အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့စီးပွာရေး အနုတ်လက္ခဏာအောက် ရောက်လာပြီး လက်လီဈေးကွက်ရဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေကို လက်လှမ်းမမီတော့လောက်အောင် ဖြစ်လာ
Radio NUG (ဇန်နဝါရီ ၂၁)
မြန်မာ့စီးပွားရေးဟာ အနုတ်လက္ခဏာအောက် ကျဆင်းဦးမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားခဲ့သလို ဝင်ငွေနည်းလာတဲ့ မြန်မာပြည်သူတွေဟာ အမြတ်အစွန်း အဆင့်ဆင့် တင်ထားတဲ့ အိမ်နားက လက်လီဈေးတွေမှာ မဝယ်နိုင်ကြတော့ဘဲ အဝေးက လက်ကားဈေးကွက်တွေဆီမှာ သွားရောက်ဝယ်ယူလာကြရပါတယ်။ ဒီအခြေအနေကို အိမ်နားက လက်လီဈေးမှာ ဈေးဝယ်ရာကနေ ရွှေပိတောက်လက်ကားငါးဈေးမှာ ဈေးလာဝယ်သူ အမျိုးသမီးငယ်တစ်ဦးက အခုလို ပြောပါတယ်။
“ဘာကြောင့် လာဝယ်ဖြစ်တာလဲဆိုတော့ ဈေးကလည်း တအားကွာတယ်လေ။ ဒီမှာ လာဝယ်တာကျတော့ ဈေးတအားကွာတော့ ညီမတို့အနေနဲ့လည်း ဒီမှာပဲ လာဝယ်လိုက်တာပေါ့။ ဈေးတွေက ထင်တာပေါ့ အစ်မရယ်။ တစ်ခါခါ စားရဖို့က မလွယ်ဘူး။ လက်လုပ်လက်စားသမားတွေက ပိုဆိုးတာပေါ့။ မလွယ်ဘူး။ နည်းနည်း အလုပ်ပုံမှန်ရှိတဲ့သူက တော်သေးတာပေါ့။ လက်လုပ်လက်စားသမားတွေက အဆင်မပြေဘူးပေါ့နော်”
လက်ကားဈေးကြီးတွေနဲ့ ရပ်ကွက်ထဲက လက်လီဈေးတွေရဲ့ ဈေးနှုန်းကွာခြားချက်က ထက်ဝက်နီးပါး ကွာခြားလေ့ရှိပေမယ့် အခုလို ငွေကြေးဖောင်းပွလာပြီး ဝင်ငွေကျဆင်းချိန်မှာ လက်လီဈေးကွက်ရဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေက အများပြည်သူအတွက် လက်လှမ်းမမီနိုင်တော့တဲ့အထိ သိသာလာစေပါတယ်။ ဒါကြောင့် ရပ်ကွက်ဈေးတွေကို ကျော်လွန်ပြီး အဝေးက လက္ကားဈေးတွေက ကားအဆင့်ဆင့် စီးပြီး လာရောက်ဝယ်ယူလာကြရတာ ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်ကနေ လှိုင်မြို့နယ်၊ ပိတောက်ချောင်းအနီးက ရွှေပိတောက်ငါးဈေးမှာ ဈေးလာဝယ်သူ အမျိုးသမီးကြီးတစ်ဦးက အဝေးက ဈေးကို လာဝယ်ရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“ကွာတာပေါ့ကွယ်။ ဘယ့်နှယ်ပြောလဲ၊ ဒီဈေးကျတော့ နည်းနည်းသက်သာတာပေါ့။ ဟိုဈေးမှာ ကျတော့ ဒါတွေဆို ၇၀၀ ဈေးလောက် ရှိတယ်။ ဒါပေမဲ့ ဒီမှာကျတော့ ၂၀၀၀ ပဲ ကွာတာပါ။ ဒီမှာက ၅၀၀ ဈေး။ ချွေတာပြီးတော့ စားနေရတာပေါ့။ မိသားစုတွေ များတော့ ဝင်ငွေနဲ့ စစ်စစ်ပို့ပို့ပဲ စားနေရတာပေါ့။ ဒီကာလကြီးမှာ။ ချွေချွေတာတာလေးနဲ့ စားနေရတာပေါ့။ ကိုယ်တွေက မုဆိုးမတွေဆို တော့ ပိုဆိုးတယ်။ အလုပ်မရှိ၊ အကိုင်မရှိ သားသမီးရဲ့ လုပ်စာလေးတွေနဲ့ ချွေတာပြီး စားနေရတာပေါ့”
လက်ကားဈေးကြီးအတွင်း လက်လီ စားသုံးသူတွေ လာရောက်ဝယ်ယူသူ များပြားလာသည့်အလျောက် ငါးအတင်အချ ပြုလုပ်သူ ငါးလုပ်သားတွေက အားလပ်ချိန်မှာ လက်လီဝယ်ယူသူတွေအတွက် အခကြေးငွေယူပြီး ငါးခုတ်ပေးတဲ့ ဝန်ဆောင်မှုတွေ လုပ်ကိုင်လာကြပါတယ်။ ငါးခုတ်ပေးသူ လုပ်သားတစ်ဦးက အခုလို ပြောပါတယ်။
“ရပ်ကွက်ဈေးတွေမှာ ဝယ်ရတာ မတန်တော့ ဒီမှာပဲ လာဝယ်ကြတော့ ကျွန်တော်တို့လည်း အလုပ်လေးလည်း ရတာပေါ့နော်။”
ရန်ကုန်မြစ်ဘေးတလျှောက်မှာရှိတဲ့ ကြည့်မြင်တိုင်နဲ့ ရွှေပိတောက်ငါးဈေးကြီးတွေက မြန်မာနိုင်ငံရဲ့ အကြီးဆုံး ငါးဈေးကွက်တွေ ဖြစ်ပြီး ပဲခူး၊ ဧရာဝတီနဲ့ အခြားအနယ်နယ်အရပ်ရပ်က ရေချို၊ ရေငန်၊ ပင်လယ်ငါးအစုံဝင် ရောက်လေ့ရှိပြီး အမည်တစ်မျိုးကို တစ်ပိဿာကစလို့ ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ လက်ရှိ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ငါးကြင်းတစ်ပိဿာ တစ်သောင်းနှစ်ထောင်၊ ငါးသလောက် အကောင်ကြီး တစ်ပိဿာ နှစ်သောင်း သုံးထောင်၊ ငါးတန် တစ်ပိဿာ ခုနစ်ထောင်၊ ငါးပုတ်သင် တစ်ပိဿာ ငါးထောင်၊ ပုစွန်သေးခေါင်းချွတ် တစ်ပိဿာ ၁၂၀၀၀၊ ရေဘဝဲ တစ်ပိဿာ သုံးသောင်း၊ ငါးခူတစ်ပိဿာ တစ်သောင်းလေးထောင် စသဖြင့် ပေါက်ဈေးရှိနေတာ ဖြစ်ပါတယ်။ လက်လီဈေးတွေမှာတော့ အများစု စားသုံးကြတဲ့ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခူ စတဲ့ ငါးတွေမှာ လက်ကားဈေးထက် ဈေးက ထက်ဝက်လောက်များနေတဲ့အပြင် အလေးခိုးတာ စတဲ့ နှစ်ပေါင်းများစွာ အလေးချိန်ခွင်၊ ဈေးနှုန်းနဲ့ အရည်အသွေး စနစ်တကျ မသတ်မှတ်နိုင်ခဲ့တဲ့ အကျိုးတွေကို အများပြည်သူတွေမှာ စုပြုံပြီး ခံစားနေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်မြိုက ရွှေပိတောက် လက္ကားငါးဈေးကြီးအတွင်း လက်လီ လာရောက်ဝယ်ယူသူများအားတွေ့ရစဥ်... (Photo)
No comments:
Post a Comment