှာပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
ထို့အတူ ငွေကြေးချမ်းသာသူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့မှာ စိန်ဂျော်ကာ ဖိနပ်ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးပြီး ကျပ်သိန်း ၅၀၀ နဲ့ ရွေးယူခိုင်းခဲ့တယ်လို့ ဝန်ခံထားပါတယ်။
အဲဒီလို ငွေကြေးချမ်းသာသူတွေကို ဖမ်းဆီးငွေညှစ်ရာမှာ အထက်အရာရှိက ရရှိလာတဲ့ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းကို ခွဲဝေပေးတယ်လို့ သိရပါတယ်။
အလားတူ အထက်အရာရှိက မုံရွာမြို့က ငွေကြေးချမ်းသာသူတွေကို စာရင်းပြုစုခိုင်းထားပြီး ငွေကြေးလိုအပ်ချက်ရှိလာရင် အဆိုပါပုဂ္ဂိုလ်များကို တော်လှန်ရေးနှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးပြီး ငွေကြေးရယူဖို့ စီစဉ်ထားတယ်လို့လည်း ရဲအရာခံဝင်းနိုင်က ဝန်ခံထွက်ဆိုထားပါတယ်။
ရပ်ကွက်ထဲမှာ အရပ်သားပြည်သူတယောက်ပုံစံနဲ့ သတင်းထောက်လှမ်းကာ အထက်အရာရှိထံတင်ပြနေတဲ့ ဝင်းနိုင်နဲ့ အတူ တွဲဖက်လုပ်ကိုင်ရသူဟာ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲလိုင်းခန်းမှာနေထိုင်တဲ့ မှုခင်းဌာနက တပ်ကြပ်ကြီး ဟန်ဝင်းအောင်လို့ သိရပါတယ်။
ရဲအရာခံဝင်းနိုင်ကို လက်ရဖမ်းဆီးနိုင်ခဲ့တာဟာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်နေကြောင်း သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းနွေဦး၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment