၂၀၂၅ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။၂ဝ၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုကို ချင်းအမျိုးသား ရရှိ
📌 ၂။ ရွှေသောင်ယံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသနေသူတွေ တိမ်းရှောင်နေရ
📌 ၃။ တရုတ်ကျားဖြန့်တားဆီးနှိမ်နင်းရေး မဲဆောက်ဒေသတာဝန်ရှိသူတွေနဲ့ ထိုင်း ဒုရဲချုပ်တို့ တွေ့ဆုံဆွေးနွေး
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အရပ်သား၃ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရ
🚩 ၂။ ညောင်ရွှေမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
🚩 ၃။ မုံရွာ- မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ၄ ဦးထက်မနည်း သေဆုံး
🚩 ၄။ မုံရွာအခြေစိုက် နမခဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ထပ်မံပစ်ခတ်ရာမှာ အရာရှိအပါအဝင် ၁၅ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။၂ဝ၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုကို ချင်းအမျိုးသား ရရှိ
ဇန်နဝါရီလ ၁၈ရက်
အမေရိကန်ပြည်ထောင်စုက မြန်မာဒုက္ခသည်အများစုအခြေချနေထိုင်ရာ အင်ဒီယားနားပြည်နယ်မှာ ဒီနေ့ ဇန်နဝါရီ ၁၈ က ပြုလုပ်တဲ့ မာတင်လူသာကင်းနေ့ ဂုဏ်ပြုပွဲမှာ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဆုကို ချင်းတိုင်းရင်သား အီလိုင်ဇာ ဗာနီ ရရှိသွားတယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။
အသားအရောင်ခွဲခြားမှုကို တိုက်ပွဲ၀င်ခဲ့တဲ့ ဒေါက်တာ Martin Luther King၊ Jr. ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့လဖြစ်တဲ့ ဇန်နဝါရီလ တတိယပတ် တနင်္လာနေ့ကို Martin Luther King နေ့အဖြစ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။
အီလိုင်ဇာ ဗာနီ ဟာ မြန်မာ-အမေရိကန် လူမှုအသိုင်းအဝိုင်း အင်စတီကျူ - BACI ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး လက်ရှိ မှာ အမှုဆောင်ဒါရိုက်တာ တာ၀န်ယူထားသူဖြစ်ပါတယ်။
ဒီဆုရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်လို့ အီလိုင်ဇာ ဗာနီ က ဗွီအိုအေနဲ့နဲ့တွေ့ဆုံမေးမြန်းရာမှာ ပြောသွားပါတယ်။
မာတင်လူသာကင်း နိုဗယ်ငြိမ်းချမ်းရေးဆုရချိန်မှာ သူပြောသွားတဲ့ အချက်တွေကြောင့်ရရှိတာဖြစ်ပြီး BACI မှာ ရှိနေသူတွေ အားလုံး ပူးပေါင်းပါဝင်တာကြောင့် ရရှိခဲ့တာဖြစ်ကြောင်းနဲ့ မြန်မာတနိုင်ငံလုံးကို အသိအမှတ်ပြုတယ်လို့ အီလိုင်ဇာ ဗာနီ က အသိပေးထားပါတယ်။
အီလိုင်ဇာ ဗာနီ ဟာ ဒီမိုကရေစီအရေး၊ လူအခွင့်ရေးတွေအတွက် ကြိုပမ်းဆောင်ရွက်နေသူတဦးဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းခြေချ နေထိုင်သူတွေအရေး စွမ်စမ်းတမံဆောင်ရွက်နေသူတဦးလို့ သိရပါတယ်။
========================
📌📌 ၂။ ရွှေသောင်ယံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသနေသူတွေ တိမ်းရှောင်နေရ
ဇန်နဝါရီလ ၁၈ရက်
ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသနေ ပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွှေသောင်ယံမြို့နယ်ခွဲတကြောမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က တပ်ဖွဲ့ဝင်တွေ ပြန်ဆုတ်လာတာကို AA နဲ့ မဟာမိတ်တပ် တွေလို့ယူဆပြီး ဘောမိရွာအောက်ဖက်မှာရှိတဲ့ ရွှေသောင်ယံ တပ်ရိပ်သာ ၊ဝက်သေ၊ တပင်မော်နဲ့ သပေါ့ကန်ဘက်မှာ တပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်သားတွေက ဘောမိရွာအထက်ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ တွေ ညအချိန်မတော် ပြုလုပ်နေတဲ့အတွက် ဒေသနေပြည်သူတွေဟာ သပေါ့ကန်-အုန်းချောင်း-ရွှေသောင်ယံရပ်ကွက်တွေ ဘက် ခေတ္တခဏ ပြောင်းရွေ့နေထိုင်ကြရတယ်လို့ ပုသိမ် သတင်းအထူးတပ်ဖွဲ့က အသိပေးပါတယ်။
ဂွမြို့နယ်အစပ်မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေ အမိန့်မရဘဲ တပ်ဆုတ်တာ၊ ထွက်ပြေးတာ၊ တပ်ဖွဲ့အချင်းချင်း ထိတွေ့မှု ဖြစ်တာတွေ ယခုရက်ပိုင်း မကြာခဏဖြစ်နေတာကြောင့် စစ်တပ်ဟာ ဖရိုဖရဲဖြစ်နေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် လေကြောင်းပစ်ကူတောင်းတဲ့အတွက် ဘောမိရွာအထက်က ချောင်းဖျားကို ဗုံးကြဲတာကြောင့် ပြည်သူပိုင်အိမ်တွေ နဲ့ စစ်တပ်တပ်စွဲနေတဲ့နေရာတွေ ပျက်စီးခဲ့ပြီး ဒဏ်ရာရစစ်သားတွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ အမှတ် ၄ စစ်မြေပြင်ဆေးတပ်ရင်းကို ဘုန်းကြီးကား၊ အရပ်ဘက်သုံး လူနာတင်ကား၊ ဝါးကားတွေနဲ့ ပို့ဆောင်နေတယ်လို့ အသိပေး ပါတယ်။
အခြာစစ်ရေးသတင်းရင်းမြစ်တဦးကတော့ တိုက်ပွဲတွေ ရက်အနည်းငယ်ငြိမ်သက်ခဲ့ပေမယ့် ဇန်နဝါရီ ၁၆ ရက် ညနက်ပိုင်း ကစပြီး ဘောမိကျေးရွာအနီးမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ခုခံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဒေသနေပြည်သူတွေ ရွှေသောင်ယံမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေကြတာလို့ ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းအခြေအနေကတော့ ပုသိမ်-မကျီးဇင်-သာပေါင်းလမ်းပိုင်းဟာ ပုံမှန်အနေအထားအတိုင်း အရပ်သားပြည်သူတွေ သွားလာနေကြပေမယ့် ကျားခေါင်း၊ သစ်ဖြူ၊ သဲဖြူဘက်မှာ စစ်တပ်ကနေထွက်ပြေးတဲ့သူ များနေတဲ့အတွက် ဝါးတင်ကားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဓိကထားစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီလဆန်းပိုင်းက ဂွနဲ့ ရွှေသောင်ယံ နယ်စပ်အနီးမှာရှိတဲ့ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းနဲ့ မကျီးဇင် ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းရော ရေတပ်ကပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ဂွမြို့နယ်ကို ရခိုင့်တပ်တော် AA က သိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီဟာ ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ စစ်အင်အားတိုးချဲ့ပြီး ခံစစ်ပြင်ထား တယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
========================
📌📌 ၃။ တရုတ်ကျားဖြန့်တားဆီးနှိမ်နင်းရေး မဲဆောက်ဒေသတာဝန်ရှိသူတွေနဲ့ ထိုင်း ဒုရဲချုပ်တို့ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၁၈ရက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီဒေသက တရုတ်ကျားဖြန့်ဂိုဏ်းတွေကို တားဆီးနှိမ်နင်းဖို့ မဲဆောက်မြို့မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမမှာ မနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ဆွေးနွေးပွဲသို့ ထိုင်းဒု/ရဲချုပ် ထပ်ချိုင် ပိတနီလဘွတ်နဲ့ ထိုင်းနိုင်ငံ တာ့က်ခရိုင် မဲဆောက်ဒေသတာဝန်ရှိသူတွေ တက်ရောက် ခဲ့ကြပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ လူကုန်ကူးမှုတွေနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တားဆီးနှိမ်နင်းမယ့် ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျောက်နဲ့ ထိုင်းနိုင်ငံ မဲဆောက်ဒေသကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွား တွေကို တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်စစ်ဆေးဖို့၊ စစ်ဆေးမှုတွေလုပ်တဲ့အခါ မသင်္ကာဖွယ်ရာတွေ့ရင် သက်ဆိုင်ရာ သံရုံး ကို သတင်းပို့ဖို့ အပါအဝင် ၎င်းတို့လုံခြုံရေးကိုလည်း အထူးတာဝန်ယူပေးဖို့ ထိုင်း ဒုရဲချုပ်က ပြောကြားခဲ့တယ်လို့ သိရပါ တယ်။
ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံ မြဝတီဘက်မှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင်တဦးကို ထိုင်းအာဏာပိုင် တွေ ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းက ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းမီဒီယာတွေမှာ အကျယ် တဝင့် ဖော်ပြခဲ့ကြပြီးနောက်ပိုင်း နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ လူကုန်ကူးမှုတွေနဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တားဆီးနှိမ်နင်းဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးစားလာတာပဲဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီဒေသမှာ လုံခြုံရေးတင်းကြပ်ထားပြီး ထိုင်းနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံ မြဝတီဘက်က ကျားဖြန့်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်တာမျိုး မလုပ်ကြဖို့ မဲဆောက်မြို့မှာ ထိုင်း-တရုတ်-အင်္ဂလိပ် ၃ ဘာသာနဲ့ သတိပေးဆိုင်းဘုတ်တွေ စိုက်ထူထားတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီ လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် အရပ်သား၃ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရ
ဇန်နဝါရီလ ၁၈ရက်
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းက စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၁၈ရက် မနက် ၇ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးကာ ၁ဝ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းရင်းဖြစ်တွေနဲ့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ဒါဟာ ကနဦးရရှိထားတဲ့သတင်းသာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်း ခမ်းပတ်မြို့တောင်ဘက် စော်ဘွားရေရှင်ကျေးရွာအနီးမှာဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒေသနေ ပြည်သူ ၃ ဦးသေဆုံးပြီး ၁ဝ ဦးခန့်ဒဏ်ရာရသွားတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တာဝန် ရှိသူတဦးက အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို အခုရက်ပိုင်းမှာ လေကြောင်း ကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ မြို့နယ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်နေတာ လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကိုင်းတိုင်းမှာ အစိုးရရုံးတွေဖွင့်မယ်လို့ပြောပြီး ရက်ပိုင်းမှာပဲ စစ်ကောင်စီက တမူးခရိုင်အတွင်းက ခမ်းပါတ်မြို့ကို ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အသက် ၃ နှစ်အရွယ်ကလေးငယ်တဦးပါဝင် အရပ်သား၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့သလို မော်လူးမြို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် အမျိုးသမီးတဦးအပါအဝင် ဒေသနေပြည်သူ ၃ ဦး သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဘက်က အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်တဲ့အတွက် လေကြောင်းပျံသန်းမှုဆိုင်ရော သတိပေး ချက်တွေကို ဖြန့်ဝေပေးကြဖို့ ပြည်သူလူထုက အချင်းချင်း သတိပေးပြောဆိုနေကြရပါတယ်။
========================
🚩🚩 ၂။ ညောင်ရွှေမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
ဇန်နဝါရီလ ၁၈ရက်
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသ ရေပူကျေးရွာအုပ်စုက ဘုရားတောင်ကျေးရွာမှာ စစ်တပ်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တဦးအပါအဝင် စစ်ရှောင် အရပ်သားပြည်သူ ၄ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၁၇ နေ့လယ် ၁ နာရီခန့်မှာ ဘီးလူးချောင်း အနောက်ဘက်ကနေပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဘုရားတောင်ကျေးရွာ ဘုန်းကြီးကျောင်းနားက စစ်ဘေးရှောင်တွေရှိတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေ သေဆုံးဒဏ်ရာရသွားတာလို့ သတင်းရင်းမြစ်တွေရဲ့အဆိုကို ကိုကားပြီး ဒေသတွင်းသတင်တွေကို ဖော်ပြနေတဲ့ KSSM က ဖော်ပြပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲချိန်ဟာ ကျေးရွာအနီးတဝိုက် တိုက်ပွဲဖြစ်တာမျိုးမရှိတဲ့အတွက် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်လိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အခုလို အရပ်သားပြည်သူတွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ဗုံးကြဲတာတွေဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့မဆို အရပ်သားပြည်သူများရှိတဲ့နေရာ ၊ ဆေးရုံ ၊ စာသင်ကျောင်းနဲ့ ဘာသာရေးကျောင်းဆောင်တွေကို စစ်ရေးအရ အကာအကွယ်ယူ အသုံးပြုတာတွေ လုံးဝ မလုပ်ရဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်နေသူ ဦးဇော်ဆန်က မှတ်ချက်ပြုထားပါတယ်။
ဘုရားတောင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ စစ်ဘေးရှောင် ပြည်သူ တွေဟာ ရေပူကျေးရွာက အရပ်သားပြည်သူတွေဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလအတွင်းကဖြစ်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်လာကြသူတွေလို့ သိရပါတယ်။
========================
🚩🚩 ၃။ မုံရွာ- မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ၄ ဦးထက်မနည်း သေဆုံး
ဇန်နဝါရီလ ၁၈ရက်
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းတနေရာက ပြည်သူပိုင်အဆောက်အအုံတလုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်မှုနဲ့ လုံခြုံရေးယူနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်မှုတွေမှာ စစ်တပ် ဘက်က ၄ ဦးထက်မနည်းသေဆုံးပြီး အရာရှိအပါအဝင် ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းတနေရာက ပြည်သူပိုင်အဆောက်အအုံတလုံးမှာ ကင်းပုန်ဝပ်ဖို့ စစ်သား ၂ဦး ဒီနေ့ မနက် ၉ နာရီ ကျော်အချိန်မှာ ရောက်ရှိလာခဲ့ပြီး ၅ မိနစ်ခန့်အကြာတွင် ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
နောက်ထပ် ၃ မိနစ်ခန့်အကြာမှာ ချောင်းဦးမြို့တွင်းကနေ Faw ကား အဖြူ ၂စီးနဲ့ရောက်လာတဲ့ စစ်သားတွေ အဲဒီ အဆောက် အအုံရှေ့မှာရပ်ပြီး စစ်သားအချို့ အဆောက်အအုံထဲဝင်သွားပြီး အချို့ တဝက်အဆောက်အအုံရှေ့ရှိနေချိန်မှာ ပဒေသာ မိုင်းပွိုင့် ၄လုံံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားတွေအထိနာသွားတယ်လို့ အသိပေးပါတယ်။။
မိုင်းခွဲခံရတဲ့အဆောက်အအုံရှေ့မှာ ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်အထိ စစ်သားအလောင်း ၃ လောင်းရှိနေပြီး အဆောက် အအုံအတွင်းမှာလည်း အလောင်းတွေရှိနေသေးတယ်လို့ သတင်းရထားတဲ့အကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က မွန်းတည့် ၁၂ နာရီမှာ ပြောပါတယ်။
ဒဏ်ရာရသွားသူတွေကို ချောင်းဦးဆေးရုံကို ပို့ဆောင်ခဲ့ရာ ချောင်းဦးဆေးရုံမှာ ပြင်းထန်ဒဏ်ရာရတဲ့ စစ်သား ၁၀ ဦးခန့် ရောက်နေပြီး ၂ ပွင့်တင်ထားတဲ့ ဗိုလ်တဦးလည်းပါတယ်လို့ သိရပါတယ်။
မိုင်းခွဲတိုက်ခိုက်ပြီးချိန်မှာ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုသယ်နိုင်ရေး လုံခြုံရေးယူဖို့ထွက်လာတဲ့ စစ်သား ၅ ဦးကို ပြည်သူ့ကာကွယ်ရေးရေးဘော်တွေ ခြုံခိုတိုက်ခိုက်ရာက ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားတဦး ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၄ ကရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။
အဲဒီ တိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံး ဒဏ်ရာရမှုများသွားတဲ့အတွက် ရန်သူအကြမ်းဖက်စစ်တပ်ဘက်က တစုံံတရာတုံ့ပြန် လာနိုင်တဲ့အတွက် မုံရွာ-မန္တလေးမကြီးကို အသုံးပြုနေကြတဲ့ အရပ်သားပြည်သူတွေ သတိထားသွားလာကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ မုံရွာအခြေစိုက် နမခဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ထပ်မံပစ်ခတ်ရာမှာ အရာရှိအပါအဝင် ၁၅ ဦး သေဆုံး
ဇန်နဝါရီလ ၁၈ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခကို ရှော့တိုက်ဒုံးတွေနဲ့ ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာမှာ အရာရှိအပါအဝင် ၁၅ ဦး သေဆုံးသွားတယ်လို့ Chindwin Rocket Brothers -CRB တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
"ရမခ စစ်ရှုံးပြေး နမခရောက် အရှုံးသမား တိုင်းမှူးဝက်ဘီလူးမျိုးမင်းထွေးအား ဧည့်ခံကြိုဆို” ဆိုတဲ့ စစ်ဆင်ရေးအဖြစ် CRB နဲ့ မဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီ ၄၇ မိနစ်ခန့်မှာ တိုက်ခိုက်ခဲ့တာကို မနေ့ ဇန်နဝါရီ ၁၇ ရက်မှာ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံးဝင်းအတွင်းမှာရှိတဲ့ တိုင်းရုံးကြီး၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွေး အိမ်ယာဝန်း၊ အရာရှိကြီး နေအိမ် ၇ လုံးတန်းဝင်း၊ ငွေစာရင်းရုံးအနီး၊ စစ်ရေးပြကွင်း၊ ဇေယျာသီရိခန်းမ၊ ရိက္ခာဖြန့်ဝေဌာန၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံ၊ ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်၊ Nora B-52 155mm ယာဥ်တင်အမြောက်ထားရာ မော်တော်ယာဥ်ရုံနဲ့ စစ်သည်နေအိမ် ၆ ခန်းတွဲအနီး စတဲ့နေရာတွေမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အဆရ-၁၂ က ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ၆ ဦးနဲ့ တိုင်းစစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ကောင်းခန့်ဇော် ၊ တပ်ကြပ်ကြီးတဦးအပါအဝင် ၅ ဦး စုစုပေါင်း ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ မီးလောင်ဒဏ်ရာနဲ့ ပြင်းထန် ဒဏ်ရာရသွားတဲ့ စစ်သားတွေကို တပ်မတော်ဆေးရုံ ၄/၃၀၀ နဲ့ မုံရွာပြည်သူ့ဆေးရုံကြီးတို့ကို ညတွင်းချင်း ပို့ဆောင်ခဲ့ရာမှာ ၄ ဦး ထပ်မံ သေဆုံးသွားတယ်လို့ အသိပေးပါတယ်။
ထိခိုက်ပျက်စီးမှုအနေနဲ့ အမှတ် - ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း စစ်သည်ရိပ်သာဆောင်တဆောင်ပြိုသွားတဲ့အပြင် အမှတ် - ၇ စစ်မြေပြင်ဆေးတပ်ရင်းက စစ်သည်လူပျိုဆောင်၊ အမှတ် - ၆ လျှပ်စစ်နှင့်စက်မှုအင်ဂျင် နီယာတပ်ရင်း စစ်သည်ရိပ်သာဆောင် အမိုးပွင့်၊ အမှတ် - ၉၂၉ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း ဆန်ပဲဂိုထောင်၊ နမခတပ်နယ် မြောက်ဘက် ၁၂၀ မမ အထိုင်ကာကင်းစခန်းတို့ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အောင်မြင်စွာတိုက်ခိုက်နိုင်ဖို့ ကူညီပေးတဲ့ လေကြောင်းရန်နှင့် လက်နက်ကြီးရန်ကာကွယ်ပေးတဲ့ NAS-နပ်စ် လေကြောင်းရန်နှင့် ရင်းမြစ်ဌာနေကို အထူးကျေးဇူးတင်တယ်လို့လည်း CRB အဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင်-Chindwin Rocket Brothers - C.R.B က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေ ဖြစ်တဲ့ Anonymous Heroes၊ ချိုမိုင်မိုင် (ကနီ)၊ Advance-47၊Chindwin Brothers၊ ဗိုလ်မုတ်ဆိတ်အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ချင်းတွင်းရော့ကတ်ညီနောင် CRB အနေနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ဇန်နဝါရီ ၄ ရက်ကနေ အခု ၂၀၂၅ ဇန်နဝါရီ ၁၄ ရက်ထိ တနှစ်အတွင်း ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီစစ်ဆင်ရေးလုပ်ဆောင်နိုင်ဖို့ အချိန်တလကျော်ကြာပြင်ဆင်ခဲ့ရပြီး ထုတ်လုပ်ရေးကုန်ကျစရိတ်အနေနဲ့ ကျပ်သိန်း ၁၅၀ ကျော်အသုံပြုခဲ့ရတဲ့အတွက် ပြည်တွင်း၊ပြည်ပ ထောက်ပို့အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ ချင်းတွင်းရော့ကတ် ညီနောင် CRB က တောင်းဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment