၂၀၂၄ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ပူးတွဲထုတ်ပြန်တင်ပြ
📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်ဖော်ပြ
📌 ၃။ မြန်မာပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဒေါက်တိုင် ဗဟိုဘဏ်ကိုအရေးယူဖို့ ပါမောက္ခရှောင်တာနယ် နိုင်ငံတကာကိုတောင်းဆို
📌 ၄။ မန်းဒေသဟာ နိုင်ငံရေး၊ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို ဟန်ချက်ညီညီနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်း၊ ကြိုးပမ်းနေကြတယ်လို့ဆို
📌 ၅။ စစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ခဲ့သူတွေနဲ့ မျက်မြင်သက်သေတွေကို ကာကွယ်ပေးဖို့ ICC ကို Fortify Rights တောင်းဆို
📌 ၆။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီး၏ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ ကြေငြာ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ၂၀၂၄ ခုနှစ် ပထမ(၆)လအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား(၁၀)မျိုးထက်မနည်း ကျူးလွန်
🚩 ၂။ ရေဖြူမြို့နယ်မှာ စစ်သားတွေပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးပြီး သေနတ်တလက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၃။ စဉ့်ကူးမြို့တွင် CB ဘဏ်၊ နေအိမ်များနှင့် ဆိုင်ခန်းများကို စစ်တပ်က ဖောက်ထွင်းပြီး ပြည်သူ ၁ ဦးကို ပစ်ခတ်
🚩 ၄။ စစ်ကောင်စီရဲ့ မစ်ဇိုင်းဒုန်းများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး ၂ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ
🚩 ၅။ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး ထပ်မံ သေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ် ၁၀ လုံး ပျက်စီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် ပူးတွဲထုတ်ပြန်တင်ပြ
ဇူလိူင်လ ၁၂ရက်။
RadioNUG
မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)ဖော်ထုတ်နိုင်ရေးအတွက် မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများမှ ပူးတွဲထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ-
မန္တလေးဒေသ၏ လက်ရှိတော်လှန်ရေးကာလ (ကြားကာလ)အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကြားကာလနိုင်ငံရေး အစီအမံ (Interim Political Arrangement) တစ်ရပ်ကို ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်သည် ယခုအခါ လိုအပ်ချက်တစ်ခု ဖြစ်လာပြိး မန္တလေးဒေသအတွက် အနာဂတ်တွင် ရောက်ရှိလာမည့် အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးအစီအမံကို ဖော်ထုတ်နိုင်ရန် လုပ်ငန်းစဉ်များကို ကြိုတင်၊ ဆွေးနွေး ပြင်ဆင်ထားရန်လည်း လိုအပ်လာပါတယ်။
သို့ဖြစ်ပါ၍ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Mandalay Region Hluttaw - CRMH) အပါအဝင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးဒေသ ကိုယ်စားပြု ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များ၊ လူထုသပိတ်တိုက်ပွဲ၊ လူထု လှုပ်ရှားမှုဆိုင်ရာ အင်အားစုများ၊ သမဂ္ဂ ကျောင်းသား လူငယ် အမျိုးသမီး အင်အားစုများ၊ CDM ဆိုင်ရာ အင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းဝင်များ၊ တက်ကြွလှုပ်ရှားသူများ၊ မန္တလေးဒေသတွင်း အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးကဏ္ဍ တာဝန်ရှိသူများ အစရှိသဖြင့် ကဏ္ဍပေါင်းစုံမှ လက်လှမ်းမီ ချိတ်ဆက်ရသမျှသော တော်လှန်ရေး ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်များသည် မန္တလေးဒေသအတွက် ကြားကာလနိုင်ငံရေး အစီအမံတစ်ရပ် ဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို လွန်ခဲ့သည့် (ဩဂုတ်လ၊ ၂၀၂၃ ခုနှစ်)မှစတင်ကာ အစည်းအဝေးခေါင်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်၍ တိုင်ပင်၊ ဆွေးနွေး၊ ဖလှယ်ခဲ့ကြပါတယ်။
အချိန်တစ်နှစ်တာ ကာလအတွင်း ဆွေးနွေးကြရာတွင် စုံညီအစည်းအဝေး (၂၃) ကြိမ်၊ ခရိုင်အလိုက် အစည်းအဝေး (၁၀) ကြိမ်နှင့် မြေပြင်တွေ့ဆုံ ဆွေးနွေးမှုများလည်း ဆောင်ရွက်ကာ အကျေအလည် ညှိနှိုင်းခဲ့ကြပါတယ်။
မန္တလေးဒေသအတွက် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်ရေးလုပ်ငန်းစဉ်များတွင် လက်ရှိ မပြီးဆုံးသေးသည့် ပြည်သူ့တော်လှန်ရေးကြီးအပေါ် အဆက်အစပ်နှင့် အထောက်အပံ့ဖြစ်ရေး၊ ဖက်ဒရယ်အရွေ့အသွင် ဆောင်နိုင်ရေး၊ ပါဝင်သင့်ပါဝင်ထိုက်သည့် တော်လှန်ရေးအင်အားစုများအားလုံး ပါဝင်နိုင်ရေးနှင့် ပွင့်လင်း မြင်သာမှုရှိရေး၊ ချိတ်ဆက်ညှိနှိုင်းရေး၊ လုပ်သင့် လုပ်ထိုက်သည့် အလုပ်များကို စနစ်တကျ ဖော်ဆောင်ရေး၊ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း)ကို ရေးဆွဲပြုစုရေးတို့အတွက် ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါတယ်။
သို့ဖြစ်သောကြောင့် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်တစ်ရပ် ချမှတ်ကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး အများပြည်သူ သိရှိနိုင်စေရန်အတွက် ပူးတွဲထုတ်ပြန် တင်ပြလိုက်ပါတယ်။
ဦးမြင့်အောင်မိုး - +၉၅၉၇၈၄၆၈၆၁၆၁ (Signal)
ဦးအောင်မျိုးလက် - +၉၅၉၇၉၂၂၁၅၃၀၃ (Signal)
ဦးအောင်မှိုင်းဆန်း - +၉၅၉၇၆၇၆၂၉၄၉၇ (Signal)
မေနှင်း - +၉၅၉၇၅၇၆၂၄၂၃၁ (Signal)
သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်ဖော်ပြ
ဇူလိုင်လ ၁၂ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့၊ မနက်(၁၁)နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ၊ မုံရွာ-ရေဦးလမ်းမပေါ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်နှင့် ကျေးရွာထိပ်ရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်အုပ်စု ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် CDM ကျန်းမာရေး ဆရာမ ၁ ဦး၊ ဒေသခံ ကာကွယ်ရေး ရဲဘော် ၄ ဦး ပလဖ အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပါတယ်။
ထို့အပြင် ဆေးပေးခန်း ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှု ရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ မြန်မာပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဒေါက်တိုင် ဗဟိုဘဏ်ကိုအရေးယူဖို့ ပါမောက္ခရှောင်တာနယ် နိုင်ငံတကာကိုတောင်းဆို
ဇူလိုင်လ ၁၂ရက်။
မြန်မာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကို နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့အရေးယူပေးဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်က တောင်းဆိုလိုက်ပါတယ်။
ပါမောက္ခရှောင်တာနယ်ဟာ ဇူလိုင် ၁၁ က USIP မှာ How Myanmar’s Central Bank Facilitates the Junta’s Oppression ခေါင်းစဉ်နဲ့ ဆောင်းပါးရေးပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး ၃ နှစ်တာကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် - CBM ဟာ စစ်ကောင်စီရဲ့ လူထုဖိနှိပ်ရေးယန္တရားအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတခုအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ ပါမောက္ခရှောင်က ဆိုပါတယ်။
စစ်ကောင်စီအတွက် စစ်လက်နက်တွေ ဝယ်ယူနိုင်ဖို့ အဓိကပံ့ပိုးနေတဲ့ ငွေကြေးယန္တရားအဖြစ် ဗဟိုဘဏ်က ဆောင်ရွက် ခဲ့သလို နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေကို ရှောင်ရှားနေတဲ့ စစ်ကောင်စီရဲ့ ငွေရေးကြေးရေး လက်နက်တခုဖြစ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။
စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေပြီး နိုင်ငံတကာပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ရေး အဓိကကူညီနေတဲ့ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူခြင်းနဲ့ ကန့်သတ်တာတွေ နိုင်ငံတကာအနေနဲ့ အရေးတကြီး ဦးစားပေးဆောင်ရွက်သင့်တယ်လို့လည်း အသိပေးထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တင်ပြထားတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံက ဘဏ်တွေအပေါ် ပိတ်ဆို့အရေးယူခဲ့တာတွေကြောင့် စစ်ကောင်စီအတွက် လက်နက်ဝယ်ယူမှုတွေမှာ ငွေကြေးထောက်ပံ့နိုင်မှုကို လျှော့ချနိုင်ခဲ့ပြီး ထိရောက်မှုရှိတာကို သက်သေပြခဲ့ပြီးဖြစ်ပေမယ့် ဘဏ်တွေဟာ အခြားနည်းလမ်တွေအသုံးပြုတာကြောင့် ငွေလွှဲပြောင်းမှုပုံစံ ပြောင်းလဲသွားတယ်လို့လည်း ရှောင်တာနယ်က ဆိုပါတယ်။
ဒါကြောင့် ဗဟိုဘဏ်ကို ပိတ်ဆို့ခြင်းကသာ နိုင်ငံတကာပိတ်ဆို့မှုကို ရှောင်ရှားနေတဲ့ စစ်ကောင်စီလေက်အောက်ခံ ဘဏ်စနစ်တခုလုံးကို ထိထိရောက်ရောက် အရေးယူနိုင်မယ်လို့ ပါမောက္ခရှောင်တာနယ်က သူ့ရဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ မန်းဒေသဟာ နိုင်ငံရေး၊ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို ဟန်ချက်ညီညီနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်း၊ ကြိုးပမ်းနေကြတယ်လို့ဆို
ဇူလိုင်လ ၁၂ရက်။
ဇူလိုင်၁၂ရက်ဆိုရှယ်မီဒီယာမှာ မန်းဒေသဟာ နိုင်ငံရေး၊ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို ဟန်ချက်ညီညီနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်း၊ ကြိုးပမ်းနေကြတယ်လို့မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ဆိုပါတယ်။
"မန်းဒေသဟာ နိုင်ငံရေး၊ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုများကို ဟန်ချက်ညီညီနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်း၊ ကြိုးပမ်းနေကြပါတယ်။"သမဂ္ဂနံ တပေါ သုခေါ" (စုပေါင်းညီညာ အောင်ကြောင်းဖြာ)ဆိုတဲ့ စကားအတိုင်း မိမိတို့ရဲ့ မန်းတော်လှန်ရေးအင်အားစုများဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးမှာ တတ်နိုင်သမျှ စနစ်တကျ ချိတ်ဆက်စုစည်းပြီး ချီတက်နေကြတာ ဖြစ်ပါတယ်"လို့ ဆိုထားပါတယ်။
========================
📌📌 ၅။ စစ်တပ်ကကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ခဲ့သူတွေနဲ့ မျက်မြင်သက်သေတွေကို ကာကွယ်ပေးဖို့ ICC ကို Fortify Rights တောင်းဆို
ဇူလိုင်လ ၁၂ရက်။
မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ မှတ်တမ်း မှတ်ရာတွေ ကူညီပေးပို့တဲ့ မျက်မြင်သက်သေတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး -ICC အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights က တိုက်တွန်းတောင်းဆိုလိုက်ပါ တယ်။
မန္တလေးစစ်ကြောရေးစခန်းမှာ ညှင်းပန်းနှိပ်စက်ထားတဲ့ သက်သေရုပ်သံဗီဒီယိုတွေ ရရှိထားတာကြောင့် Fortify Rights က အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
Fortify Rights အနေနဲ့ မန္တလေးတိုင်းထဲက စစ်ကြောရေးစခန်းတခုမှာ အာဏာသိမ်း စစ်ကောင်စီတပ်သားတွေက အကျဉ်းသားတွေကို နည်းမျိုးစုံး ညှင်းပန်းနှိပ်စက်နေတဲ့ သက်သေ ဗီဒီယိုဖိုင် ၁၀ ခု လက်ခံရရှိထားပြီး ဒီဗီဒီယိုဖိုင်တွေ ပေးပို့ခဲ့တဲ့ မျက်မြင်သက်သေလို ပုဂ္ဂိုလ်မျိုးတွေကို အကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ အသိပေးထားပါတယ်။
ဗီဒီယိုတွေထဲမှာ သေတဲ့အထိ ရိုက်နှက်တာ၊ ဓာတ်လိုက်အောင် ရှော့ရိုက်တာစတဲ့ ဆိုးရွားရက်စက်လှတဲ့ ညှင်းပန်း နှိပ်စက်မှုတွေကိုမြင်ရပြီး ဗီဒီယိုတခုထဲမှာဆိုရင် အဝတ်ဗလာကျင်းနေတဲ့ အမျိုးသားတဦးကို စစ်သားတွေက တင်းတင်း ကျပ်ကျပ် ကြိုးချည် တုပ်နှောင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အခြားဗီဒီယိုဖိုင်မှာဆိုရင်လည်း အကျဉ်းသား ၂ယောက်ဟာ သေတဲ့ထိ ရိုက်နှက်ခံနေရတာတွေ ပါဝင်နေပေမယ့် ရိုက်ကူးသူ ဘယ်သူဘယ်ဝါဆိုတာ ပေါ်ပေါက်မသွားအောင်ကာကွယ်ဖို့ ဗီဒီယိုတွေကို မထုတ်ပြန်နိုင်သေးပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားတွေအဖြစ် မှတ်တမ်းတင်သိမ်းဆည်းထားတယ်လို့ အသိပေးထားပါတယ်။
ဗီဒီယိုဖိုင်တွေရရှိထားခဲ့သူက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား IIMM ထံ အထောက်အထားတွေ ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီဗီဒီယိုတွေကို အသက် ၃၅ နှစ်အရွယ် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ၂၀၂၁ နှောင်းပိုင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကောင်စီကို စွန့်ခွာချိန်မှာ ဒီအထောက်အထားတွေနဲ့အတူ ထွက်ပြေး လွတ်မြောက်လာခဲ့တာလို့လည်း သိရပါတယ်။
Fortify Rights အနေနဲ့ ထွက်ပြေးလွတ်မြောက်လာတဲ့ မျက်မြင်သက်သေကိုရော၊ စစ်ဆေးမှုတွေကို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတဲ့ အရပ်သားတဦးကိုပါ ဆက်သွယ်မေးမြန်းခဲ့သလို ဗီဒီယိုတွေရဲ့ မှန်ကန်မှုကိုလည်း လေ့လာဆန်းစစ်ခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုလေ့လာဆန်းစစ်ရာမှာ ဗီဒီယိုထဲမှာပါဝင်တဲ့အသံနဲ့ အခြားအချက်အလက်တွေဟာ ဖြစ်စဉ်တွေရဲ့တည်နေရာနဲ့ ပါဝင် ပတ်သက်သူ ရာထူးအဆင့်အမျိုးမျိုးရှိတဲ့ စစ်မှုထမ်း ၅ ဦးရဲ့ အမည်တွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ဗီဒီယိုတွေထဲက ပုံရိပ်တွေအရ နှိပ်စက်ညှင်းပန်းမှု၊ ရိုက်နှက်မှု၊ ရှော့ရိုက်မှု၊ လိင်အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်မှုစတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ၊ အမျိုးသမီး ၂ ဦး အပါအဝင် ထိန်းသိမ်းခံရသူ ၄၈ ဦးလောက် ရှိနေတာတွေကို ဆန်းစစ် အတည်ပြုနိုင်ခဲ့တယ်လို့လည်း Fortify Rights က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ နှိပ်စက်တာ၊ အကြမ်းဖက်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ် တာ့ခ်နဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်တို့က ရှုတ်ချခဲ့ကြဖူးသလို နိုင်ငံတကာက ထောက်ပြ တောင်းဆိုမှုတွေရှိခဲ့ပေမယ့် ICC အနေနဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ စစ်တပ်ရဲ့ အကြမ်းဖက် ရာဇဝတ်မှုတွေအပေါ် ကိုင်တွယ်စုံစမ်းဖို့ ပျက်ကွက်နေတယ်လို့ Fortify Rights က ထောက်ပြဝေဖန်ထားပါတယ်။
ဒါ့ကြောင့် ICC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ရောမသဘောတူညီမှုပါ အချက်အလက်တွေအရ စစ်ရာဇဝတ်မှုဆိုင်ရာ အရေးကြီး မျက်မြင်သက်သေတွေ၊ အရေးပါတဲ့ မှတ်တမ်းမှတ်ရာတွေကို စွန့်စွန့်စားစားယူဆောင်ကာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းဟောင်းတွေကို အလေးထားအကာအကွယ်ပေးကြဖို့ Fortify Rights က ထပ်လောင်းတောင်းဆိုထားပါတယ်။
========================
📌📌 ၆။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီး၏ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ ကြေငြာ
ဇူလိုင်လ ၁၂ ရက်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီး၏ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များကို ကြေငြာလိုက်ပါတယ်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်အနေဖြင့် ၂၀၂၅ ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာများကို ၁၅-၇-၂၀၂၄ ရက်နေ့ မှ စတင်လက်ခံသွားမယ်လို့ဖော်ပြပါတယ်။
လျှောက်ထားနိုင်သောတက္ကသိုလ်များမှာ School of Medical Sciences, School of Nursing Sciences, School of Technology, School of Economics, School of Agriculture and School of Arts and Sciences တို့ဖြစ်ကြောင်းသိရပါတယ်။
တက္ကသိုလ်အသီးသီး၏ တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်များကို ကျောင်းသူ/ ကျောင်းသားများသိရှိနိုင်ရန်အတွက်ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ၂၀၂၄ ခုနှစ် ပထမ(၆)လအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား(၁၀)မျိုးထက်မနည်း ကျူးလွန်
ဇူလိုင်လ ၁၂ရက်။
RadioNUG
ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၌ ၂၀၂၄ ခုနှစ် ပထမ (၆)လအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား (၁၀)မျိုး ထက်မနည်းကို ကျူးလွန်ခဲ့ကြောင်း ကေအဲန်ယူ − ကရင်အမျိုးသားအစည်းအရုံး သတင်းနှင့် ပြန်ကြားရေးဗဟို၏ မှတ်တမ်း အချက်အလက်များအရ သိရပါတယ်။
ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများမှာ−
(၁) ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း −၈၅၀ ကြိမ်
(၂) ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၂၄၉ ကြိမ်
(၃) ပြည်သူလူထုများအား Drone ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း − ၁၀၆ ကြိမ်
(၄) ပြည်သူလူထုများအား သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်း − ၁၁ ကြိမ်
(၅) ပြည်သူလူထုများ အသုံးပြုသောလမ်းတွင်မိုင်းထောင်ခြင်း − ၃၇ ကြိမ်
(၆) ပြည်သူလူထုများအား အကြောင်းမဲ့ဖမ်းဆီးခြင်း − ၂၂ ကြိမ်
