၂၀၂၄ ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၂။ ICO Seed Round မှာ ဒေါ်လာ ၅သိန်း အထက် ရင်းနှီးမြှုပ်နှံခဲ့သူ ၂ ဦးရှိခဲ့
📌 ၃။ မကွေးတိုင်းတွင် ဖဲကြိုးဖြူ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်
📌 ၄။ ညောင်ဦးမြို့မှာ စသုံးလုံး အရာရှိတွေက ဓားပြမှုတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဟုဆို
📌 ၅။ ပဲခူးရိုးမတောက ရိုးမကျားကြီးတွေအတွက် ပြုလုပ်ထားတဲ့ "ဆိုင်ခန်းလည်းယူ ကျည်လည်းကူ" ကမ်ပိန်းမဲ စတင်ရောင်းချ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သစ်ရုံရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး
🚩 ၂။ နားပုံကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူကို သတ်ဖြတ်ခဲ့ပြီး တွဲဖက်စာရေး ဖြစ်သူကို RCSS က ဖမ်းဆီး
🚩 ၃။ ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော် အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပ
🚩 ၄။ ဖားဆောင်း PDF တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
🚩 ၅။ ပခုက္ကူခရိုင်၊ အမှတ် (၁၄) တပ်ရင်း စတင်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
🚩 ၆။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) တာဝန်ခံများအား ဆက်သွယ်ရေး၊ ဦးရေးထောက် စီမံခန့်ခွဲခြင်းနှင့် စစ်ဖတ် စာရေးသားခြင်း သင်တန်း ပို့ချ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ဒီဇင်ဘာ ၁
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို ဒီဇင်ဘာလ ၁ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၁:၀၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ ICO Seed Round မှာ ဒေါ်လာ ၅သိန်း အထက် ရင်းနှီးမြှုပ်နှံခဲ့သူ ၂ ဦးရှိခဲ့
ဒီဇင်ဘာ ၁
Radio NUG
ICO Seed Round မှာ အောင်စိတ်တခု အရင်းပြုကာ အနာဂတ် အိမ်ပြန်ခရီးကို ယုံကြည်သက်ဝင်ပြီး ဒေါ်လာ ၅သိန်း အထက် ရင်းနှိီးမြှုပ်နှံခဲ့သူ ၂ ဦးရှိခဲ့ကြောင်း နွေဦးဘဏ်မှ ဒီဇင်ဘာလ ၁ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ၂ဦးဟာ ICO Round 2 မှာ ထပ်ပြီးလည်း ရင်းနှီးမြှုပ်နှံထားတဲ့ သန်းကြွယ် သူဌေးလောင်းတွေပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဘဏ်ရှယ်ယာရှင် (၂) ဦးဟာ နွေဦးဘဏ် အမြတ်ဝေစု ခွဲဝေမှု နှစ်ကြိမ်မှာလည်း USD 3,200 ပမာဏ ထက် မနည်း ရရှိခဲ့တဲ့အပြင် ICO 2 ရဲ့ တန်ဖိုး ၂ ဆခွဲ မြင့်တက်လာမှုကြောင့် ဒေါ်လာ ၁ သန်း ကျော်တဲ့ ရှယ်ယာတန်ဖိုးပမဏကို လက်ဝယ် ပိုင်ဆိုင်ထားကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မကွေးတိုင်းတွင် ဖဲကြိုးဖြူ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်
ဒီဇင်ဘာ ၁
Radio NUG
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မကွေးတိုင်းအတွင်း ဖဲကြိုးဖြူ ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး PDF ရဲဘော်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
မကွေးတိုင်းအတွင်းရှိ လှုပ်ရှားအဖွဲ့ PDF ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် PDF ရဲဘော် တစ်ဦးလျှင် (ငါးသောင်း)ကျပ် ပမာဏနှင့် ရဲဘော် (၅၅) ဦးအား ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ရဲဘော် တစ်ဦး၏ (၄)လ အရွယ် ကလေးသူငယ် တစ်ဦးအား (ငါးသောင်းကျပ်)အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် "အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့" ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသမီးများ လူ့အခွင့်အရေးအကြောင်းများ ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ညောင်ဦးမြို့မှာ စသုံးလုံး အရာရှိတွေက ဓားပြမှုတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်ဟုဆို
ဒီဇင်ဘာ ၁ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ သုံးလုံး) အရာရှိတွေက ခိုးဆိုးလုနှိုက်တွေကို ဓားပြမှုတွေ ကျူးလွန်ခိုင်းကာ PDF တွေက လုပ်တာလို့ ဝါဒဖြန့်နေတယ်လို့ သိရပါတယ်။
ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အနေနဲ့ စသုံးလုံး အရာရှိတွေရဲ့ ခိုင်းစေချက်နဲ့ ဓါးပြမှုတွေ ကျူးလွန်ခဲ့တဲ့ တရားခံ တယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူဟာ ကကျဲရွာနေ လှယမင်း ဆိုသူဖြစ်ပြီး သြဂုတ်လ ၁၃ ရက်က ကကျဲကျေးရွာမှာ တိုက်ခဲ့တဲ့ ဓားပြမှု အပါအဝင် မြို့ပေါ် က ရွှေဆိုင် ဓားပြမှုတွေမှာ ပါဝင်ခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်ဦးမြို့နယ်မှာ ဓါးပြမှုပေါင်း ၁၀ ခုထက်မနည်း ရှိခဲ့ပြီး အမှုတိုင်းမှာ စသုံးလုံး အရာရှိတွေက နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ပဲခူးရိုးမတောက ရိုးမကျားကြီးတွေအတွက် ပြုလုပ်ထားတဲ့ "ဆိုင်ခန်းလည်းယူ ကျည်လည်းကူ" ကမ်ပိန်းမဲ စတင်ရောင်းချ
ဒီဇင်ဘာ ၁
Radio NUG
ပဲခူးရိုးမတောက ရိုးမကျားကြီးတွေအတွက် ပြုလုပ်ထားတဲ့ "ဆိုင်ခန်းလည်းယူ ကျည်လည်းကူ" ကမ်ပိန်းမဲ စတင်ရောင်းချကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ကမ်ပိန်းကို ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၁၀၀အထိ၊ ကမ်ပိန်း မျှော်မှန်းပမာဏ သိန်း ၂၀၀၀၊ လက်မှတ် စုစုပေါင်း ၂၀၀၀၀ ရောင်းချမယ်လို့ သိရပါတယ်။
မဲတစ်စောင်ကို မြန်မာကျပ်ငွေ 10000 MMK, Thailand - 100 THB၊ Malaysian - 20 MYR၊ Korean - 10000 Won၊ US-5$၊ Singapore - 5 SGD၊ UK-5 GBP၊ Japan - 500 Yenတို့နဲ့ ကံစမ်းမဲလက်မှတ်ဝယ်ယူပြီး ထောက်ပို့ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကံစမ်းမဲအနေနဲ့ သာယာဝတီခရိုင်အတွင်းရှိ ဒေသပေါက်ဈေး ကျပ်သိန်း-၆ဝဝ ခန့် တန်ဖိုးရှိသော စျေးဆိုင်ခန်း (၁)ခန်း မဲဖောက်ပေးမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သစ်ရုံရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး
ဒီဇင်ဘာ ၁ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို မြင်းခြံ - နဘူးအိုင် လမ်းပိုင်း၊ ကုက္ကဲရဲစခန်း အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေခြံသား ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံမြို့နယ်) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၁၄ မိနစ်ခန့်မှာ အင်အား (၁၀၀) ခန့်ပါတဲ့ အဆိုပါ စစ်ကြောင်းကို အသင့် စောင့်ဆိုင်း ပြင်ဆင်ထားတဲ့ ပဒေသာမိုင်းတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ ဖရဲသီး (သတင်းပေး) ထံမှ သိရကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ သစ်ရုံရွာကို မီးရှို့ဖျက်ဆီးခဲ့ယုံသာမက အမျိုးသမီး တဦးကို ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ နားပုံကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူကို သတ်ဖြတ်ခဲ့ပြီး တွဲဖက်စာရေး ဖြစ်သူကို RCSS က ဖမ်းဆီး
ဒီဇင်ဘာ ၁ ရက်၊
Radio NUG
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ နားပုံ ကျေးရွာအုပ်စုက အုပ်ချုပ်ရေး တာဝန်ရှိသူ တဦးကို RCSS တပ်ဖွဲ့က လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး တွဲဖက်စာရေး ဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ SSPP က ထုတ်ပြန်ထားပါတယ်။
သတ်ဖြတ်ခံရသူဟာ အသက် ၂၈ နှစ်အရွယ်ရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်သူ စိုင်းစံအောင် ဖြစ်ပြီး ဖမ်းဆီးခံရသူဟာ ၎င်းရဲ့ တွဲဖက်စာရေး တာဝန်ထမ်းဆောင်သူ အသက် ၃၁ နှစ် အရွယ်ရှိ စိုင်းပန်တိ ဖြစ်တယ်လို့ သိရပါတယ်။
စိုင်းစံအောင်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ ည အချိန်တွင် နားပုံကျေးရွာ ဘုန်းကြီးကျောင်းမှာ ဒေသခံ ပြည်သူများ ရှမ်းနှစ်သစ် ကြိုဆိုပွဲ ပြုလုပ်နေချိန် ည ၁၀ နာရီခွဲ ခန့်မှာ ရွာသူကြီး အိမ်မှ ၎င်းရဲ့ နေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် အပြန် နတ်စင် အနောက်ဘက်မှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာလို့ ဆိုပါတယ်။
ထို့အပြင် တွဲဖက်စာရေး ဖြစ်သူ စိုင်းပန်တိကိုလည်း နေအိမ်အထိ RCSS တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပြီး ဖမ်းဆီးသွားခဲ့တယ်လို့ SSPP က ပြောပါတယ်။
ယခုအချိန်ဟာ ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းနိုင်ရန်အတွက် ပြည်သူလူထုက ကြားဝင်စေ့စပ် ပေးနေချိန် ဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲများ မဖြစ်ပွားအောင် SSPP/SSA အနေနဲ့ ထိန်းသိမ်းခဲ့ပေမယ့် RCSS ဘက်က အခွင့်ကောင်းယူကာ တပ်စခန်းများ၊ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများကို အကြိမ်ကြိမ် တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီး နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော် အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပ
ဒီဇင်ဘာ ၁ ရက်၊
Radio NUG
ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်ဦး/ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်တော် (DSNDF/ DSNDA) ရဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲမှာ ဓနုပြည်နယ် အမျိုးသားအလံတော်အား အလေးပြုခြင်း၊ သင်တန်းဆင်း ရဲဘော်များ သစ္စာရေသောက်ခြင်း၊ သစ္စာအဓိဌာန် (၄) ချက်ကို သီဆိုခြင်း၊ ဥက္ကဋ္ဌမှ မိန့်ခွန်းပြောကြားခြင်း၊ စစ်ဦးစီးချုပ်မှ မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ရဲဘော်များအား စစ်ပညာဟာ အာဏာရှင်ကို တိုက်ထုတ်ရန်၊ မတရားမှုကို တွန်းလှန်ရန် ဖြစ်ပြီး မိမိတို့ တတ်မြောက်ထားတဲ့ စစ်ပညာဖြင့် ပြည်သူကို တန်ဖိုးထားကာကွယ်ရန်အပြင် ကျင့်ဝတ်များ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်၊ အမိန့်နှင့် အာဏာကို ခွဲခြားသိမြင်စေရန်နဲ့ တော်လှန်ရေးတွင် နေရာစွဲ လူမျိုးစွဲများ မထားရန် စတာတွေကို သတိပေး ပြောဆိုခဲ့ပြီး တာဝန်အသီးသီး ခွဲခြားပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ ဖားဆောင်း PDF တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
ဒီဇင်ဘာ ၁ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် PDF (P3-1108) တပ်ရင်း တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို ဖားဆောင်းမြို့နယ်အတွင်းက မြေပြင်တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဆိုပါအခမ်းအနားကို တိုင်းရင်းသားတော်လှန်ရေးတပ် (EROs) အဖွဲ့များနဲ့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ကရင်နီဒေသရှိ တော်လှန်ရေး တပ်ပေါင်းစုများနဲ့ ဖားဆောင်းမြို့သိမ်း တိုက်ပွဲကို ပူးပေါင်းဆင်နွှဲလျက် ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ပခုက္ကူခရိုင်၊ အမှတ် (၁၄) တပ်ရင်း စတင်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
ဒီဇင်ဘာ ၁ ရက်၊
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း ၂ နှစ်ပြည့် မွေးနေ့ အခမ်းနားကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့မှာ တပ်ရင်းကို စတင် ဖွဲ့စည်းခဲ့တာ ၂ နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး အခက်အခဲပေါင်းစုံ ဆင်းရဲဒုက္ခပေါင်းစုံကို အတူတူ ရင်ဆိုင်ကျော်ဖြတ် ပေးခဲ့ကြတဲ့ ရဲဘော်ရဲဘက် အားလုံးကို လေးစားဂုဏ်ယူပြီး ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ၂ နှစ်တာကာလ ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ အမှတ် (၁၄) တပ်ရင်းမှ သူရဲကောင်း ရဲဘော်များကို သတိရ အောင့်မေ့ကာ ဝမ်းနည်းဂုဏ်ယူစွာဖြင့် အလေးပြုကြောင်းကိုလည်း ဖော်ပြထားပါတယ်။
တပ်ရင်းအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ အားဖြည့်ပေးခဲ့ကြတဲ့ အလှူရှင် တော်လှန်ပြည်သူ မိဘ၊ ညီအကို မောင်နှမ များအားလုံးကိုလဲ ကျေးဇူးတင်ကြောင်း ဖော်ပြထားကာ ရှေ့တန်း ရောက်နေတာကြောင့် အခမ်းအနားကို မတက်ရောက်နိုင်တဲ့ ရဲဘော်များကိုလည်း လေးစားဂုဏ်ယူတယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် (၁၄) တပ်ရင်း ၂ နှစ်ပြည့် မွေးနေ့ အခမ်းအနားတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး ၊ တပ်ရေးဗိုလ်တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) တာဝန်ခံများအား ဆက်သွယ်ရေး၊ ဦးရေးထောက် စီမံခန့်ခွဲခြင်းနှင့် စစ်ဖတ် စာရေးသားခြင်း သင်တန်း ပို့ချ
ဒီဇင်ဘာ ၁
Radio NUG
ဒီဇင်ဘာလ ၁ရက်နေ့တွင် ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရိုမှ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁) ရဲဘော်များသို့ ဆက်သွယ်ရေး၊ ဦးရေးထောက် စီမံခန့်ခွဲခြင်းနှင့် စစ်ဖတ် စာရေးသားခြင်းသင်တန်း စာတွေ့ Online မှတဆင့် ပို့ချပေးခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)မှ သတင်းထုတ်ပြန်ထားပါတယ်။
အကူအညီတောင်းခံမှုအပေါ် သင်တန်းပို့ချ ဆွေးနွေးပေးပါသော ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရိုမှ တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment