အကြမ်းဖက်စစ်တပ်ကြောင့် ဆန်မှောင်ခို ရောင်းဝယ်စားရတဲ့ခေတ်ကို ပြန်ရောက်လာ



အကြမ်းဖက်စစ်တပ်ကြောင့် ဆန်မှောင်ခို ရောင်းဝယ်စားရတဲ့ခေတ်ကို ပြန်ရောက်လာ

ကိုကြီးငွေ (Radio NUG) ဇူလိုင် ၂၅၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်က ဆန်ကုန်သည် ၁၁ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ သင့်တင့်မျှတတဲ့ ဆန်ဈေးနှုန်း ထုတ်ပြန်ချက်တွေကြောင့် ဈေးကွက်ထဲက တန်ဖိုးမြင့်ပေါ်ဆန်းဆန်တွေကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လို့မရတော့ဘဲ မှောင်ခိုဈေးကွက် ဖြစ်လာပါတယ်။ ဘိန်းဖြူသာ ဝယ်လို့လွယ်မယ် ဆန်ကိုတော့ ဖမ်းတယ်ဆိုတဲ့ သဘောကို ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတစ်ဦးက အခုလို ပြောပါတယ်။

“မရောင်းရဘူး။ အဖမ်းအဆီး ရှိတယ်။ သူတို့သတ်မှတ်လို့ ကျော်လွန်လို့ လာစစ်လို့တွေ့ရင် ဖမ်းခံရမှာ။ အဲဒီတော့ သိမ်းထားရတယ်။ ဘိန်းဖြူလောက်တောင်မကောင်းဖြစ်နေတာ။ ဘိန်းဖြူကမှ သူတိုgပေးကျွေးထားရင် လွှတ်ပေးထားသေးတယ်။ ဆန်တွေကို စစ်တယ်။ ဖမ်းတယ်။ ဆန်ကုန်သည်တွေလေ ဖမ်းတယ်။ အခု မလွတ်တဲ့ ကုန်သည်တောင် မလွတ်သေးဘူး။ သူတို့သတ်မှတ်တဲ့ဈေးပဲ ရောင်း၊ သူတို့သတ်မှတ်တာထက် ကျော်လွန်လို့ မရဘူး။ သတ်မှတ်တဲ့ဈေး ရောင်းတဲ့ အစုတ်အပြတ်ပဲ ချရောင်းတယ်။”

အကြမ်းဖက်စစ်တပ်က အရည်အသွေးအရ ပေါ်ဆန်းဆန် တတင်းခွဲ တအိတ်ကို ကျပ်နှစ်သိန်းကျော် ရှိနေချိန်မှာ ဆန်တစအိတ် အမြင့်ဆုံး လက်ကားဈေးကို ကျပ် တစ်သိန်းလေးသောင်းခွဲနဲ့ ရောင်းဖို ဖိအားပေး ဈေးချခိုင်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်းမှာ တအိတ်ကို ကျပ်တစ်သိန်းခြောက်သောင်းခွဲဈေးရှိတဲ့ ဆန်တွေကို ဖိအားပေး သတ်မှတ်ထားတဲ့ လက်ကားဈေးအတိုင်း ရောင်းချနေကြရလို့ ဆန်ကြိတ်ခွဲရောင်းချသူ စက်ပိုင်တွေမှာ ဆန်တအိတ် ရောင်းလိုက်တိုင်း ကျပ် နှစ်သောင်းအထိ ဆုံးရှုးမှုတွေ ရှိလာပါတယ်။ ဒါ့အပြင် အရည်အသွေးကောင်းတဲ့ ဆန်ကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လို့မရတော့ဘဲ ဆန်ဈေးကွက်ဟာ မှောင်ခိုခေတ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

မြန်မာ့ဆန်ဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှာ နအဖရဲ့ မအောင်မြင်ခဲ့တဲ့ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်းတခုလုံး ပုဂ္ဂလိကကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးပြီးတဲ့နောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ဈေးကွက်တခုလုံး ပျက်စီးလာမယ့်အရေးနဲ့ ပြန်လည်ကြုံတွေ့လာရတာ ဖြစ်ပါတယ်။

လတ်တလောမှာ ဆန်ဆိုင်အများစုကတော့ အရည်အသွေးကောင်းဆန်တွေကို တင်မရောင်းနိုင်တော့ပဲ အဝါရောင် ပြောင်းနေတဲ့ ရေစိုဆန်တွေလည်း ဈေးကွက်တွင်းကို ရောက်ရှိလာပါတယ်။ ပြည်တွင်း ဆန်ဈေးကွက် တည်ရှိရာ ရန်ကုန်မြို့က ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ဆန်အရည်အသွေးအစုံ ဝယ်လို့မရတဲ့အတွက် အရည်သွေးမြင့် ဆန်တွေ ရောင်းစရာမရှိတဲ့ အခြေအနေကို ရန်ကုန်အရှေ့ပိုင်းက ဆန်လက်လီရောင်းချသူတဦးက အခုလို ပြောပါတယ်။

“မရောင်းတာ မဟုတ်ဘူး။ သမီးတို့ဆီမှာ ပစ္စည်းမရှိတော့တာရှင့်။ ကမ်းနားက စက်ပိုင်တွေကနေ မတင်တော့ သမီးတို့လည်း ဝယ်လို့မရလို့၊ ရောင်းလို့မရတော့တာ”

အကြမ်းဖက်စစ်တပ်ရဲ့ အခုလို ဈေးကွက် ချုပ်ကိုင်လာတဲ့ လုပ်ရပ်တွေက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေတဲ့ မြန်မာ့ဆန်စပါးလုပ်ငန်းကို အထိနာစေသလို ဆန်အမျိုးအစား ကြိုက်ရာ ရွေးချယ်စားသုံးနေကြတဲ့ စားသုံးသူတွေအတွက်လည်း ထိခိုက်နစ်နာလာစေပါတယ်။ ဒီလို ဆန်စပါးကို ကန့်သတ်ချုပ်ချယ်လာပေမယ့် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုက ၁၀၀,၂၅၀ ဧကကနေ ၁၁၇,၇၅၀ ဧကအထိတိုးလာတယ်လို UNODC က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

UNODC က ဖော်ပြထားသလိုပဲ ဘိန်းစိုက်ခင်းတွေ အများဆုံးတည်ရှိရာ ရှမ်းပြည်နယ်မှာ ဘိန်းတွေကို အထွက်တိုးအောင် စနစ်တကျ စိုက်ပျိုးလာနိုင်တဲ့အပြင် စိုက်ဧကတွေ တိုးလာတာကိုလည်း ပင်လုံမြို့မှာ တပြန့်တပြော တွေ့လာရပါတယ်။

ဒါကြောင့် ဘိန်းစိုက်ပျိုးချင်ရင် အကြမ်းဖက်စစ်တပ်ကို ဆက်ကြေးပေးပြီး စိုက်ပျိုးလို့ရနေပေမယ့် အမျိုးသားအာဟာရဖြစ်တဲ့ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းကတော့ မှောင်ခိုလုပ်ငန်းဖြစ်လာပြီး လွတ်လပ်စွာ ရောင်းဝယ် စားသုံးခွင့်မရှိတဲ့ အခြေအနေအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

(Photo - မှောင်ခိုရောင်းဝယ်စားသုံးလာရတဲ့ တစ်ပြည် ၈၅၀၀ တန် အရည်သွေးကောင်းပေါ်ဆန်းဆန်အားတွေ့ရစဥ်)
Share:

No comments:

Post a Comment