(၇) ပြည်သူလူထုပိုင် ပစ္စည်ဥစ္စာများအား မီးရှို့ဖျက်ဆီးခြင်း − ၁၈ ကြိမ်
(၈) ပြည်သူလူထုများအား အတင်းအဓမ္မခိုင်းစေခြင်း − ၅ ကြိမ်
(၉) ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအား အတင်းအဓမ္မယူဆောင်ခြင်း − ၄ ကြိမ်
(၁၀) ပြည်သူလူထုများအား အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း − ၁ ကြိမ်
စုစုပေါင်း အကြိမ်ရေ (၂၃၀၃) ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူ (၉၆)ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး (၁၃၄)ဦးအသက်သေဆုံးခဲ့ရကာ (၄၃၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရသည့်အပြင် ဘုရားကျောင်း(၆)ကျောင်း၊ ဘုန်းကြီးကျောင်း (၂၃)ကျောင်း၊ စာသင်ကျောင်း(၁၄)ကျောင်း၊ ဆေးပေးခန်း (၂)ခန်း၊ ဆေးရုံ (၂)လုံး၊ ပြည်သူပိုင်အဆောက်အဦး (၇၉)လုံး၊ စပါးကျီပျက်စီးမှု(၃၂)လုံး၊ စိုက်ပျိုးခြံ (၆) ခြံ၊ အိမ် (၁၀၂၄) လုံး ထက်မနည်းထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရပြီး ပေါ်တာအဖြစ် (၂)ဦး၊ လမ်းပြအဖြစ် (၄)ဦးနှင့် ပြည်သူလူထု (၁)ဦးမှာ အတင်း အဓမ္မခိုင်းစေခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်ပြည်သူ (၁,၂၄၄,၄၁၅)ဦးခန့်အထိ ရှိလာပြီ ဖြစ်သည်။
အချက်အလက်များသည် ကောက်ခံရရှိသော အချက်အလက်များသာ ဖြစ်ပြီး ကောက်ခံ၍ မရရှိသော အချက်အလက်များလည်း ကျန်ရှိနေနိုင်သေးသည့်အတွက် အမှန်တကယ် ထိခိုက်ပျက်စီး ဆုံးရှံးမှုများသည် ဖော်ပြပါစာရင်းအချက်အလက်များထက် များနေနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ရေဖြူမြို့နယ်မှာ စစ်သားတွေပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးပြီး သေနတ်တလက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ
ဇူလိုင်လ ၁၂ရက်။
တနင်္သာရီတိုင်း ရေဖြူမြို့အနီးမှာ အကြမ်းဖက်စစ်သားတွေစီးနင်းလိုက်ပါလာတဲ့ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးပြီး သေနတ်တလက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန်က ထားဝယ်မြို့ဘက်ကနေ ရေဖြူးမြို့ဘက်ကို ရန်ကုန် - ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းလာပြီး အကြမ်းဖက်စစ်သားတွေပါလာတဲ့ ဟိုက်ဂျက်အမျိုးအစား ကားတစီးကို ရေဖြူမြို့အဝင်ဆိုင်းဘုတ်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ကားခေါင်းပိုင်း ကျည်ထိပျက်စီးသွားပြီး အကြမ်းဖက်စစ်သားတွေ ကိုင်ဆောင်အသုံးပြုနေတဲ့ MA3 သေနတ်တလက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၁၅ဝ တောင့်နဲ့ ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -YPPDFနဲ့ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော်-DNLA တပ်ခွဲ ၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ စစ်ရေး အသိ၊သတိ ထားရှိပြီး သွားလာနေထိုင်ပေးကြဖို့ YPPDFနဲ့ DNLA တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ စဉ့်ကူးမြို့တွင် CB ဘဏ်၊ နေအိမ်များနှင့် ဆိုင်ခန်းများကို စစ်တပ်က ဖောက်ထွင်းပြီး ပြည်သူ ၁ ဦးကို ပစ်ခတ်
ဇူလိုင်လ ၁၂ရက်။
RadioNUG
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နေအိမ်နှင့် ဆိုင်ခန်းများကို စိတ်ကြိုက်ဖောက်ထွင်းနေပြီး စစ်သားများ CB ဘဏ်ကို ဖောက်ထွင်းနေစဉ် တွေ့မြင်ခဲ့သည့် ပြည်သူ ၁ ဦး ပစ်ခတ်ခံရကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးမှ သိရပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းက CB ဘဏ် ဖောက်ထွင်းနေသည့် စစ်သားများကို စဉ့်ကူးမြို့ ပဲလှော်ဖိုဆိုင်မှ အသက် ၆၀ ကျော်အရွယ် ဦးထွန်းမင်း(ခ)ဦးထုတ်ကြီးက တွေ့မြင်သွားသောကြောင့် အကြမ်းဖက် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ကို ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာဖြင့် မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။
မြို့ထဲမှာ ပြည်သူတွေ မရှိတော့ဘဲ စစ်သား၊ ရဲနဲ့ ပျူတွေပဲ ကျန်နေပြီး မန္တလေး PDFက ထုတ်ပြန်သည့် ပုံအချို့မှာလည်း ဖုန်းဆိုင်အတွင်း သေနေတဲ့ စစ်သားပုံတွေ တွေ့ရပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီရဲ့ မစ်ဇိုင်းဒုန်းများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေး ၂ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ
ဇူလိုင် ၁၂ ရက်။
Radio NUG
စစ်ကောင်စီရဲ့ မစ်ဇိုင်းဒုန်းများနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာ ခရိုင်၊ ကော့ကရိတ် မြို့နယ်၊ ထီးမူးထ ကျေးရွာမှ ကလေး ၂ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၉ ရက်၊ မနက် ၁၁ နာရီမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက ရမ်းသမ်း ပစ်ခတ် ခဲ့တဲ့ အတွဲလိုက် မစ်ဇိုင်း ဒုန်းများဟာ ထီးမူထ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အသက် ၁၁ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးနှစ်ဦး အသက် ၅၅ နှစ်အရွယ် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၁၂ လုံး အပါအဝင် ပြည်သူပိုင် ကားတချို့နှင့် အိမ်သုံး ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦး ထပ်မံ သေဆုံးပြီး စာသင်ကျောင်းနဲ့ နေအိမ် ၁၀ လုံး ပျက်စီးခဲ့
ဇူလိုင်လ ၁၂ ရက်။
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးများကြောင့် အရပ်သား ၄ ဦး ထပ်မံသေဆုံးခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန် ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှာ လားရှိုးမြို့ပေါ်က ရပ်ကွက် (၁)၊ ရပ်ကွက်(၁၀)၊ ရပ်ကွက်(၈)တို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၄ ဦး ထိမှန်သေဆုံး ခဲ့ရတာဖြစ်ပြီး နေအိမ် ၁ လုံးလဲ မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဇူလိုင်လ ၁၂ ရက်၊ မနက်ပိုင်းတွင်လည်း လားရှိုးမြို့၊ ရပ်ကွက်(၈)မှ နေအိမ်တလုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရပ်ကွက် (၁၀) ထင်းရှုးမြိုင် အိမ်ယာ အနီးတဝိုက်မှာလည်း လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။
အလားတူ ဇူလိုင် ၁၂ ရက် မနက် ၁ နာရီ ဝန်းကျင်ခန့်မှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမှတ် (၁)အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနဲ့ မူလတန်းကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် မိုးကုန်အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ(၁၀)မှာလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment