၂၀၂၅ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိ
📌 ၂။ BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း
📌 ၃။ လန်ဒန်တွင် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၉ နှစ်မြောက် အခမ်းအနား ယူကေရောက် တိုင်းရင်းသားများ စုပေါင်း၍ ကျင်းပ
📌 ၄။ ဆန်ဖရန်စစ္စကို၊ ဗေးလ်ဧရိယာတွင် ဧရာဝတီတိုင်း ဗျုဟာ ၂၉ အတွက် ရန်ပုံငွေစျေးရောင်းပွဲ ကျင်းပ
📌 ၅။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ မြသွဲ့သွဲ့ခိုင် နဲ့ အာဇာနည်များအတွက် နွေဦးဆုတောင်းပွဲ ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဘုရားသုံးဆူ မြို့အတွင်းက ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးတွေ အားလုံး ထွက်သွားကြဖို့ DKBA အမိန့်ထုတ်
🚩 ၂။ စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီးစဉ် ငြင်းဆန်ထွက်ပြေးသူကို စစ်သားများက ဝိုင်းရိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရပြီး အသက်အန္တရာယ် စိုးရိမ်ရ
🚩 ၃။ သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် တိုက်ခိုက်
🚩 ၄။ ဒီမောဆိုနဲ့ တောင်ကုတ်မှာ စစ်ကောင်စီ လက်နက်ကြီးနဲ့ မြေမြှပ်မိုင်းတို့ကြောင့် ကလေးတစ်ဦး နဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရ
🚩 ၅။ လယ်ဒို မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ
🚩 ၆။ ဘီးလင်း၊ တဂေးလောင်း ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၇။ မြင်းခြံ-တောင်သာ လမ်းပိုင်း အသုံးပြုမှုအား မတ်လ ၃၁ ရက်နေ့အထိ အသွားအလာမပြုလုပ်ရန် ကန့်သတ်
🚩 ၈။ ပြည်သူ့ရင်ခွင်ဌာနနှင့် ချိတ်ဆက်ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သား ၁ ဦးကို ဒက္ခိဏခရိုင် (ပကဖ) က ခေါ်ထုတ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိ
ဖေဖော်ဝါရီ ၉
Radio NUG
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၇၃)ဦး၊ ပြည်သူများ၏ ရွာနှင့်နေအိမ်များအား ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၂)ဦး နှင့် မြေမြှုပ်မိုင်းကြောင့် (၁) ဦး စုစုပေါင်း အမျိုးသမီး ၈၆ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် အမျိုးသမီးပေါင်း (၇၇)ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် (၄၂)ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၃၁)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၃)ဦးနှင့် အကြောင်းမဲ့ ရိုက်နှက်ခြင်းကြောင့် (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးများမှာ ရခိုင်ပြည်နယ်မှ (၃၉) ဦး၊ ရှမ်းပြည်နယ်မှ (၁၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁ဝ) ဦးတို့ ဖြစ်ကြပြီး ရခိုင်ပြည်နယ်သည် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလအတွင်း အမျိုးသမီး သေဆုံးမှု အများဆုံး တိုင်းဒေသကြီး ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ် တိုက်တွန်း
ဖေဖော်ဝါရီ ၉
Radio NUG
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူကို ထိုင်းအစိုးရက တရားစွဲဆို ဖမ်းဆီးအရေးယူရန် ထိုင်းလွှတ်တော်အမတ်၊ Move Forward ပါတီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Rangsiman Rome က ဖေဖော်ဝါရီလ ၉ရက်နေ့ လူမှုကွန်ယက်စာမျက်နှာမှာ တိုက်တွန်းပြောဆိုထားပါတယ်။
" အစိုးရအဖွဲ့များနှင့် ရဲတပ်ဖွဲ့များသည် စောချစ်သူကို ပြင်းထန်သော အရေးယူမှုများကို ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စောချစ်သူ၏ လှုပ်ရှားမှုအများစုသည် နိုင်ငံပြင်ပတွင် ဖြစ်ပွားခဲ့သော်လည်း ရလဒ်အကျိုးသက်ရောက်မှုများကို နိုင်ငံတွင်း ခံစားနေရကြောင်း၊ ငွေလိမ်ကျားဖျန့်ဂိုဏ်း ခေါင်းဆောင်အဖြစ် စောချစ်သူကို အရေးယူခြင်းသည် အကျိုးဆက်ရလဒ်ကောင်းများဖြစ်မည်ဟု ယူဆကြောင်း" ပြောဆိုထားပါတယ်။
လက်ရှိအချိန်တွင် စောချစ်သူကို ပြင်းပြင်းထန်ထန်အရေးယူရမည့် အချိန်ကျရောက်နေပြီ ဖြစ်ကြောင်း၊ စောချစ်သူတွင် ကျားဖြန့်လုပ်ငန်းများနှင့်ဆက်နွယ် ပါဝင်ပတ်သက်နေသော ထိုင်းအရာရှိ၊ ဝန်ထမ်းများ၏ လျှို့ဝှက်ချက်များကို ကိုင်ဆောင်ထားပြီး ငွေအမြောက်အများပေးထားတာကို သိထားကြောင်း၊ ၎င်းကို ဖမ်းဆီးပါက ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းနဲ့ ပစ်သလို ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်း ဆိုထားပါတယ်။
========================
📌📌 ၃။ လန်ဒန်တွင် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၉ နှစ်မြောက် အခမ်းအနား ယူကေရောက် တိုင်းရင်းသားများ စုပေါင်း၍ ကျင်းပ
ဖေဖော်ဝါရီ ၉
Radio NUG
ဖေဖော်ဝါရီလ ၈ ရက်နေ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၉ နှစ်မြောက် အခမ်းအနားကို ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားများ စုပေါင်း၍ ကျင်းပခဲ့ကြောင်း Click To Fight မှ သိရပါတယ်။
အဆိုပါ အခမ်းအနားကို ယူကေရောက်တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် Kim နှင့် ယူကေ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကိုတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တော်လှန်ရေးရန်ပုံငွေရှာဖွေပွဲအဖြစ် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခဲ့ကာ ရန်ပုံငွေများကို ပြည်တွင်းရှိ လိုအပ်သည့်နေရာများသို့ တိုက်ရိုက် ထောက်ပို့သွားမည်ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၄။ ဆန်ဖရန်စစ္စကို၊ ဗေးလ်ဧရိယာတွင် ဧရာဝတီတိုင်း ဗျုဟာ ၂၉ အတွက် ရန်ပုံငွေစျေးရောင်းပွဲ ကျင်းပ
ဖေဖော်ဝါရီ ၉
Radio NUG
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ ဧရာဝတီချစ်သူများက ဦးဆောင်၍ ခြေသံလုံလုံ နှင့် တည်ဆောက်နေသော ဧရာဝတီတိုင်း ဗျုဟာ ၂၉ ၏ အဘက်ဘက်မှ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် “အိမ်ပြန်မည့် လှိုင်း ဧရာတိုင်း” ရန်ပုံငွေစျေးရောင်းပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
ရန်ပုံငွေဈေးရောင်းပွဲကို ဆန်ဖရန်စစ္စဗေးဧရိယာရှိ နွေဦးအင်အားစုများ၊ မြန်မာပြည်ဖွား ထောက်ပို့ပြည်သူများ ပါဝင်ခဲ့ကြပြီး စျေးရောင်းပွဲနှင့် Zoom Meeting တို့မှ ရရှိလာသော ဒေါ်လာ ၉၀၀၀ ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ (နယက) ဦးဆောင်နေသော ဗျူဟာ၂၉ ကမ်ပိန်း ဘဏ္ဍာရေးကော်မတီထံသို့ တိုက်ရိုက် လှုဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ မြသွဲ့သွဲ့ခိုင် နဲ့ အာဇာနည်များအတွက် နွေဦးဆုတောင်းပွဲ ပြုလုပ်
ဖေဖော်ဝါရီ ၉
Radio NUG
ဖေဖော်ဝါရီလ ၈ရက်နေ့ ညနေပိုင်းတွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၊ အိမ်ဖြူတော်အနီး အီးလစ်ရင်ပြင် (သမ္မတပန်းခြံ)တွင် ဖေဖော်ဝါရီလ ၉ရက် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ မြသွဲ့သွဲ့ခိုင် ၄နှစ်ပြည့်နှင့် အာဇာနည်များအတွက် နွေဦးဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖေဖော်ဝါရီလ ၈ရက်နေ့ ညနေ ၄:၃၀ နာရီမှ ည ၇:၃၀နာရီအထိ နွေဦးတော်လှန်ရေးကို ဖြတ်သန်းနေကြတဲ့ မျိုးဆက်သစ် လူငယ်များ စုဝေးခဲ့ကြပြီး ဆီမီးထွန်းကာ ဆုတောင်းဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဘုရားသုံးဆူ မြို့အတွင်းက ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးတွေ အားလုံး ထွက်သွားကြဖို့ DKBA အမိန့်ထုတ်
ဖေဖော်ဝါရီ ၉ ရက်၊
Radio NUG
ထိုင်း-မြန်မာ နယ်စပ်က ဘုရားသုံးဆူမြို့မှာ ကာစီနို၊ လောင်းကစားနဲ့ ဂိမ်းရုံ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ တရုတ် လူမျိုးများ အားလုံး ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မြို့ထဲက ထွက်သွားကြဖို့ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) က ထုတ်ပြန်လိုက်ပါတယ်။
ထို့အပြင် တရုတ်လူမျိုးများ တရားမဝင် ထပ်မံ ဝင်ရောက်လာခြင်း မရှိဖို့ကိုလည်း ထိရောက်စွာ ပိတ်ပင်တားမြစ် သွားမယ်လို့ DKBA က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ကာ ကျားဖြန့် တိုက်ဖျက်ရေးအတွက် ဘုရားသုံးဆူ အပါအဝင် နယ်စပ် မြို့တွေကို ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့ လောင်စာဆီ တင်ပို့မှုတွေကို ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။
မြို့ခံတွေအနေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ဆက်စပ်တဲ့ လူမှုစီးပွားထိခိုက်နစ်နာမှုတွေကို ခံစားနေရတာကြောင့် DKBA အနေနဲ့ မြို့အတွင်းမှာ တရားမဝင် ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေ လာရောက်အခြေချ လုပ်ကိုင်ခြင်း မရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာက အာရုံမစိုက်ခင် အချိန်ထဲက DKBA ခေါင်းဆောင်တွေ ကိုယ်တိုင် ငွေကြေးရယူပြီး တရုတ် လူမျိုးတွေကို နေထိုင်ခွင့်၊ လုပ်ငန်း လုပ်ကိုင်ခွင့်တွေ ပေးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက ယုံကြည်နေကြပါတယ်။
========================
🚩🚩 ၂။ စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီးစဉ် ငြင်းဆန်ထွက်ပြေးသူကို စစ်သားများက ဝိုင်းရိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရပြီး အသက်အန္တရာယ် စိုးရိမ်ရ
ဖေဖော်ဝါရီ ၉ ရက်၊
Radio NUG
ပဲခူးတိုင်း၊ အုပ်ဖို့မြို့တွင် စစ်ကောင်စီက လူငယ်များကို စစ်မှုထမ်းဖို့ လာရောက်ဖမ်းဆီးစဉ်မှာ ငြင်းဆန်ထွက်ပြေးခဲ့သူကို စစ်သားများက သေနတ်ဒင်ဖြင့် ဝိုင်းရိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန်ရပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခန့်မှာ အုပ်ဖို့မြို့၊ ဓမ္မသီရိလမ်းမှာ နေထိုင်တဲ့ ကိုထွန်းထွန်းနိုင်ကို စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထိ ဝင်ရောက် ခေါ်ဆောင်ခဲ့ရာမှာ မလိုက်နိုင်ကြောင်း အော်ဟစ်ငြင်းဆန် ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဒင်ဖြင့် ဝိုင်းရိုက်ခဲ့တာလို့ ဆိုပါတယ်။
ရိုက်နှက်ခံရပြီး ခေါင်းကွဲနေတဲ့ ကိုထွန်းထွန်းနိုင်ကို စစ်ကောင်စီတပ်က ချုပ်နှောင်ဖမ်းဆီးသွားခဲ့ရာမှာ ခေါင်းကွဲ ဒဏ်ရာက သွေးမတိတ်ဘဲ သတိလစ်သွားတာကြောင့် အုပ်ဖိုမြို့ ဆေးရုံကို ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရပြီး ဒဏ်ရာပြင်းထန်ကာ သတိလစ်နေကြောင်းနဲ့ အသက် အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
သာယာဝတီခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က စစ်မှုထမ်း အပတ်စဉ် ၁၀ အတွက် လူမပြည်သေးတာကြောင့် နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးမှုများကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် တိုက်ခိုက်
ဖေဖော်ဝါရီ ၉
Radio NUG
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမြောက်တပ်ကို ပဲခူးခရိုင် အင်းတကော် (ပကဖ) ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဝေါ (ပကဖ) မှ တော်လှန်ရေးရဲဘော်များ ဦးဆောင်၍ အမှတ် ၃၁၀ အမြောက်တပ်ရင်းကို ၆၀ မမ စိန်ပြောင်း ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ ဒီမောဆိုနဲ့ တောင်ကုတ်မှာ စစ်ကောင်စီ လက်နက်ကြီးနဲ့ မြေမြှပ်မိုင်းတို့ကြောင့် ကလေးတစ်ဦး နဲ့ အမျိုးသား ၁ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၉ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဒီမော့ဆို အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်မှာ လူနေ အိမ်တွေနဲ့ ရေချောင်းအနီး လယ်ကွင်းထဲကို ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသား တစ်ဦးရဲ့ ခြေထောက်မှာ အစထိမှန် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာလည်း နေ့လည် ၁၂ နာရီ ၂၃ မိနစ်က စစ်ကောင်စီရဲ့ စစ်ကျန် ဗုံးသီး တစ်လုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့၊ သိမ်တောင် ရပ်ကွက်နေ အသက် (၆) နှစ် အရွယ် ကလေးငယ်တစ်ဦးဟာ ချောင်းကမ်းစပ်နားမှာ မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်ကျန်ဗုံးသီး တစ်လုံးကို ကောက်ယူကစားမိရာမှ လက်ကပြုတ်ကျပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါ ကလေးငယ်ရဲ့ ဘယ်ဖက် ခြေထောက်၊ ခြေမျက်စိ အထက်နဲ့ မေးရိုးတို့မှာ ဒဏ်ရာ ရသွားတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ လယ်ဒို မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ ၉ ရက်၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီ တပ်များက ပြည်သူလူထုကို ပစ်မှတ်ထားပြီး လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၅ ရက် နေ့လည် ၁၁ နာရီခွဲ အချိန်မှာ ပိန်းဇလုပ် အခြေစိုက် ခလရ - ၂၆၄ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ငဖယ်အင်း ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
ထို့နေ့ တနေ့ထဲမှာပဲ နေ့လည် ၁ နာရီနဲ့ ၂ နာရီ ၁၀ မိနစ် အချိန်မှာ ခလရ - ၂၆၄ တပ်ကနေ တောင်ခင်ကျေးရွာအတွင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး ညနေ ၅ နာရီ ၄၈ မိနစ် နဲ့ ၆ နာရီ ၁၃ မိနစ် တို့မှာ ကြိတ်ကွင်းကျေးရွာထဲကို ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ပါတယ်။
ထို့အပြင် ည ၈ နာရီ ၂၇ မိနစ်မှာလည်း ကညင်ကျွန်းကျေးရွာကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး နဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဆက်ထဲမှာ ဘုရားငုတ်တို ကျေးရွာကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ဘီးလင်း၊ တဂေးလောင်း ကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီ ၉ ရက်၊
Radio NUG
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကရင့်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်း (ထီးဆိဘော) ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံး ကျဲချခဲ့တာလို့ ဆိုပါတယ်။
တဂေးလောင်း ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ကာ ဘုရားစေတီနဲ့ သာသနာ အဆောက်အအုံများ အပါအဝင် အနီးနားက လူနေအိမ် ၁၇ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
တဂေးလောင်း ကျေးရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျေးရွာစာသင်ကျောင်းကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသလို ၂၀၂၄ ဧပြီလ ၂၈ ရက်နေ့ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
========================
🚩🚩 ၇။ မြင်းခြံ-တောင်သာ လမ်းပိုင်း အသုံးပြုမှုအား မတ်လ ၃၁ ရက်နေ့အထိ အသွားအလာမပြုလုပ်ရန် ကန့်သတ်
ဖေဖော်ဝါရီ ၉
Radio NUG
မြင်းခြံ-တောင်သာ လမ်းပိုင်းအသုံးပြု ပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ရက်နေ့မှ စတင်ကာ မတ်လ ၃၁ ရက်နေ့အထိ ည ၆း၀၀နာရီမှ နံနက် ၆း၀၀နာရီ ကာလအတွင်း သွားလာခြင်းမပြုလုပ်ကြပါရန် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)မှ သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးကာလ စစ်ရေးမြှင့်တင်ချိန်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြပါရန် တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ ပြည်သူ့ရင်ခွင်ဌာနနှင့် ချိတ်ဆက်ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သား ၁ ဦးကို ဒက္ခိဏခရိုင် (ပကဖ) က ခေါ်ထုတ်ခဲ့
ဖေဖော်ဝါရီ ၉ ရက်၊
Radio NUG
အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် ဌာနနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သား တစ်ဦးကို နေပြည်တော် ဒက္ခိဏခရိုင် ပကဖ အဖွဲ့က ခေါ်ထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဓမ္မ စစ်မှုထမ်း စုဆောင်းခံထားရတဲ့ ခမရ - ၅၁၀ တပ်ရင်းမှ စစ်မှုထမ်း သင်တန်းဆင်း တပ်သား ရန်နိုင်ကျော်ဆိုသူကို ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က သွားရောက်ခေါ်ထုတ် ပေးခဲ့တာလို့ ဆိုပါတယ်။
၎င်းတပ်သား ယူဆောင်လာတဲ့ MA1 သေနတ် ၁ လက်၊ ကျည်တောင့် ၉၀ နဲ့ ကျည်ဘောက် ၃ ခုတို့ကို တိုင်း/ခရိုင် ဦးဆောင်အဖွဲ့က လွှဲပြောင်းလက်ခံခဲ့ပြီး တပ်သားရဲ့ အချက်အလက်များကို စစ်ဆေးမေးမြန်း မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ အနေနဲ့ ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သားများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အသိပေးထားပြီး စစ်ကောင်စီ တပ်သားများ အနေဖြင့် အာဏာရှင် တစုရဲ့ အကျိုးအတွက် ဆောင်ရွက်နေခြင်းအား အမြန်ဆုံး စွန့်လွှတ်ပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။၏
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment