၂၀၂၄ ဇူလိုင်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တိုင်းရင်းသားအဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့်နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ မဲလ်ဘုန်းမြို့တွင် တွေ့ဆုံဆွေးနွေး
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၃။ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုကို အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်
📌 ၄။ မကွေးတိုင်းအခြေစိုက် စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က စိုးမိုးနယ်မြေ Zone-3 အတွင်း တော်လှန်ရေးလမ်းပိုင်းများဖောက်လုပ်ခြင်း၊ လမ်းများပြုပြင်ခြင်းနဲ့ စစ်ဆေးခြင်းများလုပ်ဆောင်
📌 ၅။ ဝင်းရေးမြို့နယ်၌ “သစ်တောသည် ငါတို့ဘဝ၊ ငါတို့ဘဝသည် သစ်တောနဲ့အတူ တည်ရှိမည်” ဟူသော ခေါင်းစဥ်ဖြင့် သစ်ပင်စိုက်ပျိုး
📌 ၆။ ရှမ်းမြောက်က စစ်ရှောင် ၉ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
📌 ၇။ "အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး"(၇)ကြိမ်မြောက် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ယင်းမာပင်ခရိုင် အမှတ် ၃၅ - PDA Yinmarbin တပ်ရင်း အမှတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
🚩 ၂။ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ၆ရက်မြောက်နေ့တွင် မိုးကုတ်မြို့ ရွှေမျက်ဝန်းတပ်စခန်းနှင့် မိုးမိတ်မြို့ ကင်းချောင်တပ်စခန်းတို့ကို သိမ်းပိုက်
🚩 ၃။ တွင်းငယ် မိုးမိတ်လမ်းအား PLAနှင့် မဟာမိတ် TNLA ပူးပေါင်းတပ်မှ အပြည့်အဝ ထိန်းချုပ်
🚩 ၄။ PDF တပ်ဖွဲ့များကို စိန်ခေါ်ထားသည့် ရဲတပ်ကြပ်ကြီး လင်မယား ပစ်ခတ်ခံရ
🚩 ၅။ အရပ်သားပြည်သူများ သွားလာလှုပ်ရှားရာ နေရာများသို့ စကစမှ Droneဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ(၇)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများအား ကယ်ထုတ်နေတဲ့ PDF ရဲဘော် ၁ဦး ကျဆုံး
🚩 ၆။ အကြမ်းဖက် စကစများ ထောင်ထားခဲ့သော နင်းမိုင်း ၅ လုံးအား ရှင်းလင်းဖယ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်းရင်းသားအဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့်နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ မဲလ်ဘုန်းမြို့တွင် တွေ့ဆုံဆွေးနွေး
ဇူလိုင် ၁ရက်။
တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မဲလ်ဘုန်းမြို့တွင် တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇူလိုင်လ၊ ၁ ရက် NUGနိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
၂၀၂၄ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် မဲလ်ဘုန်းမြို့၌ လီဆူ၊ ရ၀မ်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ဇိုမီး၊ မွန်၊ ရခိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးနှင့် မျက်မှောက်ရေးရာများကို အဓိကထား ဆွေးနွေးခဲ့ပါတယ်ါ
ထို့နောက် တော်လှန်ရေးနှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း တက်ရောက်လာသည့် အဖွဲ့အစည်းများ၏ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြပြီး ပြည်ထောင်စု၀န်ကြီးက မေးမြန်းချက်များကို ဖြေကြားပေးကာ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရန်လိုအပ်ကြောင်း၊ စုပေါင်းအင်အားက အောင်မြင်မှုအတွက်အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်များသည် ၎င်းတို့၏မျိုးနွယ်စုများ၊ ဒေသများအတွင်း ရင်ဆိုင်နေကြရသည့် အခက်အခဲများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇူလိုင်လ ၁ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၅/၂၀၂၄)ကို ဇူလိုင်၁ရက်နေ့ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုကို အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်
ဇူလိုင်လ ၁ရက်။
Radio NUG
ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ၇ ခုနှင့် တာဝန်ရှိသူများကို အရေးယူမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၁ရက်နေ့ ညပိုင်း ထုတ်ပြန်ပါတယ်။
အဆိုပါ ပုဂ္ဂလိကဘဏ် ၇ ခုသည် အိမ်ရာချေးငွေများကို များစွာ ထုတ်ချေးလျက်ရှိသည့်အပြင် ဗဟိုဘဏ်သတ်မှတ် ရာခိုင်နှုန်းထက် ကျော်လွန်ထုတ်ချေးထားကြောင်း စစ်ကောင်စီက ဆိုသည်။
ရိုးမဘဏ်က ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်မှ ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဧရာ၀တီဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း ၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ UAB ဘဏ်က ၃ ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်က ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ပိုမို ထုတ်ချေးထားကြောင်း စစ်ကောင်စီက ပြောဆိုထားပါတယ်။
ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ပို၍ ထုတ်ချေးခဲ့သော ပုဂ္ဂလိက ဘဏ် ၇ ခုမှ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူပြီး၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၅၄ အရလည်း ဒဏ်ကြေးပေးဆောင်ရမည့်အပြင် စစ်ကောင်စီ၏ ဗဟိုဘဏ် တာဝန်ရှိသူများကိုလည်း ဖော်ထုတ်အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မကွေးတိုင်းအခြေစိုက် စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က စိုးမိုးနယ်မြေ Zone-3 အတွင်း တော်လှန်ရေးလမ်းပိုင်းများဖောက်လုပ်ခြင်း၊ လမ်းများပြုပြင်ခြင်းနဲ့ စစ်ဆေးခြင်းများလုပ်ဆောင်
ဇူလိုင်လ ၁ရက်။
မကွေးတိုင်းအခြေစိုက် စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က စိုးမိုးနယ်မြေ Zone-3 အတွင်း တော်လှန်ရေးလမ်းပိုင်းများဖောက်လုပ်ခြင်း၊ လမ်းများပြုပြင်ခြင်းနဲ့ စစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ပါတယ်။
ဇူလိုင်လ ၁ရက်နေ့ ပကဖအသံက တရားဝင်ဖော်ပြအသိပေးဆိုပါတယ်။
မကွေးတိုင်းအခြေစိုက် စလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က မြို့နယ်တိုက်ခိုက်ရေး ရဲဘော်အင်အား ၃၀ ကျော်ဖြင့် စိုးမိုးနယ်မြေ Zone-3 အတွင်း တော်လှန်ရေးလမ်းပိုင်းများ ဖောက်လုပ်ခြင်း၊ အရပ်သားပြည်သူများ မိုးတွင်းကာလ သွားလာရလွယ်ကူစေရန် လမ်းများပြုပြင်ခြင်းနဲ့ ကျေးရွာချင်းဆက်လမ်းပိုင်းများအား လုံခြုံရေးတိုးမြှင့်နိုင်ရန် ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါလုပ်ငန်းများကို ဇွန်လ ၂၉ရက်နေ့မှ စတင်ကာ ၂ ရက်ဆက်တိုက်ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ဝင်းရေးမြို့နယ်၌ “သစ်တောသည် ငါတို့ဘဝ၊ ငါတို့ဘဝသည် သစ်တောနဲ့အတူ တည်ရှိမည်” ဟူသော ခေါင်းစဥ်ဖြင့် သစ်ပင်စိုက်ပျိုး
ဇူလိုင်လ ၁ရက်။
Radio NUG
ဇူလိုင်(၁)ရက်နေ့တွင် ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ထီးဖထောအုပ်စုတွင် ဝင်းရေးမြို့နယ် သစ်တောဌာနနှင့် ပြည်သူလူထုတို့ စုပေါင်းပြီး သစ်ပင်စိုက်ပျိုးခြင်း အစီအစဥ်တစ်ရပ်အား ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဘာသာရေး ခေါင်းဆောင်များ၊ သစ်တောဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမြဲတမ်းကော်မတီများနှင့် ပြည်သူလူထုများ စုစုပေါင်း (၁၁၃ )ယောက်ခန့် တက်ရောက်ပါဝင်ခဲ့ကြကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိသည် "ကော်သူးလေ သစ်ပင်စိုက်လ - Kawthoolei Tree Planting Month" ဖြစ်သည့်အတွက် နောင်လာမည့်နှစ်များတွင် ကော်သူးလေဒေသ၌ သစ်တောများ ထပ်မံမပြုန်းတီး၊ စိမ်းလန်းစိုပြေစေဖို့ရန်အတွက် “သစ်တောသည် ငါတို့ဘဝ၊ ငါတို့ဘဝသည် သစ်တောနှင့်အတူ တည်ဆောက်မည်” ဟူသည့် ခေါင်းစဉ်ဖြင့် ကျွန်းပင်၊ ပျဥ်းကတိုးပင်၊ သင်္ကန်းပင်၊ ပိတောက်ပင်၊ အင်ပင်များ စုစုပေါင်း အပင်အရေအတွက် (၆၀၁၀)ပင်အား ထီးဖထောဂွင်တွင် စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
သစ်တောများမှ မြေဆီလွှာ၊ ရေအရင်းမြစ်၊ ဒေသအတွင်း ရာသီဥတု၊ တောရိုင်းတိရိစ္ဆာန်၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေထုညစ်ညမ်းခြင်းတို့ကို ကာကွယ်ပေးသည့်အပြင် အစားအစာ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကို သစ်တောမှ ရရှိကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ရှမ်းမြောက်က စစ်ရှောင် ၉ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူအညီ လိုအပ်နေ
ဇူလိုင်လ ၁ရက်။
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်က စစ်ရှောင်ဦးရေ (၉,၅၁၆ ဦး)အတွက် စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
အရင်က အလှူရှင်တွေကိုယ်တိုင် ပြေးနေရတာကြောင့် အဝေးက အလှူရှင်တွေသာရှိကာ တတ်နိုင်သလောက် လှူကြပေမယ့် စစ်ရှောင်အင်အားနဲ့ အလှူရှင်နဲ့ မမျှဘူးဖြစ်နေတယ်လို့ သိရပါတယ်။
ဆေးဆိုင်တွေလည်း ပိတ်ထားတာကြောင့် ဆေးဝါးပြတ်တောက်နေပါတယ်။
ကျောက်မဲမြို့နယ် နားပြိန်းဘုန်းကြီးကျောင်းမှာ စစ်ရှောင်ဦးရေ (၂၀၄၅ ဦး)၊ ပုံဝိုးကျောင်းမှာ (၁,၄၁၁ ဦး)၊ ချောင်းချောက်ကျောင်းမှာ (၉၀၀ ဦး)၊ နောင်ပိန်မှာ (၉၀၀ ဦး)၊ ခဲမွန်ကျောင်းမှာ (၇၅၀ ဦး)၊ ခိုအုန်းကျောင်းမှာ (၆၇၇ ဦး)၊ နောင်ပိန်လေးကျောင်းမှာ (၆၀၀ ဦး)၊ ခိုတင့်ကျောင်းမှာ (၃၇၆ ဦး)၊ ခိုမုန်းကျောင်းမှာ (၂၀၀ ဦး)၊ ကျွဲကုန်းကျောင်းမှာ (၁၃၀ ဦး)၊ သဒ္ဓမ္မပါလကျောင်းမှာ (၂၀၀ ကျော်)၊ ရန်ကင်း ဓမ္မာရုံမှာ (၁၅၀)နီးပါးနဲ့ စိန်ကျောက်တောင်ကျောင်းမှာ (၁၀၀)ဝန်းကျင် စုစုပေါင်း စစ်ရှောင်(၈,၄၃၉ ဦး)ခန့် ရှိတယ်လို့ သိရပါတယ်။
အလားတူ သီပေါမြို့နယ် နောင်ကတ် ဘုန်းကြီးကျောင်းမှာလည်း စစ်ရှောင်(၂၉၂ ဦး)၊ ပေါ်တော်မူဘုရား မြို့ဟောင်းကျောင်းမှာ (၁၂၃ ဦး)၊ နောင်အိမ်မှာ (၁၀၃ ဦး)၊ နောင်အန်ကျောင်းမှာ (၉၉ ဦး)၊ ဆီဆုံကျောင်းမှာ(၇၄ ဦး)၊ မြို့ဟောင်းကျောင်းမှာ (၅၆ ဦး)၊ ကုန်းသာကျောင်းမှာ (၃၀ ဦး)၊ ကုန်းတော်ကျောင်းမှာ (၇၀ ဦး)၊ ရေဟော်ကျောင်းမှာ (၁၀၀) ခန့်နဲ့ သာသနာ ၂၅၀၀ ကျောင်းမှာ (၁၃၀ ဦး) စုစုပေါင်း စစ်ရှောင်ဦးရေ (၁,၀၇၇ ဦး)ခန့် ရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲရှောင် စာရင်းတွေဟာ ရွှေဖီမြေက လက်လှမ်းမှီသလောက်သာ ကောက်ယူရရှိထားတဲ့ စာရင်းတွေသာဖြစ်ပြီး ဖုန်းလိုင်းအခက်အခဲတွေကြောင့် မြေပြင်မှာ ဒီထက်ပိုများနိုင်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၇။ "အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး"(၇)ကြိမ်မြောက် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်
ဇူလိုင်လ ၁ရက်။
Radio NUG
အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၁)ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး(၈)ဦး ကျဆုံးခဲ့ရကာ အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသားများကိုလည်း အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံများကို ပို့ဆောင်ပေးခြင်း မရှိသည့်အတွက် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၉)ဦး ကျဆုံးခဲ့ရပါတယ်။
အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပေါ်စေဖို့ (၇)ကြိမ်မြောက်လှုပ်ရှားမှုတစ်ခု ဖြစ်သည့် "အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး" ဓာတ်ပုံ လှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဇူလိုင်လ (၁) ရက်နေ့တွင် ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
၁။ အကျဉ်းထောင် အာဏာပိုင်များ အနေဖြင့် မိသားစုဝင်များ ပေးပို့သည့် နိုင်ငံခြားဆေးဝါးများကို အပြည့်အဝ လက်ခံရန်။
၂။ အကျဉ်းထောင်တွင်း လုံလောက်သည့် ဆေးဝါးများ ထားရှိရန်။
၃။ ထောင်တွင်း ဖျားနာလူနာများနှင့် ဒဏ်ရာရလူနာများကို လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်။
၄။ အရေးကြီးလူနာများကို ထောင်ပြင်ပဆေးရုံများကို အချိန်နှင့်တပြေးညီ ပို့ဆောင်ပေးရန်။
စသည့်တောင်းဆိုချက်(၄)ချက်ကို စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင်များအနေဖြင့် အမြန်ဆုံး လုပ်ဆောင်ပေးရန် တောင်းဆိုထားပါတယ်။
အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဥ်းသူတွေ ထပ်မံ မသေဆုံးစေရန် ရည်ရွယ်ချက်၊ တောင်းဆိုချက်များဖြင့် "အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး" ဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လေ့ကျင့်ရည်ပြည့်ဝသော စစ်သည်တော်ကောင်းများဖြင့် တပ်ရင်း ၅၁၀၂ ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ
ဇူလိုင်လ ၁ရက်။
လေ့ကျင့်ရည်ပြည့်ဝသော စစ်သည်တော်ကောင်းများဖြင့် တပ်ရင်း ၅၁၀၂ ကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို စတင်ဖွဲ့စည်း၍ အကြမ်းဖက်စစ်ကောင်စီအား အပြီးတိုင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် နိုင်ငံတစ်ဝန်းရှိ စစ်ဒေသခွဲနယ်မြေ အသီးသီးတွင် တပ်ရင်း/ တပ်ဖွဲ့များ ဖွဲ့စည်းကာ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နိုင်ရန် လမ်းညွှန်ခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် တပ်ရင်းပေါင်းများစွာ ဖွဲ့စည်းကာ တိုက်ပွဲဝင်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်တိုင်းစစ်ဌာန၏ ပထမဦးဆုံးတပ်ရင်းဖြစ်သည့် တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းကာ စစ်ဆင်ရေးနယ်မြေအသီးသီး၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲများ စဉ်ဆက်မပြတ် ဖော်ဆောင်လျက်ရှိပြီး ရန်သူအကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းလျက် ရှိတယ်လို့ဆိုပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းနေပြီး အင်အားဖြည့်တင်းသည့်အနေဖြင့် လေ့ကျင့်ရည်ပြည့်ဝသော စစ်သည်တော်ကောင်းများဖြင့် တပ်ရင်း ၅၁၀၂ ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။
========================
🚩🚩 ၂။ ၁၀၂၇ စစ်ဆင်ရေးတစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း(၁၅)ဦး ဖမ်းဆီးရမိထား
ဇူလိုင်လ ၁ရက်။
၁၀၂၇ စစ်ဆင်ရေးတစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက်(၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း(၁၅)ဦး ဖမ်းဆီးရမိထားတယ်လို့ TNLAကဖော်ပြပါတယ်။
ဇူလိုင်၁ရက်နေ့ သတင်းထုတ်ပြန်ချက်အရ တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ် တအာင်းတပ်မတော် TNLA၊ PDF(မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်းတိုက်ခိုက်ရာတွင် တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက်(၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း (၁၅)ဦး ဖမ်းဆီးရမိထားတယ်လို့ဖော်ပြပါတယ်။
သိမ်းဆည်းရမိသည့် လက်နက်များမှာ MA1(၁)လက်၊ MA 2 (၃)လက်၊ MA 3(၅)လက်၊ MA10(၂)လက်၊ MA11(၃)လက်၊ MA16(၁)လက်၊ MG-64(၁)လက်၊ 60mm (၂) လက်၊ 81mm(၁)လက်၊ RPG-7(၂) လက်၊ G3 (၉)လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိထားတယ်လို့သိရပါတယ်။
တပ်မဟာ(၂)စစ်ဒေသ နောင်ချိုမြို့ စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၁၁၄)(၁၁၅)နှင့် ဒုံးတပ်ရင်း(၆၀၆)တပ်စခန်းအား တအာင်းတပ်မတော် TNLA, DPLA, MDY-PDF တို့ ဇူလိုင်၁ရက်မနက်(၄း၁၀)နာရီအချိန်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
တပ်မဟာ(၃) စစ်ဒေသ မိုးမိတ်မြို့နယ် ညောင်နီကျေးရွာအနီး တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ တိုက်ခိုက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၃။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မတူပီမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ထံကသိမ်းယူရရှိခဲ့သော ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီး နှစ်လက်နှင့် လက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသ
ဇူလိုင်လ ၁ရက်။
ချင်းညီနောင်စစ်ဆင်ရေး(Operation CB)မတူပီမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ထံကသိမ်းယူရရှိခဲ့သော ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီး နှစ်လက်နှင့် လက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဇူလိုင်၁ရက်မှာ PDF Zolandက တရားဝင်အသိပေးဖော်ပြပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB)မတူပီမြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတူပီအခြေစိုက်ဗျူဟာနှင့် ခမရ(၃၀၄)၊ ခလရ(၁၄၀)တို့မှ ဟောင်ဝပ်ဇာအမြောက်၊ 14.5 ZPU လေယာဉ်ပစ်စက်သေနတ်ကြီးနှစ်လက်၊ အခြားလက်နက်ကြီး လက်နက်ငယ်များနှင့်အတူ ခဲယမ်းမီးကျောက်အမြောက်အများသိမ်းဆည်းရမိခဲ့ရာ မိဘပြည်သူများ သိရှိနိုင်ရန်အတွက် အဆိုပါလက်နက်ခဲယမ်းတချို့ကို ထုတ်ပြန်ဖော်ပြအပ်ပါတယ်လို့ဆိုပါတယ်။
ဖော်ပြရန် ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများကိုလည်း ထပ်မံထုတ်ပြန်ကြေညာသွားမယ်လို့အသိပေးဆိုပါတယ်။
မတူပီမြို့ကို ဇွန်လ၂၉ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
========================
🚩🚩 ၄။ စဉ့်ကူးမြို့ပေါ်က စစ်ကောင်စီ အထိုင်ချရာ နေရာများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
ဇူလိုင် ၁ ရက်။
Radio NUG
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားသော မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ အားကစား ခန်းမတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင် (ပ.က.ဖ)ထံက သိရပါတယ်။
ဇွန်လ ၃၀ ရက်က စစ်ကောင်စီ တပ်များ အထိုင်ချထားပြီး ပြည်သူများကို အတင်းအဓမ္မ ငွေညစ် တောင်းခံနေသော နေရာများနဲ့ စစ်ကောင်စီ တပ်သားများ အနားယူရာ နေရာများကို ဒရုန်းဖြင့် ဗုံးသီး ၁၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်၊ ဒရုန်းတာဝန်ခံနဲ့ ခရိုင်ဒရုန်းအဖွဲ့တို့က ဦးစီးပြီး ပြင်ဦးလွင်မြို့နယ် ဒရုန်းအဖွဲ့၊ သပိတ်ကျင်းမြို့နယ် ဒရုန်းအဖွဲ့၊ စဉ့်ကူးမြို့နယ် ဒရုန်းအဖွဲ့၊ မတ္တရာမြို့နယ် ဒရုန်းအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ခရိုင်နဲ့ မြို့နယ် ပ.က.ဖ အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အဆိုပါ ဒရုန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မောင်မယ်ရှောင် ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံး
ဇူလိုင် ၁ ရက်။
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက်တိုက် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က သတင်း ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်က အဆိုပါ မောင်မယ်ရှောင် ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်အင်အား ၁၀၀ ဝန်းကျင်ခန့်ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၈ ရက် ညနေ ၃ နာရီခန့် မှာလည်း ၎င်းတို့ ယာယီစခန်းချ နေထိုင်တဲ့ နေအိမ်များ အနီးထိ ချဉ်းကပ်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အနီးကပ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၅ ဦး သေဆုံးခဲ့ကာ နောက်ထပ် ၅ ဦးထပ်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အတည်ပြုနိုင်ကြောင်း ဖော်ပြ ထားပါတယ်။
၎င်းတိုက်ခိုက်မှုများကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ (၁)၊ ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်နေတဲ့ အချိန်ဖြစ်တာကြောင့် ပြည်သူများအနေနဲ့ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြဖို့ DNLA က အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ရွှေဘို၊ သီလုံးကျေးရွာရှိ ပြည်သူ့စစ် အထိုင်ချရာနေရာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
ဇူလိုင် ၁ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ အထိုင်ချ တပ်စွဲထားရာ နေရာကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီ ၃၄ မိနစ်၊ ၃၆ မိနစ်နဲ့ ၅၆ မိနစ်၊ ၈ နာရီ ၂၀ မိနစ်တို့မှာ ဒရုန်းဖြင့် ၄ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့ မနက် ၇ နာရီ ၂၁ မိနစ်နဲ့ ၄၄ မိနစ်တို့မှာ နှစ်ကြိမ် ထပ်မံ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ရက်အတွင်း စုစုပေါင်း ဗုံးသီး ၆ လုံးထိ ကြဲချ တိုက်ခိုက်ခဲ့ရာမှာ ကျေးရွာအတွင်းရှိ ပျူစောထီးများက လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ရွာအတွင်းမှာ ပြည်သူများ နေထိုင်နေခြင်း မရှိတာကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Shwebo Crocodile, ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ M.S.N M.SAI NAW ပျောက်ကျား အဖွဲ့၊ Ayadaw Rocket (LPDF ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ဇာမဏီဒေါင်း (ဒပယ)၊ ဗိုလ်လင်းရောင် (ဒပယ) ၊ ရွှေဘိုအားမာန် (UG)၊ Shwebo Federal Army ၊ Bo Ba Taw (LPDF)၊ HG FIGHTRs (LPDF)၊ ဒေါင်းစစ်သည် အဖွဲ့၊ ဂျိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ EYE FOR EYE၊ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စွန်ရဲရွှေဘို (LPDF) ၊ Zay Yar Thawed ၊ Yaung NI ၊ flying Dragon Force ၊ သူရိန် အဖွဲ့ ၊ Hinthar People Defence Force စတဲ့ မဟာမိတ် အဖွဲ့များက ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ သီလုံး နဲ့ ပန်းရံ ကျေးရွာများမှ ပျူစောထီးများဟာ ရွာမှာ နေထိုင်နိုင်ခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူ့လယ်ယာများကို မတရား ရိတ်သိမ်းယူနေကြောင်း တိုင်ကြားလာတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Shwebo Crocodile က အသိပေး ထားပါတယ်။
========================
🚩🚩 ၇။ ထီဗွာနှင့် ကယန်းလေး ကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး
ဇူလိုင်လ ၁ ရက်။
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ထီဗွာနှင့် ကယန်းလေး ကျေးရွာများကို စစ်ကောင်စီ တပ်နဲ့ ၎င်းတို့ လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် အဖွဲ့က ဒုတိယအကြိမ် ထပ်မံမီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ PNO အဖွဲ့က ဆီဆိုင်မြို့နယ်နဲ့ ပင်လောင်းမြို့နယ် ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဇွန်လ ၂၇ ရက်မှာ အဆိုပါ ထီဗွာနဲ့ ကယန်းလေး ကျေးရွာအတွင်းရှိ နေအိမ်များကို ထပ်မံမီးရှိ့ ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ထီဗွာ(ရေဖြူ)ကျေးရွာဟာ ပြီးခဲ့တဲ့ မေလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တွေကလည်း စစ်ကောင်စီနဲ့ PNO အဖွဲ့က တပ်စွဲထားပြီး နေအိမ် ၂၄ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ယခု ဒုတိယအကြိမ်တွင်လည်း နေအိမ် ၁၆ လုံးထပ်မနည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရှိရပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ပင်လောင်းမြို့နယ် တောင်ပိုင်းမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်အဖွဲ့များက ထိုးစစ်ဆင်နေပြီး ဇူလိုင်လ ၁ ရက်နေ့မှာ ဆောင်ပြောင်း ကျေးရွာထဲကို လက်နက်ကြီးများ၊ ဒရုန်းများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုပိုင် နေအိမ်များ ပျက်စီးခဲ့ကာ ပြည်သူ တချို့လည်း ထိခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment