၂၀၂၄ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ဝန်ကြီး ဒေါက်တာဆာဆာ နဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများ တွေ့ဆုံပွဲအောင်မြင်စွာ ကျင်းပ
📌 ၂။ ခင်ဦးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်၂ဦးကို စစ်တပ်ကပစ်ခတ်တဲ့အတွက် တဦးသေဆုံးပြီး တဦးလွတ်မြောက်
📌 ၃။ ရဲဘော်တွေလိုက်နာရမယ့်စည်းကမ်းများ မြင်းခြံခရိုင် PDF ထုတ်ပြန်
📌 ၄။ ရန်ကုန် မြို့နယ်အနှံ့မှာ လူထုထံ လှုံ့ဆော်ခြင်းနှင့် ပံ့သကူလှုပ်ရှားမှု ပြုလုပ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နောင်ချိုနဲ့ဖယ်ခုံမြို့နယ်တို့မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး အိမ်နဲ့အဆောက်အအုံတွေ ပျက်စီး
🚩 ၂။ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူ-ကောလင်းအစပ်က ရွာတွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ဖားဆောင်းမြို့မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
🚩 ၄။ နယ်မြေမတည်ငြိမ်မှုတွေကြောင့် သင်တန်းရပ်နားခဲ့တဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့
🚩 ၅။ ပုလော မီးလောင်ချောင်းရွာကိုရောက်လာတဲ့ စစ်ကောင်စီစစ်ကူတပ်ဖွဲ့က အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ဝန်ကြီး ဒေါက်တာဆာဆာ နဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာမိသားစုများ တွေ့ဆုံပွဲအောင်မြင်စွာ ကျင်းပ
Radio NUG နိုဝင်ဘာ ၁၇၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာနှင့် တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာတိုင်းရင်းသား မိသားစုများတွေ့ဆုံပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၆ရက် နေ့လယ်၂ နာရီမှ ညနေ ၅နာရီအထိ လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့တွင် ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဒေါက်တာဆာဆာက ပြည်တွင်းပြည်ပ အင်အားစုများ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနှင့် စစ်လက်နက်အကူပစ္စည်းများ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲဖြစ်မြောက်ရေး အဖွဲ့၏ တောင်းဆိုမှုကြောင့် "ခွန်အားဖြည့်မိငယ်" နှင့် "သွေးသစ္စာ" သီချင်းနှစ်ပုဒ်ကို ဂစ်တာတီးခတ် သီဆို ဖျော်ဖြေခဲ့ပြီး၊ တီးခတ်ခဲ့သည့် ဂစ်တာကို စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေ လေလံပစ်ခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ခံ ဆရာဝန်တဦးက ဒေါ်လာငါးထောင်ဖြင့် လေလံအောင်၊ အလှူငွေထည့်ဝင်ခဲ့ပါသည်။
ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သုံးသောင်းကျော်ရရှိခဲ့ပြီး၊ ဒေါက်တာဆာဆာမှတဆင့် စစ်ဘေးသင့်ပြည်သူများသို့ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။
========================
📌📌 ၂။ ခင်ဦးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်၂ဦးကို စစ်တပ်ကပစ်ခတ်တဲ့အတွက် တဦးသေဆုံးပြီး တဦးလွတ်မြောက်
နိုဝင်ဘာလ ၁၇ရက်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်၂ယောက်တွဲစီးလာတဲ့ လူငယ်၂ဦးကို ပစ်ခတ်တဲ့အတွက် တဦးသေဆုံးပြီး တဦးကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ခင်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်က ရွှေကျောင်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၁၄ ရက် ည ၉နာရီခွဲခန့်မှာ ၂ယောက်တွဲစီးလာတဲ့ ဆိုင်ကယ်တစီးပေါ်က လူငယ်အမျိုးသား၂ဦး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ်လူငယ်တဦး ပွဲချင်းပြီးသေဆုံးကာ ကျန်တဦးကတော့ ထွက်ပြေးလွတ်မြောက် လာတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတဦးက အတည်ပြုထားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို အခင်းဖြစ်ပြီး နောက်နေ့မနက်မှ လူမှုကူညီရေးအသင်းကားနဲ့ သွားရောက်သယ်ယူခဲ့ရပြီး သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအပါအဝင် အခြားပြည်နယ်နယ်နဲ့တိုင်းတွေက မြို့နယ်အများစုမှာ အမျိုးသားတွေ ဆိုင်ကယ် တစီးမှာ ၂ယောက်မစီးဖို့ စစ်ကောင်စီတပ်က အဓမ္မအမိန့်ထုတ်ပြန်ထားတာကြောင့် လူငယ်တွေ မကြာခဏဆိုသလို ပစ်ခတ် သတ်ဖြတ်ခံနေရပါတယ်။
========================
📌📌 ၃။ ရဲဘော်တွေလိုက်နာရမယ့်စည်းကမ်းများ မြင်းခြံခရိုင် PDF ထုတ်ပြန်
နိုဝင်ဘာလ ၁၇ရက်။
မြင်းခြံခရိုင် အမှတ် ၄ တရင်းနဲ့ အမှတ် ၁ဝ တပ်ရင်းက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ လိုက်နာရမယ့် စည်းကမ်းတွေ ကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကစပြီး Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ရဲဘော်တွေအားလုံး လိုက်နာရမည့် စည်းကမ်းချက်များဆိုပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ရဲဘော်တွေဘက်က စည်းကမ်းလိုက်နာမှုမရှိတာကိုတွေ့ရင် တိုင်ကြားနိုင်တယ်လို့လည်း တပ်ရင်းမှူးစိုးအောင်က အသိပေး ထားပါတယ်။
Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းကထုတ်ပြန်တဲ့စည်းကမ်းတွေထဲမှာ အရပ်သား ပြည်သူတွေအပေါ် မောက်မာရိုင်းပြတဲ့အပြုအမူတွေမလုပ်ဖို့ လက်နက်ပြပြီး ခြိမ်းခြောက်နှိပ်စက်တာတွေမလုပ်ဖို့ အပါအဝင် စခန်းသိမ်း မြို့သိမ်း နယ်သိမ်းတိုက်ပွဲ စတဲ့လုပ်ငန်းစဉ်တွေပြီးတဲ့အခါ သိမ်းဆည်းရမိတာတွေကို သတ်မှတ်ထား တဲ့ လုပ်ငန်းစဉ်နဲ့အညီ သက်ဆိုင်ရာလုပ်ငန်းစဉ်နဲ့အညီ တာဝန်ရှိသူတွေထံမှာ စနစ်တကျအပ်နှံရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ရဲဘော်တွေအနေနဲ့ မိမိတို့နေထိုင်ရာနယ်မြေမှာ တပ်ဖွဲ့ပုံရိပ်နဲ့ တပ်ဖွဲ့ကပေးအပ်ထားတဲ့ အခွင့်အာဏာကို အလွဲသုံး စားလုပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် မသုံးဖို့ တားမြစ်ထားပါတယ်။
Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက စည်းကမ်းချက် ၉ ချက် ထုတ်ပြန်ထားရာ ဒီ စည်းကမ်းတွေ ဖောက်ဖျက်ရင် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်အတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ သတိပေးထားပါတယ်။
NPDF အနေနဲ့ နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်ရာလမ်းပိုင်းတွေကို ရှောင်တခင်စစ်ဆေးမှုတွေ မကြာခဏလုပ်နေရာ ပြည်သူ များအနေနဲ့ စစ်ဆေးတွေကို ကြည်ဖြူစွာလက်ခံပေးဖို့နဲ့ စစ်သားနဲ့ရဲတွေရဲ့ပစ္စည်းတွေ သယ်ဆောင်ပေးတာမျိုးမလုပ်ဖို့ တောင်းဆိုထားပါတယ်။
========================
📌📌 ၄။ ရန်ကုန် မြို့နယ်အနှံ့မှာ လူထုထံ လှုံ့ဆော်ခြင်းနှင့် ပံ့သကူလှုပ်ရှားမှု ပြုလုပ်
နိုဝင်ဘာလ ၁၇ရက်။
တန်ဆောင်မုန်းလပြည့်နေ့ညက ရန်ကုန်မြို့တော်မှာရှိတဲ့ မြို့နယ်အနှံ့ လူထုထံ လှုံ့ဆော်ခြင်းနှင့် ပံ့သကူလှုပ်ရှားမှုကို General Strike Committee – GSC အင်အားစုတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့က ရန်ကုန်မြို့တော်မှာရှိတဲ့ မြို့နယ်နေရာအနှံ့အပြားမှာ လူငယ်တွေဦးဆောင် ကာ "လူထုတိုက်ပွဲ ရပ်တန့်လို့မရ" ၊ "တော်လှန်ရေးရဲဘော်များ ရန်သူ့လက်မကျစေရန် ပြည်သူလူထုမှ ဖေးမစောင့်ရှောက် ပေးရေး" စတဲ့ လှုံ့ဆော်စာတွေနဲ့အတူ တော်လှန်ပံ့သကူလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာလို့ GSC အင်အားစုက ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့က General Strike Committee- GSC အင်အားစုတွေဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေသပိတ်ကော်မတီ၊ ကြည်မြင်တိုင်လူငယ်များ သပိတ်ကော်မတီ၊ သာကေတမြို့နယ် သပိတ်ကော်မတီ၊ တာမွေမြို့နယ် သပိတ်ကော်မတီ၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနဲ့ ကျောက်တံတားမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
General Strike Committee- GSC အင်အားစုတွေနည်းတူ လူထုသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းနဲ့ ကိုနန်းလင်းတို့က လည်း တန်ဆောင်မုန်းလပြည့်နေ့ညက ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ ပံ့သကူအလှူနဲ့အတူတော်လှန်သတင်း စကားဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပါသေးတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နောင်ချိုနဲ့ဖယ်ခုံမြို့နယ်တို့မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး အိမ်နဲ့အဆောက်အအုံတွေ ပျက်စီး
နိုဝင်ဘာလ ၁၇ရက်။
ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုနဲ့ ရှမ်းတောင်ဒေသက ဖယ်ခုံမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေထိုင်ရာအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်း ရင်းမြစ်တွေက ပြောပါတယ်။
နောင်ချိုမြို့နယ်ကို မနေ့ နိုဝင်ဘာ ၁၆ ရက်ညပိုင်းမှာ စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ဆိုပါတယ်။
နေပြည်တော်အေလာလေတပ်စခန်းကတက်လာတဲ့ တိုက်လေယာဉ်က နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီကျော်အချိန်မှာ နောင်ချိုမြို့နယ် လုံစံကျေးရွာပေါ်ကို ဗုံးတွေကြချခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးရွာပေါ်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၂ နှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီး အရပ်သား ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြပါတယ်။
ထို့တူ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ဖက်က ကျေးရွာတရွာကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ကြားကာလပူးပေါင်းအုပ်ချုပ်ရေးကောင်စီရဲ့ Emergency Response Coordination Team က ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ဘက်ကကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ရေးအခြေအနေတွေကို ဂရုစိုက်နားစွင့်ပြီးနေကြဖို့ ဖယ်ခုံမြို့နယ်ကြားကာလပူးပေါင်း အုပ်ချုပ်ရေးကောင်စီက နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူ-ကောလင်းအစပ်က ရွာတွေကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာလ ၁၇ရက်။
စစ်ကိုင်းတိုင်းအတွင်းက ကျွန်းလှမြို့နယ်က ရွာတရွာနဲ့ ကန့်ဘလူ-ကောလင်းအစပ်ကရွာတရွာကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကျွန်းလှမြို့နယ်က ရွာကုန်းကြီးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ၂စင်းက ကျွန်းလှမြို့နယ် ရွာကုန်း ကြီးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့ပြီး ည ၇ နာရီခွဲမှာတကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းင်္လ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက အိမ်တလုံး မီးလောင်ပျက်စီးသွားနေတာကို လည်း ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါတယ်။။
ရွာကုန်းကြီးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် ဒေသနေပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ထို့အတူ မနေ့က နေ့လယ် ၂ နာရီခွဲဝန်းကျင်းမှာ ကန့်ဘလူနဲ့ကောလင်းနယ်အစပ်က အလယ်ခုံရွာကို အကြမ်းဖက်စစ်တပ်က ၂ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကောလင်းအင်ဖို့က အသိပေးပါတယ်။
မိတ္ထီလာလေတပ်စခန်းကတက်လာတဲ့ စစ်လေယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် ဒေသနေပြည်သူတွေထိခိုက်မှုမရှိပေမယ့် အလယ်ခုံရွာက အိမ်တလုံး မီးလောင်ပျက်စီးခဲ့ပြီး ဝက်တကောင်သေဆုံးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဖားဆောင်းမြို့မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာလ ၁၇ရက်။
ကရင်နီပြည် ဖားဆောင်းမြို့မှာ တိုက်ပွဲဖစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ၂ ရက်ဆက် လုပ်ခဲ့တယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်မှာ၂ကြိမ်၊ နိုဝင်ဘာ ၁၆ ရက်မှာ ၂ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
၁၁.၁၁ စစ်ဆင်ရေးနှစ်ပတ်လည်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ လေယာဥ်နဲ့ ဗုံးလာကြဲပြီးနောက်ပိုင်း ဘာတိုက်ပွဲမှမရှိဘဲ ၂ ရက်ဆက် လာရောက်ကြဲချခဲ့တာလို့ ဒေသနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် အဆောက်အအုံအချို့ ပျက်စီးသွားတယ်လို့ သိရ၏၏၏၏၏ကြဲပါတယ်။
ဖားဆောင်းမြို့သိမ်းတိုက်ပွဲမှာ ကျန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တပ်ပေါင်းစုတို့က ၀န်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကူတွေရောက်မလာနိုင်အောင်လည်း အဖက်ဖက်ကနေ ကြိုးစား ကာကွယ်နေတယ်လို့ ဖားဆောင်း PDF က အသိပေးထားပါတယ်။
အထိနာနေတဲ့စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မြို့ ရွာ ရပ်ကွက်တွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ အသိ၊ သတိနဲ့ သွားလာနေထိုင်ကြဖို့လည်း ဖားဆောင်း PDF က တိုက်တွန်းထား ပါတယ်။
ဖားဆောင်းမြိုသိမ်းတိုက်ပွဲကို အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာစတင်ခဲ့တာဖြစ်ပြီး စစ်စခန်း ၉ ခုနဲ့ကာကင်းနေရာတွေကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခလရ-၁၃၄ နဲ့ ခလရ-၁၃၅ တို့ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ကရင်နီတပ်ပေါင်းစုက ကြိုးစားနေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အရပ်သား ပြည်သူတွေနေထိုင်ရာနေရာတွေကို အကြောင်းမဲ့ ဗုံးကြဲနေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ နယ်မြေမတည်ငြိမ်မှုတွေကြောင့် သင်တန်းရပ်နားခဲ့တဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့
နိုဝင်ဘာလ ၁၇ရက်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို အောင်မြင်စွာကျင်းပ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ အနေနဲ့ လေ့ကျင့်ရေးကိစ္စရပ်များကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်လိုတဲ့ ရဲဘော်သစ်တွေအတွက် ၃ လကြာတဲ့ အခြေခံစစ်သင်တန်းတွေဖွင့်ပြီး လေ့ကျင့်သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
အခြေခံစစ်သင်တန်း အပတ်စဥ် ၂/၂၀၂၄ ကို ဩဂုတ်လ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးခဲ့ပေမယ့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့အတွက် နယ်မြေမတည်ငြိမ်မှုတွေကြောင့် သင်တန်းရပ်နားခဲ့ပြီး အခက်အခဲမျိုးစုံ ကြားကနေ အခုမှ သင်တန်းဟာ အောင်မြင်စွာပြီးမြောက်ခဲ့ရတာလို့ အသိပေးထားပါတယ်။
အဲဒီအခြေခံစစ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲအခမ်းအနားတွင် မဟာမိတ် ERO က မြို့နယ်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊တပ်ရင်းမှူး၊ ကျေးနယ်တာဝန်ရှိသူတွေ တက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး အမှတ်တရ အမှာစကားတွေလည်း ပြောကြားပေးခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ၊ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း ၊ တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား ၊ ခရိုင်တာဝန် ကိုလဂွန်း
အိမ် ၊ စစ်ရေးတာဝန်ခံ ရဲဘော်ရိန်းဂျား ၊ ဦးကျော်သက်လင်းနဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ တာဝန်ခံ ကိုဇာမဏီ ၊ ဒေါက်တာ ဒေဝ တို့က သင်တန်းဆင်းရဲဘော်တွေကို အမှာစကားပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ သင်တန်းဆင်းရဲဘော်တွေက ချီတက်အလေးပြုခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း ၊သစ္စာ အဓိဌာန်ဆိုခြင်းနဲ့ သင်တန်းဆင်း ရဲဘော်များအား သစ္စာရေတိုက်ခြင်းနဲ့ ရန်ကုန်တိုင်းပကဖ တာဝန်ခံ ကိုနောင်ရိုး ပေးပို့လာတဲ့ သဝဏ်လွှာဖတ်ကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီသင်တန်းဆင်းပွဲကို ABSDF အပါအဝင် မဟာမိတ် တော်လှန်ရေးအင်အားစုများနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက် ချီးမြှင့်ပေးခဲ့ကြပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ အောင်မြင်စွာ ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲမှာ မြေပြင် အထိ လာရောက်ချီးမြှင့်ပေးကြတဲ့ ERO တွေဘက်က တာဝန်ရှိသူများ ၊ အမျိုးသားညီညွှတ်ရေးအစိုးရဘက်က တာဝန်ရှိ သူများနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုများကို ကျေးဇူးတင်တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ အနေနဲ့ အခုသင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်ဖိုင်ဖို့ ရည်ရွယ် လုပ်ဆောင်နေတဲ့ မျှော်လင့်ခြင်း ရန်ကုန် လက်နက်-၁၀၀ ကမ်ပိန်းမှာ ပူးပေါင်းပါဝင် ထောက်ပံ့ပေးကြဖို့လည်း တိုက်တွန်း တောင်းဆိုထားပါတယ်။
========================
🚩🚩 ၅။ ပုလော မီးလောင်ချောင်းရွာကိုရောက်လာတဲ့ စစ်ကောင်စီစစ်ကူတပ်ဖွဲ့က အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုး
နိုဝင်ဘာလ ၁၇ရက်။
တနင်္သာရီတိုင်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ စစ်ကူ ရောက် လာပြီး အနီးဝန်းကျင်က ဇရပ်ဆိပ်ကျေးရွာအုပ်စုကို မွှေနှောက်ရှာဖွေကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသနေသူတွေက ပြောပါတယ်။
မြိတ်မြို့ဘက်ကနေ ကား၃စီးနဲ့ စစ်ကူရောက်လာပြီးတဲ့နောက် အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၆ ရက် မနက် ၆နာရီခန့်ကစ ပြီး ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
အဲဒီ စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ တပိုကျေးရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ရွာထဲက အရပ်သားတွေကို ဖမ်းဆီးတာ ဒေသနေပြည်သူတွေမွေးမြူထားတဲ့ ကြက်တွေကို အဓမ္မယူဆောင်တာတွေလုပ်နေတယ်လို့ ဒေသနေသူတွေရဲ့ အဆိုကို ကိုးကားပြီး Dawei Watch သတင်းဌာနက ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေသခံအချို့ရဲ့ ဆိုင်ကယ်နဲ့ငွေကြေးတွေလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ အင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်နဲ့ မိန်းမမြို့ စတဲ့ရွာတွေကို တရွာဝင်တရွာထွက်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
လတ်တလောမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးနိုင်ဖို့ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment