၂၀၂၅ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူထုတော်လှန်ရေးခရီး အောင်မြင်ဖို့ကလွဲပြီး အခြားဦးစားပေးလုပ်ငန်းမရှိကြောင်း ယာယီသမ္မတ ပြောကြား
📌 ၂။ အရပ်သားအုပ်ချုပ်ရေးစနစ်ပြန်ရရေး မြန်မာပြည်သူများကို ကူညီပေးကြဖို့ ကုလအကြီးအကဲ တောင်းဆို
📌 ၃။ အာဏာသိမ်း (၄) နှစ်ပြည့်နေ့မှာ စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး မြန်မာပြည်သူတွေနှင့်အတူ ရပ်တည်နေတယ်လို့ အမေရိကန်၊ ဗြိတိန်နှင့် EU အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြေညာ
📌 ၄။ Yale University မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်
📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်နှစ် မွေးနေ့ SUU 80 Birthday Campaign နှင့် အမှတ်တရပြက္ခဒိန် ထုတ်ဝေမည်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တပ်မတော်သားတွေနှင့် တိုင်းပြည်ချစ်စိတ်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ပြည်သူ့ဘက် မျက်နှာမူပြီး စစ်ကောင်စီကို ငြင်းဆန်ကြဖို့ ယာယီသမ္မတ တိုက်တွန်း
🚩 ၂။ ကလေးမြို့နယ်က ကျေးလက်ဆေးပေးခန်းနဲ့စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ (၉) ဦးသေဆုံးပြီး (၃၀) ခန့် ဒဏ်ရာရ
🚩 ၃။ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက်စက်ရုံကို (၄၀) မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်
🚩 ၄။ ကျဆုံးရဲဘော် (၁၃) ဦးရဲ့ မိဘတွေကို ငွေကြေးထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူထုတော်လှန်ရေးခရီး အောင်မြင်ဖို့ကလွဲပြီး အခြားဦးစားပေးလုပ်ငန်းမရှိကြောင်း ယာယီသမ္မတ ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် လူထုတော်လှန်ရေးခရီး အောင်မြင်ပေါက်မြောက်ဖို့ကလွဲပြီး အခြား ဦးစားပေး လုပ်ငန်းစဉ်မရှိဘူးဆိုတာ သိစေချင်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ (၁) ရက် ဒီနေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
(၂၀၂၁) စစ်တပ်အာဏာသိမ်းမှုကို သန်းနှင့်ချီတဲ့ ပြည်သူတွေ ခုခံဆန့်ကျင်ခဲ့ကြပြီး စစ်တပ်ရဲ့လုပ်ရပ်ကို အလိုမရှိဘူးဆိုတာ ကမ္ဘာကြီးသိစေဖို့ လက်တွေ့ပြသနိုင်ခဲ့သလို့ ပြည်သူလူထုရဲ့အားပေးထောက်ခံမှုနှင့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း စစ်ကောင်စီကို နိုင်ငံရေးနည်း၊ ခုခံတော်လှန်စစ်နည်းတွေနဲ့ အောင်မြင်စွာ တော်လှန်ဆန့်ကျင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
(၄) နှစ်အတွင်း မြန်မာ့နိုင်ငံရေးသမိုင်းမှာ အကျယ်ပြန့်ဆုံးနဲ့ အနက်ရှိုင်းဆုံးဖြစ်တဲ့ ခုခံတော်လှန်ရေးလှုပ်ရှားမှုတွေနှင့် ချီတက်နိုင်ခဲ့တာ လက်ရှိမှာဆိုရင် တော်လှန်ရေးအင်အားစုများတွေဟာ မြို့ပေါင်း (၁၄၀) ကျော်ကို ထိန်းချုပ်ကွပ်ကဲထားနိုင်ပြီ ဖြစ်ပေမယ့် ဒါဟာ ခရီးဆုံးပန်းတိုင်ရောက်တာ မဟုတ်သေးဘူးလို့ ယာယီသမ္မတက ပြောပါတယ်။
စစ်အာဏာရှင်စနစ် အဆုံးတိုင်ပြိုလဲချိန်အထိ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာ ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနှင့် တရားမျှတမှုအတွက် ပြည်သူတွေ ရုန်းကန်လှုပ်ရှားနေတာ (၁၉၈၈) ခုနှစ်ကတည်းကဖြစ်ပြီး ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်တွေမှာ မတရားမှုနှင့် အနိုင်ကျင့်၊ ဗိုလ်ကျ ခြယ်လှယ်နေတာတွေကို လူထုနည်း၊ နိုင်ငံရေးနည်းနှင့် တော်လှန် တိုက်ပွဲဝင်ခဲ့သလို လက်ရှိမှာလည်း ပြည်သူတွေရဲ့ ကြံ့ကြံ့ခိုင်နိုင်မှုကြောင့် စစ်အာဏာရှင်စနစ်တော်လှန်ရေးဟာ လေးနက် ကျယ်ပြန့်လာတာ တွေ့ရတဲ့အတွက် အလေးအနက် ဦးညွတ်ပါကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဟာ မိမိတို့အစိုးရရဲ့ တော်လှန်ရေးတာဝန်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဟာ မိမိတို့အစိုးရရဲ့ တည်ဆောက်ရေးတာဝန် ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလုပ်ငန်းတာဝန်နှစ်ရပ်ကို ထမ်းဆောင်ရာမှာ အနည်းငယ်မှ တွန့်ဆုတ်ဝေဝါးတာ မရှိဘဲ ပြတ်ပြတ်သားသားနှင့် နိုင်ငံရေးသံဓိဌာန်ချပြီး ဆက်လက် လျှောက်လှမ်းသွားမယ်လို့လည်း ပြည်သူလူထုကို ကတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအပြင် မဟာမိတ်တပ်ပေါင်းစုအသွင်နှင့် ရှေ့ဆက်လုပ်ဆောင်နေသလို တော်လှန်ရေးခရီး၊ တည်ဆောက်ရေးခရီးကိုလည်း ဆက်လက်လျှောက်လှမ်းနေပြီး ခက်ခဲကြမ်းတမ်းတဲ့ နိုင်ငံရေး၊ တော်လှန်ရေးလောကဓံတွေ မည်သို့ပင်ကြုံပါစေ ပြည်သူ့ဘက်ကို မျက်နှာမူပြီး ဆက်လက်ချီတက်နေမယ်လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လူထုက အပ်နှင်းတဲ့ တော်လှန်ရေးတာဝန်တွေ ကျေပွန်နိုင်စေဖို့ လူထုက အကြံပေးလမ်းညွှန်တာတွေကို အမျိုးသားညီညွတ်ရေးအစိုးရက အစဉ်တစိုက်ခံယူပြီး တော်လှန်ရေးခရီးကို ရှေ့ဆက်နေသလို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။
========================
📌📌 ၂။ အရပ်သားအုပ်ချုပ်ရေးစနစ်ပြန်ရရေး မြန်မာပြည်သူများကို ကူညီပေးကြဖို့ ကုလအကြီးအကဲ တောင်းဆို
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအုပ်ချုပ်ရေးစနစ် ပြန်လည်ရောက်ရှိစေဖို့အရေး မြန်မာပြည်သူတွေကို ကူညီပေးကြဖို့ ကုလသမဂ္ဂ အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။
ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က အဓမ္မ အင်အားသုံး ဖယ်ရှားခဲ့တာ ၄ နှစ်ပြည့်တဲ့အချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အခုလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဂူတာရက်စ်ရဲ့ သဘောထားကို ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီးကတည်းက ကဏ္ဍပေါင်းစုံမှာ စိုးရိမ်စရာကောင်းလောက်အောင် ယိုယွင်းကျဆင်းလာနေကြောင်း ဖော်ပြထားပါတယ်။
ကုလအကြီးအကဲ ဂူတာရက်စ်က အကြမ်းဖက်မှုမှန်သမျှကို ရှုံ့ချထားပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့နဲ့ လူ့အခွင့်အရေး၊ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းထားပါတယ်။
မြန်မာပြည်သူတွေ ဘေးကင်းလုံခြုံမှုအပါအဝင် အခြေခံနိုင်ငံရေးအခွင့်အရေးတွေ လွတ်လပ်ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်တဲ့ အခြေအနေမရှိတဲ့အပြင် စစ်ကောင်စီက အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ လူ့အခွင့်အရေး ချိုးဖောက်တာတွေကြောင့် ပဋိပက္ခတွေ အရှိန်မြင့်တက်လာနေတဲ့အခြေအနေမှာ ရွေးကောက်ပွဲကျင်းပဖို့ ရည်ရွယ်လုပ်ဆောင်နေတာလည်း စိုးရိမ်တယ်တဲ့အကြောင်း ဂူတာရက်စ်က ၎င်းရဲ့သဘောထားကို ထပ်မံထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင်က လူဦးရေ (၁) သန်းလောက်သာ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် လိုအပ်နေရာက အခုဆိုရင် သန်း (၂၀) ခန့်ထိရှိလာပြီး ဒီအခြေအနေဟာ မြန်မာနိုင်ငံရဲ့ လူသီးရေး သုံးပုံတပုံကျော်နဲ့ ညီမျှတယ် လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသားတွေကို ဆက်လက်ကူညီပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ အာဏာသိမ်း (၄) နှစ်ပြည့်နေ့မှာ စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး မြန်မာပြည်သူတွေနှင့်အတူ ရပ်တည်နေတယ်လို့ အမေရိကန်၊ ဗြိတိန်နှင့် EU အပါအဝင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြေညာ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု (၄) နှစ်ပြည့်တဲ့ ဒီနေ့မှာ စစ်အာဏာရှင်တွေကို ပြင်းပြင်းထန်ထန်ဆုံးရှုတ်ချလိုက်ပြီး မြန်မာပြည်သူများနဲ့အတူ ဆက်လက်ရပ်တည်နေမယ်လို့ အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာအစုအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတို့က စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်နေတဲ့အကြောင်း ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့အချိန်ကစပြီး မြန်မာပြည်သူပြည်သားတွေဟာ သူတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနှင့် ဒီမိုကရေစီ မျှော်လင့်ချက်တွေ ပျောက်ကွယ်ဆုံးရှုံးခဲ့ရပြီး ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်အာဏာရှင်တွေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှု လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုတွေအပါအဝင် ဘာသာရေးနှင့်တိုင်းရင်းသား လူနည်းစုတွေအပေါ် စနစ်တကျ နှိပ်ကွပ်တာ၊ ခွဲခြားဆက်ဆံတာတွေနဲ့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်နေတာကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချတယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊ ဝတ်ပြုရာနေရာများနှင့် ဆေးရုံ၊ဆေးခန်းများကို ပျက်စီးစေခဲ့တယ်လို့လည်း ပါရှိပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ (၂၀၂၁) ခုနှစ်ကထက် (၂၅) ဆနီးပါး တိုးမြင့်လာပြီး တရက်ကို လေကြောင်းတိုက်ခိုက်မှု ပျမ်းမျှ (၃) ကြိမ် ရှိတယ်လို့လည်း အသိပေးထားပါတယ်။
ပဋိပက္ခဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု မြင့်မားလာတာဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေတယ်ဆိုတာကို အထင်းသားပေါ်လွင်စေတယ်လို့ နိုင်ငံအစုအဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့ နိုင်ငံတဝန်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ အပြည့်အဝ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ဖို့နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို အပြည့်အဝ လိုက်နာကျင့်သုံးဖို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်ချက်တွေဟာ (၂၀၂၅) ခုနှစ်မှာဆိုရင် အာဏာသိမ်းပြီးချိန်ကထက် အဆ (၂၀) ပိုမို တိုးမြင့်လာခဲ့ပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံနှင့်ညီမျှတဲ့ (၁၉.၉) သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံ အထောက်အပံ့တွေ လိုအပ်နေတယ်လို့ အသိပေးထားပါတယ်။
ခန့်မှန်းခြေအားဖြင့် (၁၅.၂) သန်းမျှသော မြန်မာပြည်သူတွေ စားနပ်ရိက္ခာထောက်ပံ့မှု လိုအပ်နေပြီး တားဆီးနိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှုနှုန်းဟာလည်း တိုးမြင့်နေတယ်လို့ နိုင်ငံအစုအဖွဲ့ ကြေညာချက်အရ သိရပါတယ်။
ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာပြည်သူအရေအတွက်ဟာ အရင်နှစ်ကထက် (၁) သန်းနီးပါးတိုးမြင့်လာတဲ့ အတွက် စုစုပေါင်း (၃.၅) သန်းကျော်ရှိနေပြီဖြစ်ကာ မြန်မာနိုင်ငံနယ်နိမိတ်ကို ဖြတ်ကျော်တိမ်းရှောင်ထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေ အမြောက်အမြားရှိနေတယ်လို့လည်း အသိပေးထားပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် တရားမဝင်ကုန်သွယ်ခြင်း၊ ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေနှင့် လူကုန်ကူးမှုတွေအပါအဝင် တိုးမြင့်လာတဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကြောင့် မြန်မာပြည်သူအများအပြား ထိခိုက်နစ်နာနေရပြီး အိမ်နီးချင်းနိုင်ငံတွေ အပေါ်မှာလည်း သက်ရောက်မှုရှိစေကာ ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ယခုလက်ရှိ ဖြစ်ပေါ်နေတာတွေဟာ မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘဲ ဒေသတွင်းနိုင်ငံတွေအတွက်ပါ ရေရှည်အကျိုး ဖြစ်ထွန်းစေမှာ မဟုတ်တဲ့အတွက် ယခုအချိန်ဟာ မြန်မာစစ်အာဏာရှင်တွေအနေနှင့် မိမိတို့လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်ပြောင်းလဲသင့်တဲ့အချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူလူထုနှင့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးနေတာတွေအပါအဝင် အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးဖို့နှင့် စစ်မှန်ပြီး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာအစုအဖွဲ့က တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ Yale University မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်
အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာရှိတဲ့ Yale University မှာ ဒီနေ့ ဖေဖော်ဝါရီ (၁) ရက်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ Yale University Council on Southeast Asian Studies ဥက္ကဋ္ဌ Professor Erik Harms ရဲ့ ဖိတ်ကြားချက်အရ Mac Millan Center မှာ သင်တန်းပို့ချခဲ့ပြီး Panel Discussion မှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။။
Yale University အနေနှင့် မြန်မာအရေးကိစ္စနှင့် ပတ်သက်ပြီး ပညာရေးကဏ္ဍမှာ တတပ်တအား အားဖြည့်ပေးလိုတဲ့ ရည်ရွယ်ချက်နှင့် ဒီအစီအစဉ်ကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
ဒီအစီအစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မတရားစစ်အာဏာသိမ်းမှု (၄) နှစ်တာအတွင်း မြန်မာပြည်သူတွေ ကြုံတွေ့ ခဲ့ရတဲ့ အခက်အခဲများနှင့်စိန်ခေါ်မှုများအပါအဝင် (၄) နှစ်တာကာလအတွင်း တိုးတက်လာတဲ့ တော်လှန်ရေးအရွေ့များ၊ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအခန်းကဏ္ဍ၊ တော်လှန်ရေး မျှော်မှန်းအနာဂတ်၊ ရှေ့လမ်းစဉ်များနှင့်တကွ တော်လှန်ရေးအင်အားစုများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ လူသားစာနာအကူအညီပေးအပ်ရေး၊ စစ်တပ်အား ဖြတ် (၃) ဖြတ် လုပ်ဆောင်ပေးရေး၊ စစ်တပ်က စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပါအဝင် စစ်တပ်တရားဝင်မှုအား ဆန့်ကျင်ပေးရေး စတဲ့အချက်များကို နိုင်ငံတကာကို ထပ်လောင်းတောင်းဆိုခဲ့တယ်လို့ တက်ရောက်ခွင့်ရသူတွေက ပြောပါတယ်။
Panel Discussion မှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်အလွန်ကာလနှင့် ပတ်သက်၍ တက်ရောက်လာတဲ့ ကျောင်းသူကျောင်းသားတွေနှင့်အတူ ရှုထောင့်အမျိုးမျိုးကနေ အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်နှစ် မွေးနေ့ SUU 80 Birthday Campaign နှင့် အမှတ်တရပြက္ခဒိန် ထုတ်ဝေမည်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ဖြစ်သူ ကိုထိန်လင်းမှ ဦးစီးပြီး ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် SUU 80 Birthday Campaign ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိပါတယ်။
"ကမ်ပိန်း ရဲ့ရည်ရွယ်ချက်က ရိုးရှင်းလှပါတယ်။ သားဖြစ်သူမှ အမေ့အတွက် အသက် (၈၀) ပြည့်မွေးနေ့ပွဲလေးကို အမေ့ကိုချစ်သည့် မြန်မာပြည်သူပြည်သားများနှင့်အတူတကွ အထိမ်းအမှတ်လေးတစ်ခု ပြုလုပ်ပေးပြီး မွေးနေ့အလှူအဖြစ် မြန်မာပြည်တွင်းမှ လိုအပ်နေသည့် နေရာများအတွက် ဆေးရုံ၊ ဆေးခန်း၊ သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် အစရှိသည်များကို အမေ့ကိုချစ်သော ပြည်သူများနှင့်အတူတူ ထောက်ပံ့ ပေးသွားမည့်ရည်ရွယ်ချက်လေးဖြစ်ပါတယ်။" လို့ ဖော်ပြထားပါတယ်။
ကမ်ပိန်းအတွင်း ပါဝင်တဲ့ အစီအစဉ် (၃) ခုကတော့ ဖေဖေါ်ဝါရီလ (၁၃) ရက်မှ မတ်လ (၂၂) ရက်နေ့ထိ အထိမ်းအမှတ် ပြက္ခဒိန် ထုတ်ဝေရောင်းချခြင်း၊ မေလ (၁) ရက်နေ့မှ ဇွန်လ (၁၉) ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှ မွေးနေ့ဆုတောင်း video များအား စုဆောင်းကာ Guinness World Record Book တွင် စံချိန်ချိုးပြီး လူထုခေါင်းဆောင်ကို ဘယ်လောက်ချစ်ကြောင်း ပြသမည့်အစီအစဉ်နှင့် တတိယအစီအစဉ်အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်း Electronic Birthday Card လေးများအား ဝယ်ယူပြီး မွေးနေ့ဆုတောင်းများကို ရေးသားပေးပို့နိုင်မှာဖြစ်ပါတယ်။ မေလ (၁) ရက်နေ့မှ ဇွန်လ (၁၉) ရက်နေ့ထိ ပေးပို့လာသော ဆုတောင်းများအားလုံးကို ကိုထိန်လင်းမှ သိမ်းထားပြီး အမေ့ကို သူကိုယ်တိုင်ပေးမည့် အစီအစဉ် ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ပထမအစီအစဉ်ဖြစ်တဲ့ မွေးနေ့အမှတ်တရပြက္ခဒိန်ကို ဖေဖေါ်ဝါရီလ (၁၃) ရက် (ဗိုလ်ချုပ်မွေးနေ့) မှာ စတင်ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် Fundraiser များထံတွင် Preorder ဝယ်ယူနိုင်မှာဖြစ်ပြီး အရေအတွက် (၈၀၀၀) သာ ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။
အစီအစဉ် (၂) နှင့် (၃) အတွက်ကိုတော့ နောက်ဆက်တွဲအနေနှင့် ဧပြီလကုန်တွင် စတင်အသိပေးသွားမှာဖြစ်တဲ့အတွက် SUU 80 Birthday Campaign Facebook page ကို like and follow လုပ်ထားပေးကြဖို့ တိုက်တွန်းထားပါတယ်။
========================
========================
🚩🚩 ၁။ တပ်မတော်သားတွေနှင့် တိုင်းပြည်ချစ်စိတ်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ပြည်သူ့ဘက် မျက်နှာမူပြီး စစ်ကောင်စီကို ငြင်းဆန်ကြဖို့ ယာယီသမ္မတ တိုက်တွန်း
နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောရာမှာ ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်စနစ်တခုလုံး အမြစ်ပြတ်ချုပ်ငြိမ်းနိုင်ဖို့အတွက် စစ်အာဏာရှင်ယန္တရားအောက်က တပ်မတော်သားတွေ၊ အမှုထမ်းတွေ အရာထမ်းတွေ ဘက်ပြောင်းပါဝင်မှုဟာ အင်မတန်အရေးကြီးတယ်လို့လည်း ထည့်သွင်း ပြောကြားသွားပါတယ်။
စစ်တပ်ထဲမှာ အကြမ်းဖက်စရိုက်ကိုရွံမုန်းသည့် တပ်မတော်သားစစ်စစ်တွေ များစွာရှိနေသေးကြောင်း၊ ပြည်သူ့ဘက်ကို ရဲဝံ့စွာ ဘက်ပြောင်းလာတဲ့ တပ်မတော်သားတွေနဲ့ အမှုထမ်းအရာထမ်းစစ်ဗိုလ်တွေကို အချိန်မရွေး၊ နေရာမရွေး ကြိုဆိုလက်ကမ်းနေကြရမယ်လို့လည်း ယာယီသမ္မတက ပြည်သူလူထုကို အသိပေးထားပါတယ်။
တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီကို ငြင်းဆန်ပြီး ပြည်သူ့ဘက်ကို မျက်နှာမူကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက မေတ္တာရပ်ခံတိုက်တွန်းလိုက်သလို တော်လှန်ရေးအင်အားစုများအနေနဲ့လည်း စစ်အာဏာရှင်စနစ် ပြိုလဲချိန်အထိ အဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
========================
🚩🚩 ၂။ ကလေးမြို့နယ်က ကျေးလက်ဆေးပေးခန်းနဲ့စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နှင့် ဗုံးကြဲတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ (၉) ဦးသေဆုံးပြီး (၃၀) ခန့် ဒဏ်ရာရ
စစ်ကိုင်းတိုင်း ကလေးမြို့ထဲက ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်နေတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၉) ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ တင်သားရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က မနေ့ ဇန်နဝါရီ (၃၁) ရက် ညနေ (၅) နာရီခွဲဝန်းကျင်မှာ လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ (၉) ဦး သေဆုံးပြီး (၃၀) ဦးဝန်ကျင် ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ကလေးမြို့နယ်ဒေသတွင်းမီဒီယာက ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေပါဝင်နေတဲ့အတွက် ဆေးကုသမှုတွေ ပြုလုပ်ပေးနေပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စောင့်ကြည့်နေရဆဲလို့လည်း ကူညီပေးနေသူတွေက ဆိုပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ဘက်လည်း အကြမ်းဖက်စစ်တပ်နဲ့အတူ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ ရှမ်းနီလက်နက်ကိုင် SNA၊ ကသည်းလက်နက်ကိုင်အဖွဲ့ UNLF တို့နှင့် တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး (၂) ဘက် ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက်စက်ရုံကို (၄၀) မမ ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် ချက်စက်ရုံကို (၄၀) မမ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဦးဆောင်မှုနဲ့ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး - ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့က မနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့ ည (၁၀) နာရီကျော်အချိန်မှာ အဝေးပစ်လောင်ချာ (၇၉) နဲ့ (၄ဝ) မမ ဗုံးသီး (၃) လုံး ထိထိရောက်ရောက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်ဂ
ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူလိုက်တဲ့ (၄) နှစ်ပြည့်အကြွေးကို ထိုက်ထိုက်တန်တန်တောင်းယူလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ (၁) ရက်နေ့ဟာ စစ်အာဏာသိမ်းတာ ၄ နှစ်ပြည့်တဲ့နေ့ဖြစ်ပြီး မနက်အစောပိုင်းကစပြီး ရန်ကုန်မြို့တော်မှာ အကြမ်းဖက်စစ်တပ်က လုံခြုံရေး တင်းကြပ်ထားသလို ရဲကားတွေနဲ့ ကင်းလှည့်နေတာတွေရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကျဆုံးရဲဘော် (၁၃) ဦးရဲ့ မိဘတွေကို ငွေကြေးထောက်ပံ့
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ (၄) နှစ်အတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်၊ ရဲမေများရဲ့ မိဘတွေကို ဒီနေ့ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ပြည်သူလူထုပံ့ပိုးထားတဲ့ ထောက်ပံ့ငွေတွေစုပြီး ထောက်ပံ့ကြေး ပံ့ပိုးပေးခဲ့ပြီး ကန်တော့တောင်းပန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တွေကို အမြစ်ဖြတ်တိုက်ထုတ်ရာမှာ ဆိပ်ဖြူ ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦး ကျဆုံးခဲ့တယ်လို့ သိရသည်။
ဆိပ်ဖြူဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဆိပ်ဖြူမြို့နယ်အခြေစိုက် ပခုက္ကူခရိုင် တပ်ရင်း - ၄၊ တပ်ခွဲ -၂ အဖြစ်နဲ့ စစ်အာဏာရှင်တွေကိုတွန်းလှန်နေတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment