၂၀၂၄ စက်တင်ဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ခုခံတော်လှန်စစ် ၃ နှစ်ပြည့်ချိန်မှာ မဟာဗျူဟာမြောက် ထိုးစစ်အသွင်ကူးပြောင်းနိုင်ခဲ့ပြီဖြစ်တာကြောင့် အဆုံးသတ် အောင်ပွဲတွေ ပြည်သူလူထုထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိတော့မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့က အရပ်သားပြည်သူ ၃ဝ နီးပါးသေဆုံးခဲ့ရလို့ NUG ထုတ်ပြန်
📌 ၃။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးနေရတဲ့ ပြည်သူတွေအပေါ် ဆက်လက်မျက်ကွယ်မပြုဘဲ ထိရောက်တဲ့အရေးယူမှုတွေ ဖော်ဆောင်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို IEC တောင်းဆို
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မောင်ရွှေလေးရေတပ်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝဝ ကျော်သေဆုံး
🚩 ၂။ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပေါက်တောမြို့နယ်က လူနေအိမ်တွေ ပျက်စီး
🚩 ၃။ လားရှိုးဒေသေခံတွေ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေးဆောင်ရွက်နေရာ မကြာမီ တမြို့လုံး ဆက်သွယ်ရေးကွန်ယက် အပြည့်အ၀လွှမ်းခြုံနိုင်မယ်လို့ MNDAA ပြော
🚩 ၄။ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ရေးတင်းမာနေ
🚩 ၅။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုတပ် DPLA တို့ တရက်တည်း တိုက်ပွဲ ၃ကြိမ်ဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ခုခံတော်လှန်စစ် ၃ နှစ်ပြည့်ချိန်မှာ မဟာဗျူဟာမြောက် ထိုးစစ်အသွင်ကူးပြောင်းနိုင်ခဲ့ပြီဖြစ်တာကြောင့် အဆုံးသတ် အောင်ပွဲတွေ ပြည်သူလူထုထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိတော့မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
စက်တင်ဘာ ၇ရက်
ခုခံတော်လှန်စစ် ၃ နှစ်ပြည့်ချိန်မှာ မဟာဗျူဟာမြောက် ထိုးစစ်အသွင်ကူးပြောင်းနိုင်ခဲ့ပြီဖြစ်တာကြောင့် အဆုံးသတ် အောင်ပွဲတွေ ပြည်သူလူထုထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတော့မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား လိုက်ပါတယ်။
ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့်နေ့မှာ ယာယီသမ္မတ ဒူဝါလရှီးလ က လူထုထံ အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီ ခုခံတော်လှန်စစ်အတွင်း မိမိတို့ရဲ့ အသက်နဲ့ခန္ဓာကို တိုင်းပြည်နဲ့ လူထုအတွက် ပေးဆပ်မြှုပ်နှံခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့ အာဇာနည်အပေါင်းကို အလေးအမြတ်ပြု ဦးညွှတ်ပါကြောင်းလည်း ယာယီသမ္မတ က ပြောပါတယ်။
နွေဦးတော်လှန်ရေးအတွင်း ခုခံတော်လှန်စစ်ဟာ အတိတ်က ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးသမိုင်းထက် ပိုမိုကျယ်ပြန့်ပြီး ဘက်ပေါင်းစုံ အလွှာပေါင်းစုံကပါဝင်တဲ့ လူထုတော်လှန်ရေးတရပ်ကို ဆင်နွှဲနေတာလို့လည်း အသိပေးထားပါတယ်။
ပြည်သူလူထုတရပ်လုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ်အတွင်းမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တော်လှန်တိုက်ပွဲဝင်ပြီး နိုင်ငံသစ် သမိုင်းကို ရေးထွင်းနေခြင်းဖြစ်တယ်။ အနာဂတ် သမိုင်းသစ်ကို ရေးထွင်းတဲ့နေရာမှာ တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းသာယာပြီး လွတ်လပ်သော လူ့ဘောင်သစ်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးနဲ့အတူ အုတ်မြစ်တည်နေခြင်းဖြစ်တယ်” နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။
ခုခံတော်လှန်စစ်ကနေ မဟာဗျူဟာမြောက် စစ်ရေးထိုးစစ်အသွင် ကူးပြောင်းလာနိုင်ပြီဖြစ်သလို နိုင်ငံနယ်နိမိတ်အတွင်းက တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီးကလည်း မိမိတို့နယ်ပယ်ဒေသတွေမှာ လွတ်မြောက်ဒေသနဲ့ ထိန်းချုပ် နယ်မြေတွေကို ဖော်ဆောင်နိုင်ရုံသာမက တိုင်းရင်းသားအင်အားစုအချင်းချင်း ပူးပေါင်းတည်ဆောက်ထားတဲ့ စစ်ရေး မဟာမိတ်တပ်ပေါင်းစုတိုက်ပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ထားနိုင်ပြီလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေးယန္တရားကိုအသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ်လုပ်ဆောင်လာတာဟာ အကြမ်းဖက်စစ်ကောင်စီအတွက် မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာကို အထင်အရှားဖြစ်စေတယ်လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကိုစတေးပြီး ၎င်းတို့အာဏာအဆောက်အအုံ မြဲမြံစေရေး အသုံးချနေတာကို တွေ့ရတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ စစ်ရေးယန္တရား၊ စစ်ဗျူရိုကရေစီယန္တရားနဲ့ စစ်အာဏာရှင်တို့ရဲ့ လက်ဝေခံ အသိုင်းအဝိုင်းဟာ အကြမ်းဖက် စစ်ကောင်စီကို သက်ဆိုးရှည်အောင်၊ အသက်ရှုပေါက်ချောင်အောင် ဆက်လက်ပံ့ပိုးပေးနေကြတယ်။ တရားသောခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချ အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည် တယ်လို့လည်း သတင်းစကားပါးထားပါတယ်။
ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန်စစ် ၃ နှစ် တာကာလမှာ အလုပ်နဲ့သက်သေပြခဲ့တာဖြစ်ပြီး ဆက်လက်ပြီး ကာယကံ မြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီ သမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောကြားထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ “ပြည်သူ့ကာကွယ်ရေး” ဆိုတဲ့ အမည်နဲ့ကိုက်ညီစေဖို့အတွက်ဆိုရင် တော်လှန် ရေးအနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးလိုအပ်မှာဖြစ်ပြီး တော်လှန်ရေးကျင့်ဝတ်နဲ့ တရားသောစစ် ကျင့်ဝတ် တွေကို လေးစားလိုက်နာပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ကို မိမိတို့အသက်နဲ့ထပ်တူ ကာကွယ်စောင့်ရှောက် ရမယ်လို့လည်း သတိပေးပြောကြားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ်ဖြစ်ပြီး ခုခံတော်လှန်စစ်ဟာ မြေပေါ် မြေအောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်တဲ့ ခုခံတော်လှန်စစ်ဖြစ်တဲ့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံနဲ့ နေရာဌာနအလျှောက် တော်လှန်ကြတဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်တာကြောင့် နွေဦးတော်လှန်ရေး ဘက်တော်သားအားလုံး ဘယ်အခြေအနေမှာမဆို လူထုနဲ့ တသားတည်းရှိရမှာဖြစ်ကာ ပြည်သူလူထုနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ကို အတူတကွရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အနေနဲ့ အားစိုက်ရုန်းထကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့က အရပ်သားပြည်သူ ၃ဝ နီးပါးသေဆုံးခဲ့ရလို့ NUG ထုတ်ပြန်
စက်တင်ဘာ ၇ရက်
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့ တနေ့တည်းမှာ ကျောင်းသား အရွယ် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၃ဝ နီးပါး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စက်တင်ဘာလ ၆ ရက်နေ့ တနေ့တည်းမှာပဲ ရှမ်းပြည်နယ်က နမ့်ခမ်းမြို့၊နောင်ချိုမြို့၊ ချင်းပြည်နယ်က မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်းက မြိုင်မြို့နယ်နဲ့ ကရင်နီပြည်က ဖယ်ခုံမြို့နယ်တို့က အရပ်သားပြည်သူတွေ ရှိရာနေရာတွေကို အကြောင်းမဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ် နမ့်ခမ်းမြို့က ဟိုကတ်ရပ်ကွက်ရှိတဲ့ ညစျေးတန်းနဲ့ ကျားဖြူခန်းမနေရာတို့ကို ပေါင် ၅၀၀ ဗုံးနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရကာ ဆိုင်ခန်းတွေအပါအဝင် နေအိမ် ၁၀ လုံး အထက် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့နယ်ထဲက ရွှေမုဌောရွာကိုလည်း မနက်စောစောစီးစီး ၁၂ နာရီခွဲဝန်းကျင်မှာ လေယာဉ် ၃ စီးနဲ့ ၂ ကြိမ် ဗုံး ၂၅ လုံး ကြဲချခဲ့တာကြောင့် ကလေးငယ်တဦး သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
ထို့အတူ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၄ မှာပါဝင်တဲ့ ကျေးရွာတရွာကိုလည်း နံနက် ၂ နာရီ ၄၀ မိနစ်မှာ တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မကျေးရွာစာသင်ကျောင်းကို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ပေါင် ၂၀၀ ဗုံးနဲ့ ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ဒေသခံပြည်သူ ၅ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ရာမှာ ဒဏ်ရာရလူနာတွေ ဆေးကုသမှုခံယူနေစဉ်အတွင်းတဦး ထပ်မံသေဆုံးခဲ့ တယ်လို့ သိရပါတယ်။
ထို့အပြင် ဖယ်ခုံမြို့နယ် လအိကျေးရွာက ဘန်ကောက်စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ် ၂ စင်းနဲ့ ၃ ကြိမ် ဗုံးကျည်တွေ ချပြီး တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၇ ဦးနဲ့ အရပ်သားပြည်သူ ၂ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန် ပါတယ်။
အခုတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်စစ်ကောင်စီဘက်က ကရင်နီပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဆုံးရှုံးထားတဲ့ နယ်မြေ တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်မယ့် ရန်နိုင်မင်းလို့ အမည်ရတဲ့ စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းဖြစ်နိုင်တယ်လို့ စစ်ရေးသတင်း စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးနေရတဲ့ ပြည်သူတွေအပေါ် ဆက်လက်မျက်ကွယ်မပြုဘဲ ထိရောက်တဲ့အရေးယူမှုတွေ ဖော်ဆောင်ပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို IEC တောင်းဆို
စက်တင်ဘာ ၇ရက်
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးကြရတဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ဖြစ်ရိုး ဖြစ်စဉ်တခုလို လွယ်လင့်တကူမျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ ဖော်ဆောင် ပေးကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဥရောပအဖွဲ့ဝင်နိုင်ငံများနဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာ ၅ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ခြမ်း လအိကျေးရွာအနီးမှာရှိတဲ့ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေသုံးပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းနေအရွယ်ကလေးတွေနဲ့ အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးခဲ့ရပြီး ၂၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ IEC က အခုလို ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အခုလို ပြည်သူလူထု အစုလိုက်၊ အပြုံလိုက် သေစေခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်တွေအပေါ် မှတ်တမ်းတွေလုပ်ထားတယ်လို့ IEC တာဝန်ရှိသူတဦးက ဒေသတွင်းသတင်းဌာနအချို့ကို ပြောထားပါတယ်။
ဒီအချက်အလက်တွေဟာ စစ်ကောင်စီကို ပြည်တွင်းမှာ အရေးမယူနိုင်သေးတဲ့ကာလဆိုပေမယ့် နိုင်ငံတကာမှာတော့ ဒီ လုပ်ရပ်တွေအတွက် အရေးယူနိုင်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားကြတဲ့ အပြစ်မဲ့ပြည်သူများနဲ့ ၎င်းတို့ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရတယ်လို့ IEC က အသိပေးထားပါတယ်။
အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ နည်းလမ်းပေါင်းစုံနဲ့ကျူးလွန်နေတဲ့ စစ်ကောင်စီထံ လက်နက်ခဲယမ်းတင်ပို့ ရောင်းချနေတဲ့နိုင်ငံတွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ဥရောပအဖွဲ့ဝင်နိုင်ငံတွေနဲ့ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ တင်းကြပ်စွာပိတ်ဆို့အရေးယူပေးဖို့လည်း IEC က တောင်းဆိုထားပါတယ်။
ဒါ့အပြင် လေကြောင်းရန်ကို တားဆီးနိုင်ဖို့ လေယာဉ်ဆီတင်ပို့ရောင်းချပေးတွေ လုံးဝရပ်တန့်ပေးဖို့၊ စစ်တပ်ကကျူးလွန်ခဲ့ တဲ့ လူမျိုးပြုန်း ဆိတ်သုန်းစေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာစစ်ခုံရုံးကနေ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့နဲ့ ကရင်နီပြည်သူများအပါအဝင် အတိဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူများအားလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးချဲ့ပံ့ပိုးကူညီပေးကြဖို့လည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံထားပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ ကရင်နီပြည်သူတွေအပါအဝင် မြန်မာပြည်သူတရပ်လုံးနဲ့အတူ စစ်ကောင်စီကကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် ဥပဒေအရ ကင်းလွတ်ခွင့်မရရှိစေဘဲ တရားမျှတစွာ ကမ္ဘာ့စစ်ခုံရုံး တွေမှာ တရားစွဲ အပြစ်ပေး အရေးယူသွားနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မောင်ရွှေလေးရေတပ်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝဝ ကျော်သေဆုံး
စက်တင်ဘာ ၇ရက်
အင်အား ၁၂၀၀ကျော်ရှိပြီး လေကြောင်းနဲ့ ရေကြောင်းပစ်ကူများစွာနဲ့ ခုခံခဲ့တဲ့ မောင်ရွှေလေးရေတပ်စခန်းကို သိမ်းပိုက်ခဲ့ ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝဝ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေ အမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က မနေ့ စက်တင်ဘာ ၆ ရက်ညမှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းမှာကျန်နေတဲ့ မောင်ရွှေလေးရေတပ်စခန်းကို စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ အပြီးသတ်သိမ်းနိုင်ခဲ့လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတခုဖြစ်တဲ့ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းနဲ့ စခန်းပတ်ဝန်း ကျင်ကနေ အဆင့်ဆင့်ခုခံနေကြတဲ့ ရန်သူ့စစ်ကြောင်းတွေကို ဩဂုတ် ၇ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့ရာ တလခန့်အကြာမှာ မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာကြားမှာရှိတဲ့ ရေတပ်စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ AA က ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ကောင်စီရေတပ်စခန်းကို ပထမဆုံးသိမ်းပိုက်နိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ဆိုတဲ့ မှတ်တမ်းကောင်းကို ရခိုင့် တပ်တော် AA က ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။
သံတွဲမြို့နယ်မှာရှိတဲ့ လေဆိပ်ကို သိမ်းပိုက်ထား AA ဟာ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအပြင် ရေတပ်စခန်းနဲ့ လေဆိပ်ကို သိမ်းထားနိုင်တဲ့အထိ စစ်ရေးအောင်မြင်မှု ရယူနိုင်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်လာခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့မောင်ရွှေလေးရေတပ်စခန်းမကျရေးအတွက် မောင်ရွှေလေး၊ကွင်းဝိုင်း၊သပြုချိုင် စတဲ့ရွာ တွေအပြင် ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်းနဲ့စခန်းပတ်ဝန်းကျင်ကနေ အဆင့်ဆင့်ခုခံခဲ့ပြီး လေကြောင်းနဲ့ ရေကြောင်းပစ်ကူအများအပြားအသုံးပြုခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးခဲ့တယ်လို့ ရခိုင့်တပ်တော်က အသိပေးထားပါတယ်။
ဒီ ပင်မရေတပ်စခန်းဟာ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ နေရာစုံက စစ်ကောင်စီတပ်ဖွဲ့တွေအပါအဝင် လောလောလတ်လတ် စစ်သင်တန်းတန်းဆင်းလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကူပို့ထားတဲ့ စစ်သားတွေနဲ့ဆိုရင် စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိတဲ့ ရေတပ်စခန်းကြီးတခုဖြစ်တယ်လို့ သိရပါတယ်။
ဒီရေတပ်စခန်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ခဲ့တဲ့ တလတာကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးသွား သလို စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ AA က ထပ်မံ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ ဒဏ်ရာရသူတွေနဲ့ ကျဆုံးသွားတဲ့သူတွေကို စစ်သင်္ဘောတွေနဲ့ စစ်တွေနဲ့ဧရာဝတီတိုင်းဘက်ကို အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့သလို ကျန်ခဲ့တဲ့စစ်သားအလောင်းတွေကို ရခိုင့်တပ်တော်က ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒီစစ်ဆင်ရေးမှာ AA ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ထူးချွန်စွာ တိုက်ပွဲဝင်ခဲ့တဲ့ AA စစ်သည်တော်တွေအပါအဝင် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနဲ့ အာရက္ခ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပေါက်တောမြို့နယ်က လူနေအိမ်တွေ ပျက်စီး
စက်တင်ဘာ ၇ရက်
ရခိုင်ပြည် စစ်တွေမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပေါက်တော မြို့အတွင်းက ကျေးရွာနဲ့ရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေပျက်စီးသွားတယ်လို့ AA က ပြောပါတယ်။
စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ အမှတ် ၁၂ ရဲတပ်ရင်းနဲ့ စစ်တွေ ပွိင့်ရေတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ ဟာ မနေ့ စက်တင်ဘာ ၆ ရက် မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ ပေါက်တောမြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်တွေမြို့ပတ်လည်မှာရှိနေတဲ့ ရေတပ်၊ တပ်ရင်းတွေ၊ ရဲစခန်းတွေ၊ ပွိုင့် စတဲ့ နေရာပတ်ပတ်လည်ကနေ အတွဲလိုက်ဒုံးတွေ အမြောက်တွေနဲ့ အလုံး ၂ဝ ကျော် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ ပေါက်တောမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိတာ ကြောင့် ပေါက်တောဒေသခံတွေ ထိခိုက်သေဆုံးတာနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးတာတွေရှိနေတယ်လို့ ဒေသတွင်းသတင်းတွေအရလည်း သိရပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်နေတဲ့ စစ်တွေမြို့နယ်ထဲက ဝါဘိုကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီနဲ့ AA တို့ကြား ၂ဖက်ပစ်ခတ်မှုတွေရှိခဲ့သလို မင်းလှကျေးရွာဘက်မှာလည်း AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Western News က ဖော်ပြပါတယ်။
ဒါဟာ စစ်ရှုံးစစ်ကောင်စီအနေနဲ့ စခန်းတွေစွန့်လွှတ်ရတဲ့အခါတိုင်းလုပ်လေ့ရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ AA က ဆိုပါတယ်။
အခုလို အရပ်သားပြည်သူတွေရှိရာနေရာတွေကို လက်နက်ကြီး၊ လေကြောင်းတို့ကနေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် တာဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနဲ့ စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်တာပဲ ဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ကထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ လားရှိုးဒေသေခံတွေ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေးဆောင်ရွက်နေရာ မကြာမီ တမြို့လုံး ဆက်သွယ်ရေးကွန်ယက် အပြည့်အ၀လွှမ်းခြုံနိုင်မယ်လို့ MNDAA ပြော
စက်တင်ဘာ ၇ရက်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဂြိုလ်တုကွန်ရက်တွေနဲ့ ပြည်သူတွေ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေး နေရာ မကြာမီ တမြို့လုံးကို ဆက်သွယ်ရေးကွန်ယက် အပြည့်အ၀လွှမ်းခြုံတော့မှာဖြစ်တယ်လို့ MNDAA က ဒီနေ့ စက်တင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ပွဲပြီးဆုံးချိန်မှာ လားရှိုးမြို့ခံတွေရဲ့ ဆက်သွယ်ရေးပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ဖို့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက ဆက်သွယ်ရေးစခန်းတွေနဲ့ လိုင်းများပြန်လည်ထူထောင်ရေး အလေးထားဆောင်ရွက်ခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီတွေကဝန်ထမ်းတွေနဲ့ မြို့ပြဆက်သွယ်ရေးကွန်ရက် ပြုပြင်ခြင်းလုပ်ငန်းတွေကို အပြည့်အဝမြှင့်တင်ပေးနေတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ပေါ်က ပျက်စီးနေတဲ့ အခြေခံဆက်သွယ်ရေးစခန်းတွေနဲ့ လိုင်းတွေကိုပြုပြင်နေချိန်မှာ လားရှိုးဧရိယာ စစ်ရေး အုပ်ချုပ်မှုကော်မတီက လားရှိုးမြို့ပေါ်က ရပ်ကွက်တွေမှာ ဂြိုလ်တုကွန်ယက်တွေ တပ်ဆင်ပေးထားတဲ့အတွက် ဒေသခံ ပြည်သူတွေဟာ မိသားစုတွေ သူငယ်ချင်းတွေနဲ့ အခမဲ့ဆက်သွယ်အသုံးပြုခွင့်ရနေပြီလို့ သိရပါတယ်။
ဆက်သွယ်ရေးစခန်းတွေနဲ့ဖုန်းလိုင်းတွေကို စဉ်ဆက်မပြတ် ပြုပြင်ပေးခြင်းအားဖြင့် လားရှိုးမြို့ဟာ ဆက်သွယ်ရေးလိုင်း တွေ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး လွှမ်းခြုံနိုင်တဲ့ဧရိယာ ဆက်လက်တိုးချဲ့နေတာကြောင့် ဒေသခံပြည်သူတွေ ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်အသုံးပြုလာနိုင်ခဲ့ပြီလို့လည်း အသိပေးထားပါတယ်။
နယ်မြေအချို့မှာ လိုင်းတည်ငြိမ်မှုမရှိသေးပေမယ့် ဒီဒေသတွေမှာရှိတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေက အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။။
ဆက်သွယ်ရေးလိုင်းတွေနဲ့ ကွန်ရက်တွေ ပြန်လည်ရရှိလာမှုနဲ့အတူ ဒေသခံပြည်သူတွေဟာ အွန်လိုင်းငွေပေးချေမှုနဲ့ ဖုန်းကတ်အသုံးပြုမှုတွေလို ဆက်သွယ်ရေးကွန်ယက်တွေကို အားကိုးနေရတဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ရရှိစေခဲ့တယ်လို့လည်း ဆိုပါတယ်။
လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုတွေကြောင့် လားရှိုးမြို့ပေါ်မှာ ဆက်သွယ်ရေး ကွန်ယက်တွေ မကြာမီအချိန်မှာ အပြည့်အဝ လွှမ်းခြုံနိုင်မှာဖြစ်သလို လားရှိုးမြို့ပေါ်က ဆေးဝါးကုသရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးစတဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးမှာလည်း ထူးခြားတဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ရေးတင်းမာနေ
စက်တင်ဘာ ၇ရက်
မြန်မာပြည်တောင်းပိုင်းက တနင်္သာရီမြို့နယ်မှာ စက်တင်ဘာ ၄ ရက်စပြီး ဒီနေ့အထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေဆဲလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတွေ က ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲက ၆ မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတွေကြား စက်တင်ဘာ ၄ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေတာမှာ ၂ဖက် ထိခိုက်မှု တွေရှိနေတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၂ဝ နီးပါး ထိခိုက်သေဆုံးထားကာ တော်လှန်ရေးပူးပေါင်းတပ်များဘက်က ရဲဘော်၂ ဦးနဲ့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ကလည်း အသိပေးထားပါတယ်။
စင်တင်ဘာလ ၅ ရက်နေကဆိုရင် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ယာဥ် ၃ စီးကို ဘန်လောရွာလမ်းဆုံအနီးမှာ တော်လှန်ရေး တပ်ဖွဲ့တွေက လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်ခဲ့တာကြောင့် ကားတွေထိုးရပ်သွားပြီး ရှေ့ ဆက်မသွားနိုင်တော့တဲ့အပြင် ကားပေါ်က စစ်သားတွေလည်း သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
အခုဖြစ်နေတဲ့တိုက်ပွဲတွေဟာ တိုက်လိုက် ဆုတ်လိုက်ဖြစ်နေတဲ့ တိုက်ပွဲမျိုးဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ ခန့်နဲ့ ၃ နေရာခွဲပြီး နေရာယူထားတဲ့အတွက် ဒီနေ့ စက်တင်ဘာ ၇ ရက်အထိ တိုက်ပွဲတွေဆက်ရှိနေလို့ ထပ်သိရပါတယ်။
လက်ရှိအခြေအနေဟာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်ပေးမယ် လို့ မြိတ်ခရိုင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၁ က စက်တင်ဘာ ၇ ရက်နေ့ မနက် ၉ နာရီခွဲ ဝန်းကျင်မှာ အသိပေးထားပါတယ်။
တနင်္သာရီမြို့နယ်ထဲက ၆ မိုင်ကျေးရွာအနီးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းကဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုတပ် DPLA တို့ တရက်တည်း တိုက်ပွဲ ၃ကြိမ်ဖြစ်
စက်တင်ဘာ ၇ရက်
ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ တရက်တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့တယ်လို့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA က ပြောပါတယ်။
မနေ့ စက်တင်ဘာ ၆ ရက်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ရာမှာ ကျောက်ဂူရဲစခန်းအနီးမှာ တကြိမ်၊ စစ်တပ် စစ်ကြောင်းနဲ့ ၂ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ဂူရဲစခန်းမှာ တပ်စွဲထားတဲ့အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် - DPLA က စက်တင်ဘာလ ၆ ရက်နေ့ မနက် ၅ နာရီခန့်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကူပေးဖို့ထွက်လာတဲ့ စစ်ကြောင်းနဲ့ နေ့လည် ၂ နာရီခန့်မှာတကြိမ်၊ မွန်းလွဲ ၃ နာရီကျော်မှာတကြိမ် တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေမယ့် DPLA ဘက်မှာတော့ ထိခိုက်မှု မရှိဘူးလို့ DPLA သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
လက်ရှိအချိန်ထိ ကျောက်ဂူရဲစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားဆဲဖြစ်တာကြောင့် စစ်ရေးတင်းနေမာနေတဲ့ အနေအထားလို့ နားလည်ရပါတယ်။
DPLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း ကျောက်ဂူဒေသမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပြီး စစ်ကောင်စီဘက်က ၉ ဦးသေဆုံးကာ စစ်သုံ့ပမ်း ၈ ဦးနဲ့ သေနတ် ၁၉ လက် သိမ်းနိုင်ခဲ့ပါတယ်။
ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ဟာ တအာင်းတပ်မတော်-TNLA နဲ့ လက်တွဲပြီး ရှမ်းမြောက်ဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့လည်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment