၂၀၂၄ ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန် Pennsylvania ပြည်နယ် တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်
📌 ၂။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး (GENDER BASED VIOLENCE)နှင့် ပတ်သက်သောအမှုကိစ္စများကို ONLINE မှတစ်ဆင့် တိုင်ကြားနိုင်
📌 ၃။ အထူးဒေသ (1) လားရှိုးဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများမှ ဌာနဆိုင်ရာများသို့ ခရစ္စမတ်အကြို Carol's singing သွားရောက်သီဆို နှုတ်ခွန်းဆက် ဆုတောင်းပေး
📌 ၄။ CDM စစ်သားနှင့် ရဲများ ယာယီီနေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန်အတွက် ပြည်သူ့ပန်းတိုင်မှ ကူညီထောက်ပံ့
📌 ၅။ မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားတွင် ဆန္ဒပြ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ကုတ်မြို့နယ် တခုလုံးကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်
🚩 ၂။ ဝမ်ပေါင် ကုမ္မဏီမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
🚩 ၃။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ်အချို့မှာ လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေ
🚩 ၄။ ခင်ဦးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် အရက်/ဘီယာများကို မြို့နယ် ပအဖ၊ ပကဖ မှ ဖမ်းဆီးပြီး ဖျက်ဆီးခဲ့
🚩 ၅။ စစ်တပ်ပိုင် ဘက်ဖိုးကို သိမ်းယူနိုင်ခဲ့ပြီး နယ်မြေအတွင်း လမ်းနဲ့ အထွေထွေ ပြုပြင်ရေး လုပ်ဆောင်ခဲ့
🚩 ၆။ Enemy Air Route (EAR) Channel တည်ထောင်ခြင်း (၃) နှစ်ပြည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ BMC ပေးပို့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမေရိကန် Pennsylvania ပြည်နယ် တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်
ဒီဇင်ဘာ ၁၅
Radio NUG
အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Philadelphia မြို့တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သော တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးများနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ကြောင်း သတင်းရရှိပါတယ်။
တော်လှန်ရေးရံပုံငွေ ဈေးရောင်းပွဲတော်သို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
========================
📌📌 ၂။ ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ဆန့်ကျင်ရေး (GENDER BASED VIOLENCE)နှင့် ပတ်သက်သောအမှုကိစ္စများကို ONLINE မှတစ်ဆင့် တိုင်ကြားနိုင်
ဒီဇင်ဘာ ၁၅
Radio NUG
အမျိုးသမီးများငယ်များအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားလာပါက အမှုကိစ္စများကို ONLINE မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
ဝန်ကြီးဌာန၏ Facebook messenger များသို့ ဆက်သွယ်မေးမြန်းလာမှုများကို ပြန်လည်ဖြေရှင်းပေးခြင်းများ ရှိသော်လည်း အခက်အခဲများ ရှိနေပါသောကြောင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး (GENDER BASED VIOLENCE)နှင့် ပတ်သက်သော အမှုကိစ္စများကို ဝန်ကြီးဌာန၏ Facebook Page ဖြစ်သည့် Ministry of Women, Youth and Children Affairs နှင့် MOWYCA e-mail ဖြစ်သည့် gbvcm@mowyca.nugmyanmar.org စသည့် ONLINE များမှတစ်ဆင့် တိုင်ကြားရေးလမ်းညွှန်ချက်များအတိုင်း တိုင်ကြားနိုင်ပါကြောင်း မိဘပြည်သူများသို့ အသိပေးအကြောင်းကြားထားပါတယ်။
========================
📌📌 ၃။ အထူးဒေသ (1) လားရှိုးဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများမှ ဌာနဆိုင်ရာများသို့ ခရစ္စမတ်အကြို Carol's singing သွားရောက်သီဆို နှုတ်ခွန်းဆက် ဆုတောင်းပေး
ဒီဇင်ဘာ ၁၅
Radio NUG
ဒီဇင်ဘာလ ၁၄ရက်နေ့တွင် အထူးဒေသ (1) လားရှိုးဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများမှ ဌာနဆိုင်ရာများသို့ ခရစ္စမတ်အကြို Carol's singing သွားရောက်သီဆို နှုတ်ခွန်းဆက် ဆုတောင်းပေးခဲ့ကြကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
အထူးဒေသ (1) လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ တာဝန်ရှိသူများကလည်း မိတ်သဟာရအဖွဲ့များနှင့်အတူတကွ ပျော်ရွှင်စွာ ဓမ္မသီချင်းများ သီဆိုဆုတောင်းခဲ့ကြပြီး လက်ဆောင်ပစ္စည်းများနှင့် အလှူငွေများ ပြန်လည်ပေးအပ်ခဲ့ကာ အချင်းချင်းရင်းနှီးစွာ ဆုတောင်းနှုတ်ဆက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ခရစ္စမတ်အကြို နှုတ်ခွန်းဆက်ဓမ္မသီချင်းသီဆိုခြင်း (Carol's singing)အခမ်းအနားတွင် တက်ရောက်လာသော တာဝန်ရှိသူတစ်ဦးက "ဒီလို ဘာသာရေးပွဲတွေ၊ တိုင်းရင်းသားရိုးရာပွဲတွေ ပြန်လည်ကျင်းပနိုင်တဲ့အပေါ် အများကြီးဝမ်းသာမိပါတယ်။ ရှေ့လျောက်လည်း ဒီလိုအခမ်းအနားပွဲမျိုးတွေ ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်သွားဖို့ရှိပါတယ်" လို့ ပြောပြပါတယ်။
ဘာသာရေးဆိုင်ရာပွဲများသာမက တိုင်းရင်းသားရိုးရာပွဲများကို ဒေသခံပြည်သူများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ လက်တွဲကျင်းပနေခြင်းဟာ အထူးဒေသ (1) အုပ်ချုပ်ရေးကော်မတီက ဘာသာရေးနှင့် တိုင်းရင်းသားလူမျိုးစုများရဲ့ ယဉ်ကျေးမှုကို အထူးဂရုပြု အလေးအနက်ထားကြောင်း သိသာပေါ်လွင်စေပါတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ CDM စစ်သားနှင့် ရဲများ ယာယီီနေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန်အတွက် ပြည်သူ့ပန်းတိုင်မှ ကူညီထောက်ပံ့
ဒီဇင်ဘာ ၁၅
Radio NUG
ပြည်သူ့ပန်းတိုင်အဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်လာသော CDM စစ်သား၊ ရဲများ၏ လုံခြုံရေးဆိုင်ရာများ အဆင်ပြေစေရန်၊ အထူးသဖြင့် နေထိုင်ခွင့် တင်းကျပ်နေသည့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းရောက်ရှိနေထိုင်စဉ် အခက်အခဲဖြစ်ပါက အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါတယ်။
CDM စစ်သား၊ ရဲများအား ထိုင်းနိုင်ငံအတွင်း ယာယီီနေထိုင်အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) လျှောက်ထားမှုအတွက် ကုန်ကျစရိတ် အကူအညီပေးနိုင်ရန် ၂၀၂၄ အောက်တိုဘာလအတွင်းက လျှောက်လွှာများခေါ်ယူခဲ့ရာ ရန်ပုံငွေအကန့်အသတ်ရှိသည့်အလျောက် လျှောက်ထားလာသူ တစ်ရာကျော်ဦးရေထဲမှ နွေဦးတော်လှန်ရေး၌ တထောင့်တနေရာမှ ဆက်လက်ပါဝင်လှုပ်ရှားနေသူ၊ မိသားစုဦးရေများပြီး အလုပ်အကိုင်မရှိသေးသူ CDM စစ်သားနှင့် ရဲများကို အတတ်နိုင်ဆုံး စိစစ်ရွေးချယ်ပြီး (၃၈) ဦးကို ပန်းရောင်ကတ် ပြုလုပ်ရန်အတွက် နိုဝင်ဘာအတွင်းက ပထမအကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ယခု ထောက်ပံ့မှုတွင် လူသစ် အလုပ်လုပ်ခွင့်ကတ် (ပန်းရောင်ကတ်) ပြုလုပ်ရန်အတွက် အခြေခံသတ်မှတ်ထားသော ကုန်ကျစရိတ်ကို ပြည်သူ့ပန်းတိုင်မှ ပေးအပ်သွားမည်ဖြစ်ပြီး ချိတ်ဆက်လျှောက်ထားမှုအတွက် မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်ကာ ပန်းရောင်ကတ်လျှောက်ထားမှုတွင် ရွေးချယ်မခံရသူများကိုလည်း လုံခြုံရေးထောက်ပံ့မှု နှင့် အခြေခံရိက္ခာများကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအစိုးရက အလုပ်သမား လူသစ်မှတ်ပုံတင်ခွင့်ကို ၂၀၂၄၊ စက်တင်ဘာ ၂၄ ရက်နေ့က ခွင့်ပြုလိုက်ပြီး ယခု လာမည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်သည့် ပန်းရောင်ကတ် (ဘတ်) လျှောက်ထားရန် နာမည်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။
========================
📌📌 ၅။ မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားတွင် ဆန္ဒပြ
ဒီဇင်ဘာ ၁၅
Radio NUG
ဒီဇင်ဘာလ ၁၄ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်နဲ့ တရုတ်ပေါင်းပြီး လုပ်ဆောင်မယ့် စီးပွားရေးတွေ၊ တိုင်းပြည်ထဲဝင်ရောက်နေရာယူမယ့် တရုတ်တပ် ကိစ္စတွေ၊ သူတို့ရဲ့ အကျိုးစီးပွားကာကွယ်ဖို့ လုပ်တာတွေ ရပ်တန့်သွားတဲ့အထိ ဆန္ဒပြမှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာက ပြည်ပရောက်မြန်မာတွေဟာ တရုတ်ကောင်စစ်၀န်ရုံး၊ တရုတ်သံရုံးရှေ့တွေမှာ အပတ်စဉ်တိုင်း စစ်အာဏာရှင်နဲ့ ပူးပေါင်းနေတဲ့ တရုတ်ကိုဆန့်ကျင်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကုတ်မြို့နယ် တခုလုံးကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်
ဒီဇင်ဘာ ၁၅၊
Radio NUG
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း တခုဖြစ်တဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီးနောက် တောင်ကုတ်မြို့နယ် တခုလုံးကို သိမ်းပိုက်ထားနိုင်ပြီလို့ APM က ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်မှာ စကခ (၅) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ULA/AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ က ဆိုပါတယ်။
ထို့အပြင် ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော်က လိုက်လံရှင်းလင်းနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် အနေဖြင့် ချင်းပြည်နယ်၊ ပလက်ဝဒေသ အပါအဝင် မြို့နယ် ၁၃ ခုကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ် ထားနိုင်ပြီး အမ်း မြို့နယ်နဲ့ ဂွ မြို့နယ်တို့ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး အပြင်းထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ဝမ်ပေါင် ကုမ္မဏီမှ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး
ဒီဇင်ဘာ ၁၅၊
Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးသွားခဲ့ တယ်လို့ Monywa Inventor ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၃ ရက် မနက် ၇ နာရီခွဲ အချိန်မှာ ဝမ်ပေါင် ကုမ္မဏီက ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ် အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဝမ်ပေါင် ကုမ္မဏီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး ကား ၃ စီး အင်အား အပြည့်ဖြင့် စစ်ကူလာပေးခဲ့ကာ မုံရွာဘက်ကမ်း Ocean အနီးမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး စစ်ကား ၅ စီး
အင်အားအပြည့်ဖြင့် မုံရွာကမ်းနားကို စစ်ကူရောက်လာတာကြောင့် လက်နက်ကောက်ယူနိုင်ခြင်း မရှိဘဲ ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ‘Monywa Inventor’ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ Triple Two Task Force ၊ ဗျူဟာ (၄၄) ၊ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ်အချို့မှာ လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပွားနေ
ဒီဇင်ဘာ ၁၅၊
Radio NUG
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့နယ်အချို့မှာ စစ်ကောင်စီတပ်က လူငယ်များကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံ ပြည်သူများထံက သိရပါတယ်။
ယခုလ (ဒီဇင်ဘာ) လဆန်းပိုင်းက စတင်ပြီး ရန်ကုန်တိုင်း အတွင်းက မြို့နယ် အားလုံးမှာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက စစ်မှုထမ်း အပတ်စဉ်တွေအတွက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်အားလုံး စစ်မှုထမ်းရမှာ ဖြစ်ကြောင်းနဲ့ ရှောင်ပြေးသူ များပြားပါက လမ်း၊ ရပ်ကွက်နဲ့ နေအိမ်အတွင်းထိ ဝင်ရောက် ခေါ်ဆောင်မယ်လို့ အသိပေးပြီးနောက်ပိုင်း အခုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီ အချိန်က သာကေတမြိုနယ် ၈ ရပ်ကွက်မှာ စစ်တပ်နဲ့ ရဲများက အိမ်စီးကားများနဲ့ လှည့်လည်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူငယ် ၄ ဦး ထက်မနည်း ဖမ်းဆီးခံခဲ့ရသလို သာကေတ ၈ ရပ်ကွက်၊ ၇ လမ်းမှ လူငယ် ၂ ဦးကိုလည်း လာရောက်ဖမ်းဆီး သွားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ ညမှာလည်း မြောက်ဒဂုံ၊ တောင်ဒဂုံတို့မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့များက ဧည့်စာရင်းစစ်တယ်လို့ ဆိုကာ လူငယ် ၇ ဦး ထက်မနည်းကို ဖမ်းဆီးသွားခဲ့ပြီး ရွှေပြည်သာ မြို့နယ် ၆ ရပ်ကွက်နဲ့ ၉ ရပ်ကွက်တို့မှာလည်း ဧည့်စာရင်း စစ်ရင်း လူငယ် ၆ ဦးကို စစ်ကားပေါ် တခါတည်း တင်ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီခန့်မှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်နဲ့ ကြအို ကျေးရွာတို့မှ အမျိုးသား ၁၁ ဦးကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဆိုကာ ဖမ်းဆီးခဲ့ပြီး ၄ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၁၁ ယောက်မှာ ၁ ယောက်သာ လမ်းပေါ်မှာ ဆွဲခံရတာဖြစ်ပြီး ကျန် ၁၀ ဦးလုံးက နေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲခံရခြင်း ဖြစ်တယ်လို့ ညောင်ဦး အခြေစိုက် “21 BAGAN - People Defense Force” က အသိပေးထားပါတယ်။
ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုပ်တွင်းမြို့ အထွက်မှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး စစ်မှုထမ်းအတွက် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာ တရက်ထဲမှာ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူငယ် စုစုပေါင်း ၄၅ ဦး ခန့်အထိ အဆိုပါ ဂိတ်စခန်းမှာ စစ်မှုထမ်း အပတ်စဉ် ၈ အတွက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်မှာ ဒီဇင်ဘာလအတွင်း လူငယ်စုစုပေါင်း ၅၀ ကျော်ကို စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့လည်း သိရှိရပါတယ်။
========================
🚩🚩 ၄။ ခင်ဦးမြို့နယ်မှာ စစ်တပ်ထုတ်ကုန် အရက်/ဘီယာများကို မြို့နယ် ပအဖ၊ ပကဖ မှ ဖမ်းဆီးပြီး ဖျက်ဆီးခဲ့
ဒီဇင်ဘာ ၁၅၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ ၎င်းတို့ရဲ့ ဒေါက်တိုင်၊ အကျိုးတူ စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်တဲ့ Myanmar Beer နှင့် ANDAMAN GOLD အရက်၊ ဘီယာများကို ဖမ်းဆီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦး သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က မြို့နယ် ပအဖ ရဲ့လမ်းညွန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များက အဆိုပါ အရက်၊ ဘီယာ သယ်ဆောင်လာတဲ့ ကားများကို ထိန်းသိမ်း စစ်ဆေးခဲ့ပြီး အခုလို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ထိန်းသိမ်း စစ်ဆေးမှုအတွင်း ကာလတန်ဖိုး ၁၄,၀၆၄,၀၀၀ ( သိန်းတရာ လေးဆယ် ခြောက်သောင်း လေးထောင် ) ကျပ်တန်ဖိုးရှိ Myanmar Beer ဂျပ်ဖာ (၁၉၀) ဖာ၊ ဗူးပေါင်း (၄,၅၆၀) ဗူးနဲ့ ANDAMAN GOLD ဂျပ်ဖာ (၃၇) ဖာ၊ ဗူးပေါင်း (၄၄၄) ဗူး တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသော ပစ္စည်းများ အားလုံးကို မြို့နယ် ပအဖ၊ ပကဖ မှ အများပြည်သူ ရှေ့မှောက်မှာ မှတ်တမ်းများနှင့် တကွ ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်ထောက်တိုင် စီးပွားရေးများမှ အမြတ်စွန်း ငွေများဟာ ပြည်သူလူထုနဲ့ တော်လှန်ရေး အင်အားစုများရဲ့ အသက် အိုးအိမ် စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးတဲ့လုပ်ရပ်များ ဖြစ်စေနိုင်တာကြောင့် ခင်ဦးမြို့နယ်အတွင်း ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ကြောင်းနဲ့ ပြည်သူအပေါင်းမှလည်း သပိတ်မှောက်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ စစ်တပ်ပိုင် ဘက်ဖိုးကို သိမ်းယူနိုင်ခဲ့ပြီး နယ်မြေအတွင်း လမ်းနဲ့ အထွေထွေ ပြုပြင်ရေး လုပ်ဆောင်ခဲ့
ဒီဇင်ဘာ ၁၅၊
Radio NUG
မြင်းခြံခရိုင်၊ အမှတ် (၉) တပ်ရင်း Myingyan Black Tiger (MBT) အနေဖြင့် စစ်ကောင်စီရဲ့ နယ်မြေအတွင်းက အာဏာသိမ်း စစ်တပ်ပိုင် ဘက်ဖိုးကို သိမ်းယူခဲ့ပြီး ထိန်းချုပ် နယ်မြေအတွင်း လမ်းနဲ့ အထွေထွေ ပြုပြင်ရေးများ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ စစ်တပ်ပိုင် ၂၃ တန်ရှိ ဘက်ဖိုးအား MBT အဖွဲ့က လုံခြုံရေး အပြည့်ယူကာ ပြန်လည်သိမ်းယူ နိုင်ခဲ့တာလို့ ဆိုပါတယ်။
ထို့နောက် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အတွင်းက တော်လှန်ရေးတပ်များ စိုးမိုးထားတဲ့ နယ်မြေအတွင်း အများ ပြည်သူတွေ သွားရေးလာရေး အဆင်ပြေ ကောင်းမွန်စေဖို့ လမ်းနဲ့ အထွေထွေပြုပြင်ရေးများကို Royal Brother Defence Force (RBDF) ၊ ကျေးရွာ တာဝန်ခံများ နှင့်အတူ ပူးပေါင်းပြီးလုပ်ဆောင် နိုင်ခဲ့တယ်လို့ MBT အဖွဲ့က ဆိုပါတယ်။
MBT အဖွဲ့အနေနဲ့ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းမျိုးမဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်း လူထုအကျိုးပြု လုပ်ငန်း များကို တာဝန်ရှိသူများနဲ့ ပူးပေါင်းအသုံးပြုလျက် ရှိပြီး စစ်အာဏာရှင် အမြစ်ပြတ် တိုက်ထုတ်နိုင်ရေး အတွက် မည်သည့် ပုံစံနှင့်မဆို ပြန်လည် အသုံးပြုသွားမှာ ဖြစ်တယ်လို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၆။ Enemy Air Route (EAR) Channel တည်ထောင်ခြင်း (၃) နှစ်ပြည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ BMC ပေးပို့
ဒီဇင်ဘာ ၁၅
Radio NUG
ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ ရန်သူ့လေကြောင်းထောက်လှမ်းရေး Enemy Air Route (EAR) Channel တည်ထောင်ခြင်း (၃) နှစ်ပြည့် သဝဏ်လွှာကို Blood Money Campaign (BMC) မှ ပေးပို့ခဲ့ကြောင်း သိရပါတယ်။
(၃) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းလမ်းကြောင်းများကို အချိန်နဲ့တပြေးညီ မှန်မှန်ကန်ကန် ပြည်သူ့ထံသို့ သတင်းပံ့ပိုးနိုင်ခဲ့သည့်အတွက် ပြည်သူများ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြပြီး ထိုသို့ ပြည်သူများ၏ အသက်များစွာ အကာအကွယ်ပြုနိုင်ခဲ့သည့်အပေါ် များစွာ လေးစားဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့အာဏာ တည်မြဲနိုင်ရေးအတွက် ပြည်သူအပေါ် အကြမ်းဖက်မှု နည်းလမ်းမျိုးစုံ အသုံးပြုနေပြီး လေကြောင်းတိုက်ခိုက်မှုကိုလည်း အကြိမ်ရေ ထောင်နှင့်ချီ ပြုလုပ်လျက်ရှိတာကြောင့် EAR Channel အနေဖြင့် လေကြောင်းလမ်းကြောင်းများကို ပြည်သူသို့ အချိန်နှင့်တပြေးညီ သတင်းဆက်လက်စီးဆင်းနိုင်ရေး အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
“လေကြောင်းတိုက်ခိုက်မှုရပ်တန့်ရေး” အတွက် ဦးတည်ချက်တူညီသည့် Blood Money Campaign (သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့) အနေဖြင့် EAR Channel နှင့် အတူတကွ လက်တွဲလုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ဆက်လက်၍ လေကြောင်းတိုက်ခိုက်မှု အလျဉ်းပပျောက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ လက်တွဲလုပ်ဆောင်နိုင်ရန် ဆန္ဒပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment