၂၀၂၅ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်Marco Rubio အတည်ပြုခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား
📌 ၂။ တိုင်းရင်းသားမဟာမိတ်များ အပါအဝင် တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပြီး ၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပြောကြား
📌 ၃။ ရန်ပုံငွေအတွက် ထုတ်လုပ်နေပြီဖြစ်တဲ့ စစ်ရှောင်စခန်းတစ်ခုမှ ဖယောင်းတိုင်များ ဝယ်ယူအားပေးကြရန် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း
📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၉၀) ဦး ရှိခဲ့ပြီဖြစ်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ NUGကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စအား အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်လုပ်ဆောင်နေတယ်လို့အသိပေး
🚩 ၂။ "မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ
🚩 ၃။ ထီးချိုင့်ကို စစ်ကောင်စီဗုံးကြဲ၊ ကလေးငယ်တစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရ
🚩 ၄။ လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဖမ်းဆီး
🚩 ၅။ ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်ကောင်စီ နှင့် AA တိုက်ပွဲများ ပြင်းထန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်Marco Rubio အတည်ပြုခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား
ဇန်နဝါရီ၂၁ရက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်Marco Rubio အတည်ပြုခံရမှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဇန်နဝါရီ၂၁ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရေးသားပြောကြားထားပါတယ်။
"နိုင်ငံခြားရေးဝန်ကြီးအဖြစ် တညီတညွတ်တည်း အတည်ပြုလိုက်တဲ့အပေါ် နွေးထွေးစွာ ဂုဏ်ပြုလိုပါတယ်။ မင်းရဲ့ခေါင်းဆောင်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုအတွက် အပ်နှံမှုက ချီးကျူးစရာဖြစ်ပြီး မင်းရဲ့အခန်းကဏ္ဍအသစ်မှာ သံခင်းတမန်ခင်းနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာတဲ့ကတိကဝတ်တွေ ယူဆောင်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်"လို့ပြောပါတယ်။
အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရန့်ဟာဇန်နဝါရီ၂၀ရက်နေ့မှာကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နိုင်ငံခြားရေးအပါအဝင်အစိုးသစ်လုပ်ငန်းများမကြာမီစတင်ဆောင်ရွက်ဖွယ်ရှိနေပါတယ်။
========================
📌📌 ၂။ တိုင်းရင်းသားမဟာမိတ်များ အပါအဝင် တော်လှန်ရေးအင်အားစုများနဲ့ လက်တွဲပြီး ၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပြောကြား
ဇန်နဝါရီ၂၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားမဟာမိတ်များ အပါအဝင် တော်လှန်ရေးအင်အားစုများ နဲ့လက်တွဲပြီး ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောကြား လိုက်ပါတယ်။
“ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်” ကို ဒီနေ့မှာ ထုတ်လွှင့်ခဲ့ရာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
“ မြန်မာနိုင်ငံမှာ လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့လုပ်ရပ်တွေတားဆီးဖို့၊ အရပ်သားများ သတ်ဖြတ်ခံ နေရမှုများ အဆုံးသတ်နိုင်ဖို့၊ ကျားဖြန့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံစီးပွား ရေးပြန်တည်ဆောက်ပြီး အကျပ်အတည်းများမှ ပြည်သူလူထု လွတ်မြောက်နိုင်ဖို့ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားမဟာမိတ်များ အပါအဝင် တော်လှန်ရေးအင်အားစုများ နဲ့လက်တွဲပြီး ၂၀၂၅ခုနှစ်တွင် တော်လှန်ရေးအရှိန်မြှင့်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောကြား လိုက်တာပါ။
ဒါအပြင် ၂၀၂၅ ခုနှစ်မှာ စစ်ရေးပူးတွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာမှာ ဖြစ်တဲ့အပြင် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးသဘောတူညီမှုတွေကို မြင်တွေ့ကြရမှာဖြစ်တယ်လို့လည်း အသိပေးပြောကြားခဲ့ပါတယ်။
“စစ်ကောင်စီရဲ့ အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် နိုင်ငံတကာက စကစကို ငွေကြေးစီးဆင်းမှုရပ်တန်.ဖို့နဲ့ ပိုမိုထိရောက်တဲ့ အရေးယူမှုများ ပြုဖို့ လိုပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အကြမ်းဖက်စစ်အုပ်စု ကျဆုံးမှုကို ဘယ်သူကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး”လို့ ဦးကျော်ဇော်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်တွေကို တိုင်းရင်းသား မဟာမိတ် တွေနဲ့ ပူးတွဲတည်ဆောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။
“ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်အသစ် တည်ဆောက်ဖို့အတွက် တိုက်ပွဲဝင်နေတဲ့အချိန် အခုကတည်းက ဖက်ဒရယ်ပြည်ထောင်စုရဲ့ အုတ်မြစ်တွေကို တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူးတွဲ တည်ဆောက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနေကြတယ်ဆိုတာပါဘဲ။ မကြာသေးခင်ကပဲ ကျန်းမာရေး ဝန်ကြီးဌာနကနေ ဆရာဝန်နဲ့ ဝန်ထမ်းတွေကို ကရင်နီပြည်၊ ချင်းပြည်တို့မှာ တာဝန်ထမ်းဆောင်ဖို့ ခေါ်ယူ ခန့်ထားကာ ဒေသခံတွေကို ဝန်ဆောင်မှုပေးဖို့ အတူတကွ ဆောင်ရွက်နေကြပါတယ်။” လို့ ဦးကျော်ဇော်က ပြောပါတယ်။
မြန်မာပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှု၊ ရဲရင့်မှုတွေကြောင့် ပြည်သူ့တော်လှန်ရေးဟာ မလွဲမသွေ အောင်ပွဲခံမှာဖြစ်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲတဲ့ လွတ်လပ် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမယ့် မြန်မာနိုင်ငံကိုရရှိမှာဖြစ်တယ်လို့ ဦးကျော်ဇော်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသူများ အားလုံးကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမယ့်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ရန်ပုံငွေအတွက် ထုတ်လုပ်နေပြီဖြစ်တဲ့ စစ်ရှောင်စခန်းတစ်ခုမှ ဖယောင်းတိုင်များ ဝယ်ယူအားပေးကြရန် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တိုက်တွန်း
ဇန်နဝါရီ၂၁ရက်
ရန်ပုံငွေအတွက် ထုတ်လုပ်နေပြီဖြစ်တဲ့ စစ်ရှောင်စခန်းတစ်ခုမှ ဖယောင်းတိုင်များဝယ်ယူအားပေးကြရန် ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်မှ ဇန်နဝါရီ၂၁ရက်မှာ တိုက်တွန်းဆိုလိုက်ပါတယ်။
"ရန်ပုံငွေအတွက် ထုတ်လုပ်နေပြီဖြစ်တဲ့ စစ်ရှောင်စခန်းတစ်ခုမှ ဖယောင်းတိုင်လုပ်ငန်းကို ပြည်တွင်းပြည်ပစေတနာရှင်များကိုယ်စား Clean Yangon ရဲ့ လို တ ရ အစီအစဉ်အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ Clean Yangon page မှာ ဝင်ရောက် အားပေးလို့ရပါတယ်"လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးကို အထောက်အကူပြုရန်ရည်ရွယ်၍ တော်လှန်ရေးထုတ်ကုန်များကို တော်လှန်ရေးအင်အားစုများက ထုတ်လုပ်လျက်ရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၉၀) ဦး ရှိခဲ့ပြီဖြစ်
ဇန်နဝါရီလ ၂၀ ရက်၊
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၉၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPPက ဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၂၈၄) ဦးရှိပြီး ထိုအထဲမှ (၂၁၅၆၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၀၄၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် နွေဦးရွှေဝါနဲ့မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ NUGကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စအား အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်လုပ်ဆောင်နေတယ်လို့အသိပေး
ဇန်နဝါရီ၂၁ရက်
NUGကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စအား အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်လုပ်ဆောင်နေတယ်လို့ ဇန်နဝါရီ၂၁ရက်မှာ ကောလင်းခရိုင်၊တပ်ရင်း ၂က သတင်းထုတ်ပြန်ထားပါတယ်။
"ယခုအချိန်တွင် ကျွန်တော်တို့ ကောလင်းခရိုင်၊တပ်ရင်း၂ သည် စကစ အား တိုက်ခိုက်ခြင်းကိစ္စများ အပြင် ကာကွယ်ရေးဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် မူးယစ်ဆေးဝါးနှိမ်နှင်းရေးကိစ္စအား အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပီး အထက်ဌာနများ၏ တာဝန်ပေးချက်အရ ချိတ်ဆက်ဆောင်ရွက်ကာ မူးယစ်ဆေးဝါး သုံးစွဲ၊ကူးသန်း၊ရောင်းဝယ်၊ဖောက်ကား နေသူများကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်နှိမ်နှင်းလျှက် ရှိပါတယ်"လို့ဆိုပါတယ်။
ထိုကဲ့သို့ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ချိန်မှစ၍ မူးယစ်ကုန်သည်များဘက်မှနေ၍ မိမိတို့ကောလင်းခရိုင်၊ တပ်ရင်း၂ အား အဖက်ဖက်မှ မဟုတ်တမ်းစကားများဖြင့် တိုက်ခိုက်နေသည်ကိုလည်း တွေ့ရှိရတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ "မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ
ဇန်နဝါရီ၂၁ရက်
"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး"အတွက် ကျောင်းသားလက်ရုံးတပ်တော်(SAF)က ရဲဘော်သစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။
၂၀၂၅ခုနှစ်မှာ တောင်တန်းဒေသမှသည် မြေပြန့်ဒေသတွေဆီသို့ တော်လှန်စစ်ကို ဝတ်မှုန်ကူး သယ်ဆောင်လာရမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ ယူဆတာကြောင့် တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး နိုင်ငံတော်သစ်အတွက် လက်တွဲတိုက်ပွဲမယ့် ရဲဘော်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဝင်ရောက်လိုတဲ့ ရဲဘော်တွေ အနေနဲ့ အဖိနှိပ်ခံလူထုလွတ်မြောက်ရေး နဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အမိန့်ပေးကွပ်ကဲမှု နဲ့ ဆင့်ကဲအုပ်ချုပ်မှု သဘောတရားကို လက်ခံပြီး စစ်ပုံကျ၍ အမိန်နာခံမှု အားကောင်းတဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် SAF နဲ့အတူ လက်တွဲတိုက်ပွဲဝင်ဖို့ ကျောင်းသားရဲဘော်တွေ သာမက လူတန်းစား အလွှာအသီးသီးမှ အမှန်တရားအတွက် တိုက်ပွဲဝင်လိုတဲ့ ကျောင်းသားစိတ်ဓာတ်ရှိသူ မည်သူမဆို တပ်တော်ကို ဝင်ရောက်အမှုထမ်းကြဖို့ တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ထီးချိုင့်ကို စစ်ကောင်စီဗုံးကြဲ၊ ကလေးငယ်တစ်ဦး သေဆုံးပြီး တဦးဒဏ်ရာရ
ဇန်နဝါရီ၂၁ရက်
ထီးချိုင့်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တုံလုံရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး တဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသခံအချို့ကပြောပါတယ်။
တုံလုံရွာကို ဇန်နဝါရီလ၂၀ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်သည်ဟု ထီးချိုင့်မြို့မှစစ်ဘေးရှောင်လာသူတဦးက ပြောပါတယ်။
"အခြေအနေတွေက ငြိမ်သက်နေတာပါ။ တိုက်ပွဲရော စစ်ရေးလှုပ်ရှားမှုရောဘာမှမရှိပါဘူးလို့လည်း သိရပါတယ်။ တုံလုံရွာထဲက အိမ်တည့်တည့်ကို ဗုံးကြဲတာပါ" ဟု အဆိုပါ စစ်ရှောင်ကပြောပါတယ်။
ထီးချိုင့်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက၂၀၂၃ ခုနှစ်မှစ၍ တိုက်ခိုက်ခဲ့ပြီး အပြီးသတ်သိမ်းယူနိုင်ခြင်းမရှိသေးသို့သော် တရုတ်အစိုးရရင်းနှီးမြုပ်နှံထားသည့် တကောင်းနီကယ်စက်ရုံရှိသော ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို ကာကွယ်ရေးတပ်များက သိမ်းယူခဲ့ပြီး မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန် ကြေညာခဲ့သည်။။စစ်ကောင်စီသည် ဇန်နဝါရီ ၂၀ ရက်နေ့ညကလည်း စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
========================
🚩🚩 ၄။ လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဖမ်းဆီး
ဇန်နဝါရီ ၂၁ RadioNUG
ဇန်နဝါရီလ ၂၁ ရက် ညနေ (၃)နာရီခန့်တွင် ကထောင်းနီကျေးရွာ၌ နတ်ပွဲအကြောင်းပြကာ သီးခြားပြုလုပ်နေသည့် လောင်းကစားဝိုင်းအား လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူများနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကစားငွေကြေးများအား သိမ်းဆည်းရမိမှုအပြင် သီးခြားဒဏ်ကြေးငွေပေးဆောင်စေပြီး နောက်နောင် လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ ပါ၀င်ကစားခြင်းများမပြုလုပ်ရန် ခံ၀န်ကတိပြုလက်မှတ်ရေးထိုးစေကာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းများ လုံးဝ မပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ကာ နောက်ဆုံး သတိပေးထုတ်ပြန်စာဖြင့် စာအမှတ် -၁၃၉/၂၃ ၊ ထုတ်ပြန်ချက်အမှတ် ၁၀၆ ၊ ၁၃/၀၄/၂၀၂၃ ရက်စွဲဖြင့် လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းများဆက်လက်ပြုလုပ်နေမည် ဆိုပါက ပြင်းထန်းစွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လောင်းကစားဝိုင်းများ ဖမ်းဆီးရမိမှုမှ လောင်းကစားငွေ စုစုပေါင်း ၂၄,၂၈၅,၇၅၀ ကျပ် သိမ်းဆည်းရမိခဲ့ပြီး ၎င်းငွေကြေးများအား တော်လှန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၅။ ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်ကောင်စီ နှင့် AA တိုက်ပွဲများ ပြင်းထန်
ဇန်နဝါရီ ၂၁ RadioNUG
ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက်တွင် ရက္ခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း နှင့် ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရက္ခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း အာရက္ခတပ်တော်မှ သတင်းထုတ်ပြန်ပါတယ်။
အာရက္ခဒေသအတွင်း၌ အာရက္ခတပ်တော်မှ သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များထဲမှ စစ်တွေမြို့နှင့်အနီးတစ်ဝိုက်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို့ လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့ပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ နေ့လယ် (၁) နာရီ (၁၂) မိနစ်အချိန်တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီသည် စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး၌ အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ရန်သူ့ တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွားလျက်ရှိပါတယ်။
စစ်တပ်မှ AAတပ်ဖွဲ့ဝင်များရှိရာနေရာသို့ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်ပြီး တစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ရန်သူ့အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကာ ရန်သူသုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရက္ခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့် (၃၆၉) ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက်နွေဦးရွှေဝါ၊မင်းသီဟန်နဲ့ ခါးရှယ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment