၂၀၂၄ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
📌 ၂။ ICCက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချိန် စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလှုပ်ရှားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် အညာဒေသက တော်လှန်ရေးစိုးမိုးနယ်မြေများသို့ သွားရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တွေ့ဆုံ
📌 ၄။ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံး မကြာမီ လူ့အခွင့်အရေးထွန်းကားပြီး တရားမျှတလွတ်လပ်တဲ့မြေကို ပိုင်ဆိုင်ကြရမှာဖြစ်တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ပြောကြား
📌 ၅။ မြန်မာနိုင်ငံက ကျူးလွန်ခံရသူတွေအတွက် တနေ့မှာ တရားမျှတမှု တစ်စုံတစ်ရာ ရရှိနိုင်မယ်လို့ IIMM အကြီးအကဲ ပြောကြား
📌 ၆။ ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာ စာရင်းဝင်
📌 ၇။ ပုလဲမြို့နယ်စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ ခန့် အား ဆန်၊ ဆီ၊ စောင်၊ အဝတ်အထည်များ သွားရောက်ထောက်ပံ့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ကိုးကန့်တပ် MNDAA ထုတ်ပြန်
🚩 ၂။ အလုပ်သမားထုကို ဖိနှိပ်နေတဲ့ တရုတ်ပိုင် စက်ရုံ နှစ်ခုကို သတိပေးဖောက်ခွဲ၊ မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံခြိမ်းခြောက်ရင် တရုတ်လုပ်ငန်းစုများကို အရေးယူမည်
🚩 ၃။ ရွှေပြည်သာမြို့နယ်က ရဲမှူး မိုးညိုရဲ့ အိမ်ကို အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့
🚩 ၄။ ဖယ်ခုံမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးတဦးသေဆုံး
🚩 ၅။ မြောက်ခင်ရန်း ပျူစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူတဦး သေဆုံး
🚩 ၆။ နွားထိုးကြီးမြို့နယ် နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သင်တန်းသား နှစ်ဦး သေဆုံး
🚩 ၇။ နတ်တလင်း ဆီဆံကုန်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
ဒီဇင်ဘာ ၃ရက်
Radio NUG
တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်လို့ ဒီဇင်ဘာ ၃ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထုတရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ များစွာ ရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည်မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ်လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ ပြသဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဆက်လက် လျှောက်လှမ်းရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီခရီးအထိ အတူကျော်ဖြတ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုအချိန်ဟာ အပြောင်းအလဲကြီးလည်း ဖြစ်သလို၊ လမ်းဆုံလမ်းခွလည်းဖြစ်နေတယ်ဆိုတာ သတိရကြဖို့ လိုပါတယ်။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ်ထုတ်နိုင်မယ်ဆိုတာ သတိရကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။" လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၉/၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ICCက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချိန် စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလှုပ်ရှားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
ဒီဇင်ဘာ၃ရက်
Radio NUG
ICCက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချိန် စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလှုပ်ရှားကြရန် ဒီဇင်ဘာ၃ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"အခုဆိုရင် နိုင်ငံတကာ ရာဇဝတ် ခုံရုံး (International Criminal Court) မှ တရားလို ရှေ့နေတစ်ဦးက မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက် သမား မင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနဲ့ ပါတ်သတ်ပြီး ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတယ် ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက်တော့ ယိုင်နဲ့နေတဲ့ စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုလှုပ်ရှားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ယနေ့အချိန်ထိ မိုက်တွင်းနက်ထဲ နေနေကြတဲ့ စစ်တပ်အတွင်းက တပ်မတော်သားတွေ အကုန်လုံးလည်း စစ်ရာဇဝတ်တရားခံနဲ့ အတူရှေ့ ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလားဆိုတာ သေသေချာချာ စဥ်းစားကြရတော့မယ့် အချိန်ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် အညာဒေသက တော်လှန်ရေးစိုးမိုးနယ်မြေများသို့ သွားရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တွေ့ဆုံ
ဒီဇင်ဘာ ၃ရက်
Radio NUG
အညာဒေသက တော်လှန်ရေးစိုးမိုးနယ်မြေများသို့ သွားရောက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးဆိုထားပါတယ်။
"အညာမြေက တော်လှန်ရေး စိုးမိုးဒေသတွေဟာ ကားနဲ့ တပတ်ခရီးတောင် နေရာစုံ မရောက်နိုင်တော့ဘူး။ မကြာမှီ ဒီထက်ပို များလာဖို့ပဲရှိတာပါ"လို့ ဝန်ကြီးကဆိုပါတယ်။
မကြာသေးမီက ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်ကလည်း CDM ပညာရေးဝန်ထမ်းများနဲ့ မိသားစုများကို မြေပြင်ကွင်းဆင်း တွေ့ဆုံခဲ့ပါတယ်။
========================
📌📌 ၄။ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံး မကြာမီ လူ့အခွင့်အရေးထွန်းကားပြီး တရားမျှတလွတ်လပ်တဲ့မြေကို ပိုင်ဆိုင်ကြရမှာဖြစ်တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ပြောကြား
ဒီဇင်ဘာ ၃ရက်
Radio NUG
တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံး မကြာမီ လူ့အခွင့်အရေးထွန်းကားပြီး တရားမျှတလွတ်လပ်တဲ့မြေကို ပိုင်ဆိုင်ကြရမှာဖြစ်တယ်လို့ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာ၃ရက် ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။
"၂၀၂၄ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ကျရောက်မယ့် (၇၆)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆောင်ပုဒ်ကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတ လွတ်လပ်မြေ" ဆိုပြီး ရွေးချယ်ထားပါတယ်။ ခါးသီးတဲ့ အနိဌာရုံတွေ၊ ရက်စက်ကြမ်းကြုတ်လှတဲ့ အကြမ်းဖက်မှုတွေ၊ မေ့ဖျောက်လို့မရနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သမိုင်းဆိုးတွေကို ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အနာဂတ်ကို လူ့အခွင့်အရေးတွေ ထွန်းကားပြီး တရားမျှတမှုတွေ၊ လွတ်လပ်မှုတွေနဲ့ ပြည့်စုံတဲ့ အနာဂတ်ကို ထူထောင်လိုချင်တဲ့ ဆန္ဒကိုဖော်ပြထားတာပါ။ ယုံကြည်ချက်တခုရှိပါတယ်။ တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေအားလုံး မကြာမီ လူ့အခွင့်အရေးထွန်းကားပြီး တရားမျှတလွတ်လပ်တဲ့မြေကို ပိုင်ဆိုင်ကြရမှာပါ"လို့ ရေးသားပြောဆိုပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံက ကျူးလွန်ခံရသူတွေအတွက် တနေ့မှာ တရားမျှတမှု တစ်စုံတစ်ရာ ရရှိနိုင်မယ်လို့ IIMM အကြီးအကဲ ပြောကြား
ဒီဇင်ဘာ ၃ရက်
Radio NUG
မြန်မာနိုင်ငံက ကျူးလွန်ခံရသူတွေအတွက် တနေ့မှာ တရားမျှတမှု တစ်စုံတစ်ရာ ရရှိနိုင်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMMအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် ပြောကြားပါတယ်။
"မြန်မာနိုင်ငံက ကျူးလွန်ခံရသူတွေ၊ မြန်မာနိုင်ငံသားတွေကို ကျွန်တော်ပြောချင်တာကတော့ အခြေအနေက ခက်ခဲနေတယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။ နိုင်ငံတကာ တရားမျှတမှုလုပ်ငန်းစဥ်က အင်မတန် နှေးတာကြောင့် စိတ်ရှုပ်ဖွယ်ကောင်းတာကိုလည်း သိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာပါ။ အထောက်အထားတွေ ဆက်ပြီး ရှာဖွေစုဆောင်းသွားမှာပါ။ တနေ့မှာ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု တစ်စုံတစ်ရာ ရရှိနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။
လက်ရှိမှာ ထိခိုက်နစ်နာသူများနဲ့ မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် အပါအဝင် ရင်းမြစ်ပေါင်း ၁၀၀၀ ကျော်မှ အချက်အလက်တွေကို ရရှိထားပြီး နိုင်ငံတကာရာဇ၀တ်မှုခုံရုံး၊ နိုင်ငံတကာတရားရုံးနဲ့ အာဂျင်တီးနားတရားရုံးရှိ ရိုဟင်ဂျာဆိုင်ရာ အမှုများ ဆောင်ရွက်နေတဲ့ တရားရေးအာဏာပိုင်တွေထံ အချက်အလက်ပေါင်း တစ်သန်းကျော်နဲ့ စိစစ်သုံးသပ် ချက် ဖိုင်ပေါင်း ၁၀၀ နီးပါးကို မျှဝေထားပါတယ်။
========================
📌📌 ၆။ ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာ စာရင်းဝင်
ဒီဇင်ဘာ ၃
Radio NUG
၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်လိုက်သော 2024 Basel AML Index အရ ကမ္ဘာ့ငွေကြေးခဝါချမှု အန္တရာယ်အများဆုံး နံပါတ် ၁ နိုင်ငံအဖြစ် မြန်မာ အဆင့်သတ်မှတ်ခံရပြီး စာရင်းဝင်လာကြောင်း ဆွစ်ဇာလန်နိုင်ငံ Basel Institute on Governance က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေး Basel Institute on Governance (Basel AML Index) က နိုင်ငံများကို အညွှန်းကိန်း ၁၈ခု ဖြင့် အကဲခတ်ဆုံးဖြတ်ခဲ့ပြီး အကဲဖြတ်သည့် အညွန်းကိန်းများတွင် ဥပဒေစိုးမိုးမှုနှင့် ဥပဒေများ အရည်အသွေး ၊ အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု အန္တရာယ်၊ ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံရေးနှင့် ဥပဒေဆိုင်ရာ အန္တရာယ်တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာ့ ငွေကြေးခဝါချမှု အန္တရာယ်အများဆုံးသော ၁၀ နိုင်ငံတွင် အာဆီယံ ၁၀နိုင်ငံမှ နံပါတ် ၁- မြန်မာအပြင် လာအိုနိုင်ငံက နံပါတ် ၆ သတ်မှတ်ခံထားရပါတယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့် ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုများ မလုပ်ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင်များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ ကြေညာခဲ့ပါတယ်။
========================
📌📌 ၇။ ပုလဲမြို့နယ်စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ ခန့် အား ဆန်၊ ဆီ၊ စောင်၊ အဝတ်အထည်များ သွားရောက်ထောက်ပံ့
ဒီဇင်ဘာ ၃ရက်
Radio NUG
ဒီဇင်ဘာ ၃ရက် ပုလဲမြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာမှ ထောက်ပံ့သော ရိက္ခာများနှင့်အလှူရှင်များက လှူဒါန်းထားသော ငွေများအား ဆန်၊ ဆီများ ဝယ်ယူပြီး ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ် ကျေးရွာများသို့ ရောက်ရှိနေသော နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ ခန့် အား ဆန်အိတ် ၈၀၊ ဆီ ၁၁ပုံး (၁၁၀ ပိဿာ)၊ စောင်၊အဝတ်အထည်များကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် လူသားစာနာတာဝန်ခံတို့နှင့် လျှပ်စစ်တာဝန်ခံတို့မှ သက်ဆိုင်ရာ ရပ်ကျေးပအဖ၊ ပကဖတို့ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးကြပါသော အလှူရှင်များ၊အဖွဲ့အစည်းများအား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနှင့် များစွာ ကျေးဇူးတင်ဝမ်းမြောက် မှတ်တမ်းတင်အပ်တယ်လို့ဆိုပါတယ်။
တလနီးပါးအကြာ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်ပြည်သူများအတွက် ကဏ္ဍပေါင်းစုံ လိုပ်ချက်များရှိနေလျှက်ရှိရာ အလှူရှင်များ၊အဖွဲ့အစည်းများအနေဖြင့် ဆက်လက်ကူညီ ပံ့ပို့ပေးကြပါရန်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုလဲမြို့နယ်က အသိပေးဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်တွင်းစစ်ရေး ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းလိုကြောင်း ကိုးကန့်တပ် MNDAA ထုတ်ပြန်
ဒီဇင်ဘာ ၃ ရက်၊
Radio NUG
ပြည်တွင်းစစ်ရေး ပဋိပက္ခများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးဖို့ လိုလားကြောင်း အချက် ၅ ချက်ပါ ထုတ်ပြန်ချက် တစောင်ကို MNTJP/MNDAA က ဒီဇင်ဘာ ၃ ရက်နေ့ ညမှာ ထုတ်ပြန်လာပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် MNDAA အနေဖြင့် နိုင်ငံအသစ် ထူထောင်ခြင်း မဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ရောက်ရာနေရာကနေ အပစ်ရပ်မှာ ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုဖြင့် လားရှိုး အပါအဝင် သက်ဆိုင်ရာ ကိစ္စတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာလိုကြောင်း ဖော်ပြ ထားပါတယ်။
ထို့ပြင် စစ်ကောင်စီဘက်ကလည်း မြန်မာနိုင်ငံအနှံ့မှာ ဖော်ဆောင်နေတဲ့ မြေပြင်နဲ့ဝေဟင် ထိုးစစ်များကို ရပ်တန့် ပေးရမယ်လို့ တောင်းဆိုထားပါတယ်။
MNDAA ဘက်မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်သွားမှာဖြစ်ပြီး သဘောထားကွဲလွဲမှုများနဲ့ ပဋိပက္ခ များကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း၊ နိုင်ငံရေး နည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကို ခုခံပိုင်ခွင့်ကို ဆက်လက်ကိုင်ဆွဲသွားမှာ ဖြစ်ကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။
စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာ ခံစားနေရတဲ့ အပြစ်မဲ့ ပြည်သူတွေကို ငဲ့ညှာထောက်ထားရန်၊ တရုတ် - မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်၊ ပြည်တွင်းစစ် ပဋိပက္ခကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရန် နှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရန်အတွက် အခုလို သဘောထား ထုတ်ပြန်ခဲ့တာလို့ MNDAA က ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ အလုပ်သမားထုကို ဖိနှိပ်နေတဲ့ တရုတ်ပိုင် စက်ရုံ နှစ်ခုကို သတိပေးဖောက်ခွဲ၊ မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံခြိမ်းခြောက်ရင် တရုတ်လုပ်ငန်းစုများကို အရေးယူမည်
ဒီဇင်ဘာ ၃
Radio NUG
ဒီဇင်ဘာလ ၂ရက်နေ့ ညဦးပိုင်း (၇:၀၀)အချိန်ခန့်တွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေပြီး မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်နေသော ရန်ကုန်တိုင်း ၊ လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် Thun Than Win ဖိနပ်စက်ရုံ နှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကံစက်မှုဇုံရှိ တရုတ်ပိုင် ပေါင်ချိန်စက်ရုံတို့အား သတိပေးသည့်အနေဖြင့် လူထိခိုက်မှုနည်းသော ဗုံးအမျိုးအစားကို အသုံးပြုရ၍ တိုက်ခိုက်ခဲ့ကြောင်း The Grand Unsung (TGU)မှ သတင်းထုတ်ပြန်ပါတယ်။
အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်ဖိနှပ်ခြင်း၊ စစ်တပ်နှင့်ပူးပေါင်း၍ လူအခွင့်အရေးများချိုးဖောက်နေခြင်း၊ အာဏာသိမ်းစစ်ကောင်စီအား ထောက်ပံ့နေခြင်းတို့ကို ရပ်တန်းကရပ်ရန် လူထုကိုမျက်နှာမူ၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထပ်မံကျူးလွန်ပါက ယခုကဲ့သို့ သတိပေးနေမည်မဟုတ်ဘဲ စစ်တပ်နှင့် ပူးပေါင်းပြီး အလုပ်သမားထုကို ဖိနှိပ်နေသော မည်သူကိုမဆို ပစ်မှတ်ထားပြီး ပြင်းအားမြင့်မိုင်းများဖြင့် ထိထိရောက်ရောက် တိုက်ခိုက်မယ်လို့ ဖော်ပြထားပါတယ်။
ထိုနည်းတူ တရုတ်အစိုးရအနေဖြင့် မြန်မာ့တော်လှန်ရေးအင်အားစုများကို ထပ်မံဖိနှိပ်ချိန်းခြောက်ပါက စစ်တပ်နှင့်ပူးပေါင်းနေသော တရုတ်လုပ်ငန်းစုများကို မှတ်သားထားပြီး လိုအပ်သလိုအရေးယူသွားမည်ဖြစ်ပါကြောင်း သတိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ရွှေပြည်သာမြို့နယ်က ရဲမှူး မိုးညိုရဲ့ အိမ်ကို အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့
ဒီဇင်ဘာ ၃ ရက်၊
Radio NUG
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၁၃) ရပ်ကွက်မှာ နေထိုင်တဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲမှူးမိုးညိုရဲ့ နေအိမ်ကို ပြင်းအားမြှင့် အဝေးထိန်းမိုင်းဖြင့် ထိရောက်စွာ တိုက်ခိုက်ခဲ့တယ်လို့ The Grand Unsung (TGU) အဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၆ နာရီ ၄၀ မိနစ်ခန့်က ရဲမှူးမိုးညိုနဲ့ အပေါင်းအပါများ နေအိမ်မှာ ရှိနေချိန်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ရဲမှူးရဲ့ honda fix ကားမှာ မီးလောင်ကျွမ်းခဲ့ကြောင်းကို မျက်မြင်တွေ့ခဲ့ရပြီး နောက်ဆက်တွဲ ထိခိုက်မှုများအား စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို The Grand Unsung (TGU) နဲ့ Black Tiger UG Team တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ ဖယ်ခုံမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးတဦးသေဆုံး
ဒီဇင်ဘာ ၃ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့ အနောက်ခြမ်းက ဆိုင်ခွန် (ရှမ်း) ကျေးရွာ အနီးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် နွားကျောင်းသား ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ Karenni People’s Voice က ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ ဆိုင်ခွန်ကျေးရွာ အနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၄၀ နီးပါးကို ကြဲချ တိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၁၃ နှစ်အရွယ် အရပ်သား ကလေးငယ် ၁ ဦး သေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်းက ကုန်းပေါကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် ၁ လသားအရွယ်နဲ့ ၁ နှစ်သားအရွယ် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၅။ မြောက်ခင်ရန်း ပျူစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူတဦး သေဆုံး
ဒီဇင်ဘာ ၃ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှ ထွက်လာတဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အမျိုးသား တဦး သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
သေဆုံးခဲ့သူမှာ တောင်ခင်ရန်းရွာက အသက် ၇၀ အရွယ် အမျိုးသား တဦး ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၉ နာရီခန့်မှာ မြောက်ခင်ရန်းက ထွက်လာတဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်ခဲ့တာပါ။
အဆိုပါ ပျူစစ်ကြောင်းဟာ အင်အား ၂၀၀ ကျော် ပါဝင်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း လယ်ကြီး၊ ဝင်ဝ၊ ကျော်ပြုတ်၊ ကြံသာ ရွာတွေက ပျူစောထီးတွေ ပါဝင်တယ်လို့ သိရပါတယ်။
၎င်းပျူစစ်ကြောင်းဟာ တောင်ခင်ရန်းရွာကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ကာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး အာရှလမ်းမကြီးအတိုင်း ထွက်လာတယ်လို့ ဆိုပါတယ်။
ပျူစစ်ကြောင်းဟာ တောင်ခင်ရန်း ရွာဘက်ထိ ရောက်ရှိလာနိုင်တာကြောင့် အာရှလမ်းမကြီးနဲ့ အနီးနား ဝန်းကျင် ကျေးရွာများက ပြည်သူတွေအနေနဲ့ ကြိုတင်သတိထား နေထိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
========================
🚩🚩 ၆။ နွားထိုးကြီးမြို့နယ် နဘဲမြစ်ရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သင်တန်းသား နှစ်ဦး သေဆုံး
ဒီဇင်ဘာ ၃
Radio NUG
ဒီဇင်ဘာ ၂ ရက် ညနေ ၄နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ကျေးရွာရှိ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းတစ်ခုလုံး ပျက်စီးပြီး သင်တန်းသား နှစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း နွားထိုးကြီးသတင်းစုံမှ သိရပါတယ်။
သေဆုံးတဲ့ ကျောင်းသားတစ်ဦးက ပြင်ဦးလွင်ဘက်မှ ဖြစ်ပြီး နောက်တစ်ဦးက မြင်းမူဘက်မှ ဖြစ်ကာ ကျောင်းသားတစ်ဦး တင်ပါး ဗုံးစထိမှန်လို့ မန္တလေးမှာ အရေးပေါ်ဆေးကုနေရတယ်လို့ သိရပါတယ်။
နဘဲမြစ်ကျေးရွာသည် နွားထိုးကြီးမြို့၏ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး အောက်တိုဘာ ၃ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ရွာခံအမျိုးသားနှစ်ဦး သေဆုံးခဲ့ပါတယ်။
========================
🚩🚩 ၇။ နတ်တလင်း ဆီဆံကုန်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၃ ရက်၊
Radio NUG
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆံကုန်းရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း (၃၈ဝ၁) တပ်ခွဲ ၂ - Phoenix D-F က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဆီဆံကုန်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
အဆိုပါ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေ အမျိုးသမီး ၁ ဦး သေဆုံးပြီး အရပ်သား ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဒဏ်ရာပြင်းထန်သူများလည်း ပါဝင်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment